News @ M-Media

Blog

  • အင်ဒိုတွင် လူတစ်ဦး ဟဂ်ျပြုခွင့်ရရန် ၃၇ နှစ် စောင့်ရမည်

    အင်ဒိုတွင် လူတစ်ဦး ဟဂ်ျပြုခွင့်ရရန် ၃၇ နှစ် စောင့်ရမည်

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    haj

    – အင်ဒိုနီးရှားနိုင်ငံက ဟဂ်ျဘုရားဖူးခရီးသွားဖို့ စောင့်ဆိုင်းနေရတဲ့စာရင်းမှာ လူပေါင်း ၂.၃ သန်းလောက်ရှိနေပြီး လူတစ်ယောက် ဟဂ်ျဘုရားဖူးခရီးသွားနိုင်ဖို့အတွက် ၃၇ နှစ်လောက် စောင့်ရဖို့ရှိနေတယ်လို့ အင်ဒိုနီးရှား ဟဂ်ျနဲ့ အွမ္မရာဆိုင်ရာ ဥက္ကဌ အက်စ်မိုရိုက ပြောကြားလိုက်ပါတယ်။

    အစ္စလာမ်ဘာသာဝင် သန်း ၂၂၀ ရှိတဲ့ အင်ဒိုနီးရှားဟာ ကမ္ဘာ့မွတ်စလင်အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်တာနဲ့အညီ ဟဂ်ျပြု လုပ်လိုတဲ့ ပမာဏ ကြီးမားမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အက်စမိုရိုကတော့ ဟဂ်ျပြုလိုသူတွေအနေနဲ့ အစိုးရရဲ့ ဟဂ်ျပြုခွင့်ရသူစာရင်းထဲမှာ ပါဝင်ဖို့ သူတို့ရဲ့ အမည်တွေကို စာရင်းသွင်းထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    “ဟဂ်ျပြုခွင့်ရဖို့စောင့်ရတဲ့ ပျှမ်းမျှကြာချိန်ဟာ ၃၇ နှစ်လောက်ရှိပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းပြီး သိပ်စောင့်စရာမလိုတဲ့ အွမ္မရာကို လျှောက်ထားသူ ပိုများလာပါတယ်”

    အင်ဒိုနီးရှားမှာ ခရီးသွားအေဂျင်စီပေါင်း ၃၅၀၀ လောက်ရှိပေမယ့် အဲဒီအထဲကမှ ၆၆၈ ခုသာ အွမ္မရာခရီးစဉ် ၀န်ဆောင်မှုပေးဖို့အတွက် ခွင့်ပြုချက်ရထားတယ်လို့ အက်စ်မိုရိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဟဂ်ျခရီးစဉ်ဝန်ဆောင်မှုပေးဖို့ ဆော်ဒီ ဟဂ်ျနဲ့ အွမ္မရာဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ခရီးသွားအေဂျင်စီတွေကတော့ ၂၀၀ လောက်သာရှိပါတယ်။

    Ref: IINA

  • ဘရာဇီးလ်ရှိ ဓာတ်ခွဲခန်းတစ်ခုကို တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က လက်မှတ်ရုတ်သိမ်း

    ဘရာဇီးလ်ရှိ ဓာတ်ခွဲခန်းတစ်ခုကို တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က လက်မှတ်ရုတ်သိမ်း

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    brazil

    – အားကစားသမားများတွင် တားမြစ်ဆေးသုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေးရာ၌ နိုင်ငံတကာစံနှုန်းများကို လိုက်နာမှုမရှိသောကြောင့် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ တားမြစ်ဆေး စမ်းသပ်ရေး ဓာတ်ခွဲခန်းတစ်ခုအား ကမ္ဘာ့ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ WADA က အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    ဘရာဇီးလ်အိုလံပစ်ပြိုင်ပွဲကျင်းပရန် ၁ လသာ လိုတော့သည့်အချိန်တွင် ထိုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းမှာ ဘရာဇီးလ် အားကစားလောကအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။ ယခု အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခံခဲ့ရသည့် ဓာတ်ခွဲခန်းမှာ ရီယိုဒီဂျနေရိုး ပြည်ထောင်စုတက္ကသိုလ်တွင် ရှိသည့် ဓာတ်ခွဲခန်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား မတိုင်ခင်ကလည်း ထိုကဲ့သို့ တစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။

    WADA ကမူ အခြားသော ဓာတ်ခွဲခန်းများတွင် ကစားမားများအား စမ်းသပ်စစ်ဆေးရန် စီစဉ်ထားခြင်းကြောင့် ယခုကိစ္စမှာ အိုလံပစ်ပြိုင်ပွဲကို ထိခိုက်မည်မဟုတ်ချေ။ ယခုကဲ့သို့ အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခံရခြင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာ အမှားအယွင်းများကြောင့် တားမြစ်ဆေးသုံးစွဲသည်ဟု ရလဒ်ထွက်ပေါ်မှုက အဓိက အကြောင်းအရင်းဖြစ်မည်ဟု WADA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    ဓာတ်ခွဲခန်းကမူ WADA မှ နည်းပညာရေးရာအဖွဲ့ လာရောက်စစ်ဆေးပြီးနောက်ပိုင်း ဇူလိုင်လတွင် ပြန်လည်ဝန်ဆောင်မှုပေးသွားမည်ဟု ကြေငြာခဲ့သည်။ အိုလံပစ်ပြိုင်ပွဲမှာ သြဂုတ်လ ၅ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

    အဆိုပါ ဓာတ်ခွဲခန်းမှာ ယခုနှစ်တွင် ဘရာဇီးလ် အိုလံပစ်အသင်းနှင့် ထိပ်တန်းဘောလုံးပြိုင်ပွဲများ အပါအ၀င် သွေးနှင့် ဆီနမူနာပေါင်း ၂၀၀၀ ခန့်ကို စစ်ဆေးခဲ့သည်။ မှားယွင်းမှုမှာမူ ဓာတ်ခွဲခန်းများ၏ စွမ်းဆောင်ရည် သို့မဟုတ် စစ်ဆေးမှုတွင် လွဲချော်ချက် စသဖြင့် မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်ပွားသည်ကို အတိအကျ မသိရှိရပေ။

    Ref : Channelnewsasias

  • ဆီးရီးယား ဒုက္ခသည်များ အတွက် ဥရောပသမဂ္ဂက ဒေါ်လာ ၂၂၆ သန်းဖိုး စီမံကိန်းများ ဆောင်ရွက်ပေးမည်

    ဆီးရီးယား ဒုက္ခသည်များ အတွက် ဥရောပသမဂ္ဂက ဒေါ်လာ ၂၂၆ သန်းဖိုး စီမံကိန်းများ ဆောင်ရွက်ပေးမည်

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    syria

    – အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ရေးအတွက် တူရကီ၊ ဂျော်ဒန်နဲ့ လက်ဘနွန်နိုင်ငံတွေမှာ ကန်ဒေါ်လာ ၂၂၆ သန်းကျော် တန်ဖိုးရှိတဲ့ စီမံကိန်းတွေကို ဆောင်ရွက်သွားမယ်လို့ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။

    အခုတစ်ပတ်အတွင်း ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြလိုက်တာဖြစ်ပြီး ဥရောပသမဂ္ဂ ဒေသဆိုင်ရာ အဖွဲ့အစည်းရံပုံငွေကနေ ထုတ်နှုတ်သုံးစွဲမယ့် အဲဒီစီမံကိန်းတွေဟာ ဆီးရီးယားဒုက္ခသည် ၁ သန်းလောက်ကို ထောက်ပံ့ပေးသွားနိုင်မယ်လို့လည်း ဆိုပါတယ်။

    တူရကီနိုင်ငံမှာရှိတဲ့ ဆီးရီးယားကလေးငယ်တွေအတွက် စာသင်ကျောင်းဆောက်လုပ်မှုနဲ့ အဆင့်မြင့်ပညာရေးအပါအ၀င် ပညာရေးထောက်ပံ့ငွေ ဒေါ်လာ ၁၈၇ သန်း သုံးစွဲမှာဖြစ်ပြီး တူရကီတောင်ပိုင်းမှာ သောက်ရေနဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ အဆောက်အဦးတွေ တည်ဆောက်ပေးဖို့လည်း အဲဒီစီမံကိန်းတွေမှာ ပါဝင်ပါတယ်။

    ဂျော်ဒန်မှာတော့ ဒေါ်လာ ၂၄ သန်းကို ရေအရင်းအမြစ်ရရှိဖို့ အသုံးပြုမှာဖြစ်ကာ၊ နောက်ထပ် ဒေါ်လာ ၁၇ သန်းကို ဂျော်ဒန်နဲ့လက်ဘနွန်တို့ကို ဆီးရီးယားကနေ ရောက်လာတဲ့ ပါလက်စတိုင်းဒုက္ခသည်ထောင်ပေါင်းများစွာရဲ့ ပညာရေးနဲ့ ငွေကြေးအကူအညီတွေအတွက် သုံးစွဲမှာဖြစ်ပါတယ်။

    “ရန်ပုံငွေတွေဟာ တူရကီ၊ ဂျော်ဒန်နဲ့ လက်ဘနွန်မှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခွင့်မရတဲ့ ဒုက္ခသည်သန်းပေါင်းများစွာအတွက် အဓိကဦးစားပေးတာ ဖြစ်ပါတယ်။ ဒုက္ခသည်ကလေးတွေအားလုံး နောက်နှစ်မှာ ကျောင်းတက်နိုင်စေဖို့လည်း ရည်ရွယ်ပါတယ်” လို့ ဥရောပ အိမ်နီးချင်းမူဝါဒရေးရာ ကော်မရှင်နာမင်းကြီး ဂျိုဟန်နတ်စ် ဟန်းက ပြောကြားခဲ့ပါတယ်။

    အခုဆောင်ရွက်မယ့် စီမံကိန်းတွေဟာ ၂၀၁၆ ခုနှစ်အတွင်း ဥရောပက ဆီးရီးယားဒုက္ခသည်တွေအတွက် ကန်ဒေါ်လာ ၃.၄ ဘီလီယံထောက်ပံ့သွားမယ်ဆိုတဲ့ ကတိက၀တ်ရဲ့ နောက်ဆုံးပေးအပ်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

    Ref : IINA

  • ဗြိတိန်၏ ဥရောပသမဂ္ဂမှထွက်ရေး ဂယက်ကြောင့် ဈေးကွက် မတည်မငြိမ်ဖြစ်နေ

    ဗြိတိန်၏ ဥရောပသမဂ္ဂမှထွက်ရေး ဂယက်ကြောင့် ဈေးကွက် မတည်မငြိမ်ဖြစ်နေ

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    sterling

    – ဗြိတိန်က ဥရောပသမဂ္ဂမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့မှုမှာ ကမ္ဘာ့ဈေးကွက်ကို ကြီးကြီးမားမား ရိုတ်ခတ်မှုရှိခဲ့ပြီး ယမန်နေ့က စတော့ဈေးကွက်၊ ရေနံဈေးကွက်များတွင် သိသိသာသာ ကျဆင်းမှုများနှင့် ကြုံတွေ့ခဲ့ရကာ စတာလင်ပေါင်မှာလည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့သည်။

    အမေရိကန်စတော့ဈေးကွက် Dow တွင် ယမန်နေ့က ၆၁၀.၃၂ ပွိုင့် (၃.၃၉ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး ၁၇၄၀၀.၇၅ ပွိုင့် ရှိခဲ့သည်။ ထိုသို့ကျဆင်းမှုမှာ ၅ နှစ်နီးပါးအတွင်း အကြီးမားဆုံး ကျဆင်းမှုလည်းဖြစ်သည်။ S&P 500 တွင်မူ ၇၆.၀၂ (၃.၆၀ ရာခိုင်နှုန်း) ကျဆင်းကာ ၂၀၃၇.၃၀ ပွိုင့်၊ Nasdaq Composite Index တွင် ၂၀၂.၀၆ (၄.၁၂ ရာခိုင်နှုန်း) ကျကာ ၄၇၀၇.၉၀ ပွိုင့် အသီးသီးရှိခဲ့သည်။

    စတာလင်ပေါင်မှာလည်း ယမန်နေ့က သိသိသာသာကျဆင်းခဲ့ပြီး ဈေးကွက်မတည်မငြိမ်ဖြစ်သည့်အချိန်တွင် အာမခံချက်ရှိသော ငွေကြေးဖြစ်သည့် ဂျပန်ယန်းကမူ တက်လာခဲ့သည်။

    “စတာလင်ပေါင် တန်ဖိုးကျမှုဟာ မပြီးသေးပါဘူး။ ဘာ့ကြောင့်လည်းဆိုတာ့ ဥရောပသမဂ္ဂကနေ ဗြိတိန် ခွဲထွက်ဖို့ ဆုံးဖြတ်တာဟာ ပြဿနာရဲ့ အစပဲရှိသေးပြီး အဆုံးမဟုတ်သေးပါဘူး” ဟု ဈေးကွက်ပညာရှင်တစ်ဦးဖြစ်သူ ကေသီ လီယန်က ပြောကြားခဲ့သည်။

    ယူကေ၏ စီးပွားရေး အချက်အလက်များ ထွက်ရန် မရှိသေးသောကြောင့် လာမည့်တစ်ပတ်တွင်လည်း စတာလင်ပေါင်မှာ ထပ်မံကျဆင်းဖွယ်ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဥရောပမှခွဲထွက်ရေး ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဗြိတိန်၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များကိုလည်း ပယ်ဖျက်ခဲ့သည်။

    ရေနံဈေးနှုန်းမှာ ယမန်နေ့က ၅ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ပြီး West Texas Intermediate တွင် ၂.၄၇ ဒေါ်လာ ကျခဲ့ကာ တစ်စည်ကို ၄၇.၆၅ ဒေါ်လာ ရှိခဲ့သည်။ လန်ဒန်ရှိ Brent North Sea တွင်မူ ၂.၅၀ ဒေါ်လာ ကျဆင်းခဲ့ပြီး တစ်စည်ကို ၄၈.၄၁ ဒေါ်လာ ရှိနေသည်။

    “စီးပွားရေးကျဆင်းရင် ရေနံဈေးကလည်း ကျပါတယ်။ ယူကေက အီးယူကနေထွက်တော့ ဥရောပစီးပွားရေး ကျဆင်းမယ်ဆိုတဲ့ စိုးရိမ်မှုတွေက မြင့်တက်လာခဲ့ပါတယ်” ဟု WTRG Economics မှ စီးပွားရေးပညာရှင် ဂျိမ်းစ် ၀ီလီယံက ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ရော်နယ်ဒိုအား ရပ်တန့်ခဲ့သည့် အတွေ့အကြုံဖြင့် ဘေးလ်အား ရပ်တန့်မည်ဟု အိုနေးလ်ပြော

    ရော်နယ်ဒိုအား ရပ်တန့်ခဲ့သည့် အတွေ့အကြုံဖြင့် ဘေးလ်အား ရပ်တန့်မည်ဟု အိုနေးလ်ပြော

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    bale

    – မိမိတို့အသင်းမှာ ရော်နယ်ဒိုအား ရပ်တန့်နိုင်ခဲ့သည့် အတွေ့အကြုံများဖြင့် ရှုံးထွက်အဆင့်တွင် ဘေးလ်အား ရပ်တန့်သွားမည်ဟု မြောက်အိုင်ယာလန်နည်းပြ မာတင်အိုနေးလ်က ပြောကြားလိုက်သည်။

    ယနေ့တွင် စတင်ကစားမည့် ယူရို ၂၀၁၆ ရှုံးထွက် ၁၆ သင်းအဆင့်တွင် မြောက်အိုင်ယာလန်အသင်းမှာ ဝေးလ်နှင့်တွေ့ဆုံနေသည်။ ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေလ်းမှာ အုပ်စုပွဲ ၃ ပွဲစလုံးတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဝေးလ်မှာလည်း မြောက်အိုင်ယာလန်ကိုကျော်ကာ နောက်တစ်ဆင့်တက်မည်ဟု ရေပန်းစားနေသည်။

    အိုနေးလ်ကမူ မိမိမှာ ရော်နယ်ဒိုအား ရင်ဆိုင်နိုင်ခဲ့သည့် အတွေ့အကြုံရှိနေပြီး ဝေးလ်နှင့်ပွဲတွင်လည်း ဘေးလ်အား ထိန်းချုပ်ရမည်ဟု ပြောကြားခဲ့သည်။

    “ဂါရက်ဘေးလ်ဟာ ဝေးလ်ရဲ့ ကျော်ကြားတဲ့ကစားသမားတစ်ဦးပါ။ သူဘာလဲဆိုတာနဲ့ သူ့ရဲ့စွမ်းရည်တွေကို ဒီပြိုင်ပွဲမှာ ပြသခဲ့ပြီးပါပြီ။ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော် အရင်က စမ်းသပ်ခံရမှုတွေ ရှိခဲ့ပါတယ်။ ရော်နယ်ဒိုကို ရင်ဆိုင်ရတာမျိုးပါ။ ဒါ့ကြောင့် ဒီလိုကစားသမားမျိုးကို ပွဲချိန်တစ်လျှောက်လုံးမှာ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ အုပ်စုအဖွင့်ပွဲစဉ် ပိုလန်နဲ့ပွဲမှာ လီဝန်ဒေါ့စကီးနဲ့လည်း ကြုံခဲ့ပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ ကစားသမားကောင်းတွေနဲ့ ရင်ဆိုင်ရတာ ဓမ္မတာပါပဲ” ဟု အိုနေးလ်က ပြောကြားခဲ့သည်။

    Ref: Goal