News @ M-Media

Blog

  • အမေရိကန်ရှိ အစွန်းရောက်များ၏ အင်အားပြပွဲတွင် ဓားထိုးမှု ဖြစ်ပွား

    အမေရိကန်ရှိ အစွန်းရောက်များ၏ အင်အားပြပွဲတွင် ဓားထိုးမှု ဖြစ်ပွား

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    white

    – ကယ်လီဖိုးနီးယားပြည်နယ် ဆာခရာမန်တိုမြို့မှာ ပြုလုပ်ခဲ့တဲ့ နာဇီဝါဒထောက်ခံသူ လူဖြူအစွန်းရောက်များရဲ့ အင်အားပြမှုအတွင်း ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးလောက် ဓားထိုးခံခဲ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ဆာခရာမန်တိုမီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ခရစ်ဟာဗေးက ဒဏ်ရာရသူ အနည်းဆုံး ၇ ဦးခန့်ဟာ ဓားထိုးဒဏ်ရာများ ရရှိခဲ့တာဖြစ်ပြီး နှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေရှိကာ နောက်ထပ် ၉ ယောက်ကိုတော့ ဆေးရုံတင်လိုက်ရတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်နှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက်တွေရဲ့ အဲဒီ အင်အားပြလမ်းလျှောက်ပွဲမှာ၊ နာဇီဆန့်ကျင်သူအုပ်စု ရာပေါင်းများစွာနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး၊ မျက်မြင်သက်သေတွေရဲ့ ပြောကြားမှုအရ ရုန်းရင်းဆန်ခတ်မှုဟာ မိနစ် ၂၀ လောက်ကြာခဲ့ကာ ရဲတပ်ဖွဲ့က အင်အားသုံး နှိမ်နှင်းမှသာ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

    ချီတက်ပွဲကို လူဖြူလူမျိုးကြီးဝါဒီအဖွဲ့လို့ ကိုယ်တိုင် သတ်မှတ်ထားတဲ့ TWP ပါတီက စီစဉ်ခဲ့တာဖြစ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ဆန့်ကျင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ အခြားသော လူဖြူအစွန်း ရောက်အုပ်စုတွေလည်း ပါဝင်ခဲ့ပါတယ်။

    Ref : Presstv

  • နိုင်ငံအသင်းအတွက် ပြန်ကစားပေးရန် မက်ဆီကို သမ္မတကိုယ်တိုင် ဖျောင်းဖျ

    နိုင်ငံအသင်းအတွက် ပြန်ကစားပေးရန် မက်ဆီကို သမ္မတကိုယ်တိုင် ဖျောင်းဖျ

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    messi

    – ကိုပါအမေရိကဖလား ဗိုလ်လုပွဲတွင် ချီလီအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတကာ ဘောလုံးသမားဘ၀မှ အနားယူသွားခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီးအား အာဂျင်တီးနားသမ္မတ မော်ရီစီယို မာဆရီက ဆက်သွယ်ကာ ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် ဖျောင်းဖျခဲ့သည်ဟု သိရသည်။

    အာဂျင်တီးနားမှာ ယမန်နေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ကိုပါအမေရိကဖိုင်နယ်တွင် ချီလီအသင်းအား ၂ ကြိမ်ဆက် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် မက်ဆီကမူ မိမိ၏ နိုင်ငံတကာ ကစားသမားဘ၀မှာ ပြီးဆုံးသွားပြီဟု ထိုပွဲအပြီးတွင် ကြေငြာခဲ့သည်။

    မက်ဆီ၏ ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်ရန်အတွက် အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာအပါအ၀င် လူအများအပြားက တိုက်တွန်းခဲ့ကြပြီး ထိုအထဲတွင် သမ္မတ မာဆရီလည်း ပါဝင်ခဲ့သည်။

    “သမ္မတကြီးအနေနဲ့ မက်ဆီကို ဖုန်းခေါ်ခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်မှုအတွက် သူ့အနေနဲ့ ဂုဏ်ယူရကြောင်း၊ ဝေဖန်မှုတွေကို နားယောင်ဖို့မလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မော်ရီစီယို မာဆရီမှာ မက်ဆီကိုထောက်ခံအားပေးကြောင်း Twitter စာမျက်နှာတွင်လည်း ရေးသားခဲ့သည်။

    Ref: Goal

  • မြန်မာတစ်ဦးအား လုယက်တိုက်ခိုက်သည့် နိုင်ငံသားကို မလေးက ထောင် ၈ နှစ်ချ

    မြန်မာတစ်ဦးအား လုယက်တိုက်ခိုက်သည့် နိုင်ငံသားကို မလေးက ထောင် ၈ နှစ်ချ

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    malay

    – မြန်မာနိုင်ငံသားတစ်ဦးကို လုယက်ရန် ကျူးလွန်မှုနှင့် အပြင်းအထန်နာကျင်စေမှုဖြင့် စားသောက်ဆိုင်လုပ်သားတစ်ဦးအား မလေးတရားရုံးက ထောင် ၈ နှစ်နှင့် ကြိမ်ဒဏ် ၁ ချက် ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ပြစ်ဒဏ်ချမှတ်ခံရသူမှာ မလေးနိုင်ငံသား အသက် ၂၉ နှစ်အရွယ် အေရီယာဇွလ်ဖာကာရ် ဇာကာရီယာဆိုသူဖြစ်ပြီး ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်နှင့်ပတ်သက်၍ စက်ရှင်တရားသူကြီး အေဇီယန် အွသ်မန်က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    အေရီယာဇွလ်ဖာကာရ်မှ ၂၀၁၆ ခုနှစ် မေလ ၂၈ ရက်နေ့ မနက် ၇ နာရီ ခွဲတွင် ကွာလာလာမ်ပူမြို့ ချရက်စ်မြို့နယ်ရှိ ဘန်ဒါဆရီ ပါရ်မိုင်ဆူရီတွင် ရှိနေသော ဆိုက်ဘာကဖေးတွင် ဓားပြတိုက် လုယက်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ ထိုကျူးလွန်မှုအတွင်း မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို ထိခိုက်နာကျင်စေခဲ့ပြီး ၁၃ ချက် ချုပ်ခဲ့ရသည်။

    သေစေရန် သို့မဟုတ် အပြစ်အထန်းနာကျင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သည့် အဆိုပါဓားပြတိုက်မှုအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၅/၃၉၇ ဖြင့် အေရီယာဇွလ်ဖာကာရ်ကို တရားစွဲဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

    ကျူးလွန်သူကမူ မိမိ၏လုပ်ရပ်အတွက် နောင်တရနေကာ အနည်းဆုံးပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုခဲ့သော်လည်း တရားလို ရဲအရာရှိ မိုဟာမက် ဖဒ်ဟ်လီ မိုဟာမက် ဇမ်မရီက အေရီယာဇွလ်ဖာကာရ်မှာ ဖွန်လ ၂၀ ရက်နေ့ သွားရောက်ဖမ်းဆီးရာတွင် ပြန်လည်ခုခံခဲ့သည့်အတွက် ၎င်းမှာ နောင်တရခြင်းမရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် တောခုတ်ဓားကိုင်ဆောင်ကာ မြန်မာနိုင်ငံသားအား နာကျင်စေမှုအတွက်လည်း ကြီးလေးသောအပြစ်ပေးရန် တောင်းဆိုခဲ့သည်။

    Ref: The Star

  • ဂျာမန်လေကြာင်းလိုင်းတစ်ခုက လေပေါ်တွင် ၀ိုင်ဖိုင်ဝန်ဆောင်မှုပေးမည်

    ဂျာမန်လေကြာင်းလိုင်းတစ်ခုက လေပေါ်တွင် ၀ိုင်ဖိုင်ဝန်ဆောင်မှုပေးမည်

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    german

    – ဂျာမနီ နာမည်ကြီးလေကြောင်းလိုင်းတစ်ခုဖြစ်သော Lufthansa မှာ လာမည့် အောက်တိုဘာလမှစတင်ကာ ဂြိုဟ်တုစနစ်အသုံးပြု၍ ခရီးတိုပျံသန်းမှုများတွင် wi-fi ၀န်ဆောင်မှုပေးသွားမည်ဟု သိရသည်။

    ယမန်နေ့က ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ခရီးသည်များက လေပေါ်တွင် အင်တာနက်ဝန်ဆောင်မှုရရန် တောင်းဆိုမှု မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ Lufthansa မှာ အဆိုပါ ၀ိုင်ဖိုင်ဝန်ဆောင်မှုကို Inmarsat နှင့်၏ Global Xpress တို့နှင့်ပူးပေါင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

    Lufthansa လေကြောင်းလိုင်းကမူ ၎င်းတို့မှာ A320 လေယာဉ်အုပ်များတွင် အဆိုပါ ၀ိုင်ဖိုင်ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် နှစ်အလယ်တွင် ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် လေကြောင်းလိုင်းအတွင်းရှိ လေယာဉ်များအားလုံး ရရှိအောင် ဆောင်ရွက်မည်ဟု ဆိုသည်။

    အဆိုပါလေကြောင်းလိုင်းမှာ လက်ရှိတွင် အချို့ ခရီးရှည်များ၌ Broadband ၀န်ဆောင်မှု ပေးထားသည်။ ယခုနောက်ပိုင်းတွင် လေကြောင်းခရီးစဉ်များ၌ အင်တာနက်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် လေကြောင်းလိုင်းများက အပြိုင်အဆိုင် ကြိုစားလာကြသည်။

    Ref: Channelnewsasia

  • ဂျာမနီနှင့်ပွဲတွင် ပို၍ အားထုတ်ရမည်ဟု အီတလီနည်းပြ ပြော

    ဂျာမနီနှင့်ပွဲတွင် ပို၍ အားထုတ်ရမည်ဟု အီတလီနည်းပြ ပြော

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    conte

    – ယူရို ၁၆ သင်း ရှုံးထွက်ပွဲတွင် မိမိတို့မှာ ကမ္ဘာ့အကောင်းဆုံးထဲမှ တစ်သင်းကို အနိုင်ရခဲ့သော်လည်း ကွာတားဖိုင်နယ် ဂျာမနီနှင့်ပွဲတွင် ပိုမို၍ ကြိုးပမ်းအားထုတ်သွားရမည်ဟု အီတလီနည်းပြ ကွန်တီက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် လက်ရှိချန်ပီယံ စပိန်နှင့်ပွဲတွင် အီတလီမှာ ဂျော်ဂျီယို ချီလီနီ၊ ဂါဇီယာနို ပဲလီတို့၏ ဂိုးများဖြင့် အနိုင်ရခဲ့သည်။ ကွန်တီကမူ ထိုပွဲတွင် ကစားသမားများ၏ အားထုတ်ကြိုးပမ်းမှုများအတွက် ချီးကျူးပြောဆိုခဲ့သည်။

    “အသင်းကိုတာဝန်ယူပြီးကတည်းက ကျွန်တော် အမြဲတမ်းပြောလေ့ရှိတာက အောင်မြင်မှုရယူနိုင်ဖို့ဆိုရင် အမှတ်ပေးပြိုင်ပွဲမှာကစားတဲ့ ကလပ်အသင်းလိုဖြစ်အောင် ကြိုးစားရမယ်ဆိုတာပါပဲ။ ကစားသမားတွေရဲ့ စွမ်းဆောင်မှုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ၁ လကျော်လောက် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရပြီး၊ ကြီးကျယ်တဲ့အရာတွေလုပ်နိုင်ခဲ့သလို လူတိုင်းကိုလည်း အံ့သြစေခဲ့ပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    ထို့ပြင် စပိန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းများမှ တစ်သင်းဖြစ်ပြီး၊ အံ့သြစရာကောင်းသည့် ကစားသမားများ ရှိနေကြာင်း၊ စနေနေ့တွင်ကစားမည့် ဂျာမနီနှင့်ပွဲတွင် ယခုထက်ပိုမို၍ ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal