ဇွန် ၂၅၊ ၂၀၁၆
M-Media
– အုပ်စုအဆင့် စွမ်းဆောင်ရည်မှာ ချီးကျူးစရာမကောင်းခဲ့သော်လည်း မိမိတို့အသင်းမှာ စပိန်အသင်းထက်ပို၍ လွယ်ကူမည့် အသင်းမဟုတ်ဟု ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ခရိုအေးရှားအား သတိပေးပြောကြားလိုက်သည်။
ပေါ်တူဂီမှာ အုပ်စု ၃ ပွဲစလုံး သရေကျခဲ့ပြီး အကောင်းဆုံး တတိယဖြင့်သာ နောက်တစ်ဆင့်တက်နိုင်ခဲ့ကာ ၁၆ သင်းအဆင့် ရှုံးထွက်တွင် ခရိုအေးရှားနှင့် တွေ့ဆုံနေသည်။ ဆန်းတို့စ်ကမူ မိမိတို့မှာ ထိုအခြေအနေကို မစဉ်းစားတော့ဟု ဆိုသည်။
“အခုရှုံးထွက်ဆင့်ရောက်နေပါပြီ။ ဒီပွဲတွေနဲ့ အုပ်စုပွဲတွေကို သွားယှဉ်လို့မရပါဘူး။ ဒါဟာ တခြားစီပါပဲ။ ကျွန်တော်တို့ အုပ်စုဗိုလ် ဖြစ်ချင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နောက်တစ်ဆင့်တက်ဖို့သာ အခရာကျခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ အနိုင်ကစားရပါတော့မယ်။ ကျွန်တော်တို့လည်း ဒီလိုပဲဖြစ်ချင်တာပါ။ ကျွန်တော်တို့ဟာ အင်မတန်တောင့်တင်းတဲ့အသင်းနဲ့ ရင်ဆိုင်နေရတယ်။ သူတို့လည်း ကျွန်တော်တို့လို့ ဖြစ်ချင်မှာပါပဲ” ဟု ဆန်းတို့စ်က ဆိုသည်။
အုပ်စုနောက်ဆုံးပွဲတွင် ခရိုအေးရှားမှာ စပိန်ကို အနိုင်ကစားနိုင်ခဲ့သော်လည်း ပေါ်တူဂီမှာ စပိန်ထက် ပိုလွယ်မည့်အသင်းမဟုတ်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“ခရိုအေးရှားနဲ့ပွဲက ပိုလွယ်မလားလို့မေးရင် – သူတို့ဟာ အံ့သြလောက်တဲ့အသင်းပါ။ စပိန်နဲ့ပွဲမှာ သူတို့ တော်တော်လေး ကောင်းခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း တောင့်တင်းတဲ့အသင်းတစ်သင်းပါပဲ။ နှစ်သင်းစလုံးဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေကြပါတယ်။ ကျွန်တော်ကလည်း ပေါ်တူဂီနိုင်မယ်လို့သလို ခရိုအေးရှားနည်းပြလည်း သူတို့နိုင်မယ်လို့ ထင်နေမှာပါပဲ”
Ref : Goal