ဇွန် ၂၇၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံရှိ တယ်လီဖုန်းအော်ပရေတာတစ်ခုဖြစ်သော Telenor Myanmar က မိမိတို့မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြ၀တီနှင့် မူဆယ်မြို့များတွင် 4G ကွန်ယက် ၀န်ဆောင်မှုပေးရန် စတင်စမ်းသပ်နေပြီဟု ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီက ပထမဆုံး 4G ကွန်ယက်ဝန်ဆောင်မှုကို ပေးအပ်ထားပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မြို့နယ်အများအပြားနှင့် ဆင်ခြေဖုံးများတွင် အသုံးပြု၍ ရနေပြီဖြစ်သည်။
တယ်လီနောမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဂျိုအာချင်း ရာဂျာရမ်ကမူ 4G တရားဝင်ဝန်ဆောင်မှုပေးမည့် အချိန်အတိအကျကို ထုတ်ပြန်ဖော်ပြကြားခဲ့ခြင်း မရှိသော်လည်း လာမည့်နွေရာသီတွင် ပေးအပ်နိုင်မည်ဟု ဂျပန်သတင်းဌာနတစ်ခုက တယ်လီနော စီအီးအို ပတ္တာ ဖာရ်ဘာ့ဂ်၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။
နိုင်ငံတော်ပိုင် MPT ကလည်း မိမိတို့အနေဖြင့် 4G ကွန်ယက်ကို အဆင့်သင့်ဖြစ်သည့် အချိန်တွင် ၀န်ဆောင်မှုပေးသွား မည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ကြေငြာခဲ့သည်။ အော်ရီဒူး၏ 4G ကွန်ယက်မှာ အင်တာနက်ဒေတာဝန်ဆောင်မှုဖြင့် စတင်ခဲ့ပြီး တယ်လီနောနှင့် MPT တို့ကလည်း ထိုကဲ့သို့ပင် စတင်မည့်အခြေအနေ ရှိနေသည်။
Ref: mmtimes