News @ M-Media

Blog

  • ယူရိုကျရှုံးမှုအပြီး အင်္ဂလန်နည်းပြ ရာထူးမှ နှုတ်ထွက်

    ယူရိုကျရှုံးမှုအပြီး အင်္ဂလန်နည်းပြ ရာထူးမှ နှုတ်ထွက်

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    england 3

    – ယနေ့မနက်က ကစားခဲ့သည့် ယူရို ၁၆ သင့်အဆင့် ရှုံးထွက်ပွဲတွင် အိုက်စလန်အသင်းအား အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရပြီးနောက် အင်္ဂလန်အသင်းနည်းပြ ရွိုင်ဟဒ်ဆန်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။

    ထိုပွဲတွင် အင်္ဂလန်မှာ ပွဲအစ ၄ မိနစ်မှာပင် ဦးဆောင်ဂိုး ရခဲ့သော်လည်း ၂ မိနစ်သာ ခံခဲ့ပြီး ချေပဂိုး ပြန်ပေးခဲ့ရသည်။ ထို့နောက် ၁၉ မိနစ်တွင် အိုက်စလန်အား အနိုင်ဂိုးထပ်ပေးခဲ့ရကာ နောက်ပိုင်းပွဲချိန်များတွင် ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း လိုအပ်သည့်ဂိုးများကို မရရှိခဲ့ပေ။

    ၂၀၁၂ ခုနှစ်မေလတွင် အင်္ဂလန်အသင်းနည်းပြတာဝန်ကို ရယူခဲ့သည့် ဟဒ်ဆန်ကမူ ရလဒ်အတွက် စိတ်ပျက်မိသည်ဟု ဆိုသည်။

    “ဒီညရလဒ်အတွက် ကျွန်တော် တော်တော်လေး စိတ်ပျက်သလို ပြိုင်ပွဲကနေ ထွက်ရတဲ့အတွက် ပိုတောင် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ထင်ထားတဲ့ အတိုင်းအတာအထိ အသင်းက တိုးတက်မှု မရှိခဲ့ပါဘူး။ ပြီးတော့ ဒီလိုအခြေအနေမျိုးဟာ လုံးဝ လက်မခံနိုင်စရာပါပဲ။ ကျွန်တော် အသင်းမှာ နောက်ထပ် ၂ နှစ်လောက် နေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ တာဝန်ယူတတ်သူတစ်ယောက်ဖြစ်ပြီး၊ ရလဒ်တွေပေါ်မူတည်တဲ့ အလုပ်လုပ်နေတယ်ဆိုတာကိုလည်း သိပါတယ်။ အခုအချိန်ဟာ ဒီ ငယ်ရွယ်ပြီး၊ ပါရမီရှိတဲ့၊ အောင်ပွဲကို ဆာလောင်မွတ်သိပ်နေတဲ့ ကစားသမားတွေ တိုးတက်မှုကို ကြီးကြပ်ဖို့ အခြားတစ်ယောက် လိုနေတဲ့အချိန်ဖြစ်ပါတယ်” ဟု ဟဒ်ဆန်က ၎င်း၏ နှုတ်ထွက်ကြောင်း ပြောကြားမှုတွင် ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် အင်္ဂလန်အသင်းအား များမကြာမီတွင် အဓိကပြိုင်ပွဲများ၏ ဖိုင်နယ်များတွင် တွေ့မြင်ရမည်ဖြစ်ပြီး၊ မိမိကို ထောက်ခံအားပေးခဲ့သည့် ကစားသမားများ၊ ပရိတ်သတ်များနှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ကို ကျေးဇူးတင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: UEFA.com

  • ပြည်တွင်းတက္ကသိုလ်ကျောင်းသားများ လျှောက်ထားနိုင်မည့် ပညာသင်ဆု

    ပြည်တွင်းတက္ကသိုလ်ကျောင်းသားများ လျှောက်ထားနိုင်မည့် ပညာသင်ဆု

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    schip

    – အာရှအရင်းအမြစ်ဖောင်ဒေးရှင်း ARF က ကမကထပြုဆောင်ရွက်ပေးပြီး ဘဏ္ဍာရေးအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းက တက္ကသိုလ်ကျောင်းသားတွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ပညာသင်ဆုတစ်ခုကို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

    အဲဒီပညာသင်ဆုကို LORRAINE ROBINSON & MAEVE COUGHLAN EDUCATION FUND (LOMEF) က ပေးအပ်တာဖြ
    စ်ပြီး ဘွဲ့မရသေးဘဲ တက္ကသိုလ်တက်နေတဲ့ အရှေ့တောင်အာရှက ကျောင်းသားတွေအတွက်သာ အကျုံးဝင်မှာဖြစ်ပါတယ်။

    ပညာသင်ကြားရေးအတွက် ငွေကြေးတစ်စိတ်တစ်ပိုင်း ထောက်ပံ့မှုအပြင်၊ ကျူရှင်ကြေး၊ စာအုပ်နဲ့ စာရေးကိရိယာပစ္စည်းတွေလို သင်ကြားမှုအထောက်အကူပြုပြစ္စည်းတွေ အတွက်လည်း ပါဝင်မှာဖြစ်ပြီး လိုအပ်မယ်ဆိုရင် နေရာထိုင်ခင်းအတွက်နဲ့ သွားရေးလာရေး ကုန်ကျစားရိတ်တွေကိုပါ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

    လျှောက်ထားမယ့်ကျောင်းသားတွေအနေနဲ့ ပတ်စ်ပို့ဆိုက် ဓာတ်ပုံတစ်ပုံ၊ မွေးစာရင်း ဖိုတိုကော်ပီ၊ နောက်ဆုံးရရှိထားတဲ့ ပညာရေးဆိုင်ရာလက်မှတ်၊ မိဘဆုံးပါးသွားတဲ့ ကျောင်းသားတွေအတွက် တရားဝင်အုပ်ထိန်းခွင့်ရှိသူလက်မှတ်၊ recommendation letter အနည်းဆုံးတစ်ခုနဲ့အတူ LOMEF အဖွဲ့က ထုတ်ပေးထားတဲ့ လျှောက်လွှာနဲ့ [email protected] အီးမေးလိပ်စာထံ ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

    လျှောက်ထားသူတွေကို ARF/LOMEF ရဲ့ ဘန်ကောက်ရုံးက တာဝန်ရှိသူတစ်ယောက်ဟာ မြန်မာနိုင်ငံကို လာရောက် စစ်ဆေးမှာဖြစ်ပြီး အောင်မြင်သူတွေသာ ပညာသင်ဆုကို ခံစားနိုင်မှာဖြစ်ပါတယ်။

    ပညာသင်ဆုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်နဲ့ လျှောက်လွှာတွေကို ဒီနေရာမှာ သွားရောက် Download လုပ် ကြည့်ရှုနိုင်ပါတယ်။

     

  • တောင်အာဖရိက သမ္မတက မလိုအပ်ဘဲသုံးခဲ့သည့် ဘဏ္ဍာငွေကို ပြန်လည်ပေးလျော်ရန် ငွေတိုက်ဌာနက တောင်းဆို

    တောင်အာဖရိက သမ္မတက မလိုအပ်ဘဲသုံးခဲ့သည့် ဘဏ္ဍာငွေကို ပြန်လည်ပေးလျော်ရန် ငွေတိုက်ဌာနက တောင်းဆို

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    zuma

    – တောင်အာဖရိကသမ္မတ ဂျာကော့ဘ် ဇူးမား၏ ကိုယ်ပိုင်နေအိမ် ပြုပြင်ရာတွင် သုံးစွဲခဲ့သည့် ပြည်သူ့ဘဏ္ဍာငွေများမှ ကန်ဒေါ်လာ ၅ သိန်းကို ပြန်လည်ပေးအပ်ရန် တောင်အာဖရိက ငွေတိုက်ဌာနက တောင်းဆိုလိုက်သည်။

    ဇူးမားမှာ နိုင်ငံအရှေ့ပိုင်း ကွာဇူလူနာတယ်ပြည်နယ်၊ ကျေးလက်ဒေသရှိ ကိုယ်ပိုင်နေအိမ် ပြုပြင်မှုအတွင်း ကြက်ခြံတစ်ခုနှင့် ရေကူးကန်တစ်ခု အပါအ၀င် အခြားအဆောင်အယောင်များ ထည့်သွင်းခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၂၃ သန်း ကုန်ကျခဲ့သည်။

    ယမန်နေ့က နိုင်ငံတော်ငွေတိုက်ဌာနမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် အာဏာရ အာဖရိက အမျိုးသားကွန်ဂရက်ပါတီခေါင်းဆောင် ဇူးမားမှာ မလိုအပ်သော ပြင်ဆင်မှုများအတွက် ကုန်ကျခဲ့သည့် ဒေါ်လာ ၅ သိန်းကို ပြန်လည်ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်မတ်လကလည်း တရားရုံးက သမ္မတမှာ ၎င်းနေအိမ်တွင် လုံခြုံရေးဆိုင်ရာ မဟုတ်သော အဆင့်မြှင့်တင်မှုများအတွက် ကုန်ကျခဲ့သည့် ဒေါ်လာ ၂၃ သန်းမှ အချို့ကို ပြန်ပေးရန် အမိန့်ပေးမှုကို မလိုက်နာသည့်အတွက် အခြေခံဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိရသည်ဟု ဆုံဖြတ်ခဲ့သည်။

    ဇူးမားအိမ်တွင် ထည့်သွင်းတည်ဆောက်ခဲ့သည့် ရေကူးကန်ကို မီးဘေးကာကွယ်ရေး အဆောက်အဦးဟု ဖော်ပြခဲ့ပြီး၊ ကြက်ခြံ၊ နွားခြံ၊ ကဇာတ်ရုံတစ်ခုနှင့် ဧည့်သည်များ အနားယူစင်တာတို့ကိုလည်း တည်ဆောက်ခဲ့သည်။

    အဓိက အတိုက်အခံပါတီဖြစ်သော ဒီမိုကရေစီ မဟာမိတ်ပါတီကမူ ပြန်ပေးခိုင်းသည့်ပမာဏမှာ အလွန်နည်းပါပြီး၊ မိမိတို့၏ လေ့လာမှုများအရ အမှန်တကယ် ပြုပြင်ရန်လိုအပ်သည့် ကုန်ကျစားရိတ်မှာ ဒေါ်လာ ၃.၄ သန်းဖိုးသာရှိသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ ကြောင်း မြန်မာမွတ်စလင် အစည်းအရုံးပြော

    နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ ကြောင်း မြန်မာမွတ်စလင် အစည်းအရုံးပြော

    ဇွန်လ ၂၃ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှုများအပါအဝင် လက်တလော ဖြစ်ပွားနေသည့် အခြေအနေများနှင့် စပ်လျဉ်းပြီး မြန်မာ မွတ်စလင် အစည်းအရုံး (B.M.A) က ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။
     
    ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
     
    နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ
    ———————————————–
    ဒီမိုကရေစီအစိုးရသစ်သည် ရက်(၁၀၀)အတွင်း လူသစ်၊ မူသစ်တို့ဖြင့် စစ်အစိုးရ လမ်းကြောင်းဟောင်းမှ စတင်ခွဲခွါ ပြောင်းလဲတော့မည်ဟု လူထုကို မျှော်လင့်ချက် ပေးခဲ့သည်။
    .
    ၁။ သို့သော် ရက်(၁၀၀)အတွင်း ၂၀၁၆ ဇွန်လ၂၃ ရက်နေ့ ဝေါမြို့နယ် သူရဲသမိန်ရွာတွင် မြန်မာမွတ်စလင်များနှင့် သူတို့၏ ဗလီနှင့် အိုးအိမ်များ တိုက်ခိုက် ဖျက်ဆီးခံရသည်။ (မွတ်စလင်များ၏ ဥပုသ်လမှာ တိုက်ခိုက်ခြင်း ဖြစ်သည်။)
    .
    ၂။ ရက်(၁၀၀)အတွင်း ယခုလကုန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းရွာရှိ မြန်မာမွတ်စလင်များ၏ ဗလီတစ်လုံးကို ဖျက်သိမ်းရန် စီစဉ်လျှက်ရှိသည်။
    .
    ၃။ ရက်(၁၀၀)အတွင်း မြိုင်ကြီးငူဆရာတော်သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့၏ နေရာများတွင် ဥပဒေမဲ့ ကျူးကျော်စေတီများတည်၍ ရန်စ စော်ကားမှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။
    .
    ၄။ ရက်(၁၀၀)အတွင်း မဘသသုံးနှစ်မြောက် ပြည်လုံးကျွတ် ညီလာခံကြီး ကျင်းပပြီး မွတ်စလင်များ၏ ဗလီများ၊ အိုးအိမ်များကို ဖျက်ဆီးပစ်ဖို့ သတ္တိရှိကြရန် မြန်မာတစ်ပြည်လုံးရှိ သံဃာများနှင့် ပြည်သူများကို အတိအလင်း လူသိရှင်ကြား သွေးထိုးလှုံ့ဆော်ခဲ့သည်။
    .
    (မဘသသည် မြန်မာပြည်တွင် သံဃာ့မဟာနာယကအဖွဲ့ တစ်ဖွဲ့မှလွဲ၍ မည်သည့်သံဃာ အဖွဲ့အစည်းမှ ဖွဲ့စည်းခွင့်မရှိဟူသော တည်ဆဲ သံဃာ့မဟာနာယက ဥပဒေကို ဆန့်ကျင်၍ ယခင် ဦးသိန်းစိန်အစိုးရက မိမိဥပဒေကို မိမိချိုးဖောက်ပြီး ဖွဲ့စည်းခွင့်ပေးထားခဲ့သော ဥပဒေပြင်ပက အဖွဲ့အစည်းဖြစ်သည်။ မဘသကို ဆက်ရှိခွင့်ပေးလျှင် သံဃာ့မဟာနာယက ဥပဒေကို ဖျက်သိမ်းရမည်ဖြစ်သည်။)
    .
    ၅။ ရက်(၁၀၀)အတွင်း သာသနာရေးဝန်ကြီး ဦးသူရအောင်ကိုက တိုင်းရင်းသား မြန်မာမွတ်စလင်များကို ဧည့်နိုင်ငံသား အဖြစ် ပြောဆို လိုက်သည်။ (မြန်မာ့သမိုင်းတွင် ပထမဆုံး ပြောကြားသူအဖြစ် သမိုင်းတွင်သွားသည်။)
    .
    ၆။ ရက်(၁၀၀)အတွင်း မြန်မာမွတ်စလင် ခလေးငယ်များကို ရှက်ရွံ့အားငယ်စေရန်၊ ကျောင်းသားအချင်းချင်း ခွဲခြားမှုများ ဖြစ်စေရန် ကျောင်းမှတ်ပုံတင်လုပ်ရာတွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ပြန်သည်။
    .
    ၇။ ရက်(၁၀၀)အတွင်း တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စုံစမ်းစစ်ဆေးသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မထားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်က ဂျီနီဗာ လူ့အခွင့်အရေးညီလာခံမှာ ကန့်ကွက်ခဲ့သည်။
    .
    ၈။ ရက်(၁၀၀)အတွင်း နေ့စဉ်ရက်ဆက် ဘာသာရေးအရ အကြမ်းဖက်လှုံ့ဆော်မှုများနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အစွန်းရောက် အခြေခံဝါဒီများ မြန်မာနိုင်ငံတွင် မရှိပါဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်က ဂျီနီဗာရှိ လူ့အခွင့်အရေး ညီလာခံမှာ ယခင်စစ်အစိုးရများကဲ့သို့ ဖုံးကွယ် တင်ပြခဲ့သည်။
    .
    ၉။ ရက်(၁၀၀)အတွင်း တည်ဆဲဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်စွာ ဥပဒေမဲ့အဖွဲ့အစည်း မဘသ၏ ဆောင်ပုဒ်အတိုင်း တပ်မတော်သည် အမျိုး ဘာသာ သာသနာကို ကာကွယ်မည်ဟု ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ခံ အစိုးရထက် အာဏာပိုရှိသော ကာချုပ် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ (မြန်မာ့သမိုင်းတွင် ပထမဆုံး ပြောကြားသည့် ကာချုပ်အဖြစ် သမိုင်းတွင်သွားသည်။)
    .
    အထက်ပါ အချက်အလက်များအရ ဒီမိုကရေစီအစိုးရသစ်သည် တရားဥပဒေစိုးမိုးရေးနှင့် အခြေခံ လူ့အခွင့်အရေးများ လစ်လျူရှုရာတွင် ယခင်စစ်အစိုးရများနှင့် ထပ်တူကျနေသည့်အပြင် ပိုဆိုးလာသည်များကိုလည်း ဝမ်းနည်းစွာဖြင့် ထင်ထင်ရှားရှား တွေ့ရသည်။
    .
    ဒီမိုကရေစီ အစိုးရသစ်သည် ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူကို မိမိကတိပေးခဲ့သော မူများ၊ ကတိများအတိုင်း ကြံ့ကြံ့ခံ ရပ်တည်၍ နိုင်ငံသားများ၏ အသက်အိုးအိမ် လုံခြုံရေးအတွက် ဥပဒေချိုးဖောက်သူများကို ဟန့်တားလောက်သော စံပြ ပြစ်ဒါဏ်များဖြင့် ပြတ်ပြတ်သားသား လျှင်လျှင်မြန်မြန် ချမှတ်အရေးယူရန် အရေးတကြီး လိုအပ်နေသည်။
    .
    ထိုကဲ့သို့ ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးမယူပါက အကြမ်းဖက်သူများသည် ပိုမိုအတင့်ရဲလာပြီး နိုင်ငံအနှံ့ အလားတူ အကြမ်းဖက်မှုများ တိုးပွါးလာအောင် အချက်ပေးလိုက်သကဲ့သို့ ဖြစ်သွားလျှင်
    လက်ရှိ ဒီမိုကရေစီ အစိုးရတွင်သာ အပြည့်အဝ တာဝန်ရှိသွားမည်ဖြစ်ကြောင်း အထူးသတိပေး တိုက်တွန်းလိုက်သည်။
    .
    ရက်စွဲ ၂၀၁၆ ဇွန်လ ၂၄
    BMA BMA-2
  • စစ်ကိုင်းမြို့မဗလီမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲနှင့် ဗလီဝတ်ကျောင်းလေ့လာရေး အစီအစဉ်

    စစ်ကိုင်းမြို့မဗလီမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲနှင့် ဗလီဝတ်ကျောင်းလေ့လာရေး အစီအစဉ်

    ဇွန် ၂၇ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    .13438865_10208033040158274_1533931474015031113_n
    စစ်ကိုင်းမြို့မင်းလမ်းရပ် မြို့မဗလီဝတ်ကျောင်းတော်နှင့် CDNH တို့ ပူးပေါင်းကျင်းပြုလုပ်သော ဘာသာပေါင်းစုံ စုပေါင်း ဝါဖြေပွဲ အခမ်းအနား တရပ်ကို ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ ညနေ ၅ နာရီမှာ အဆိုပါ မြို့မဗလီဝတ်ကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    .
    တက်ရောက်လာတဲ့ ဘာသာပေါင်းစုံမှာ ဧည်သည်တော်များဟာ မွတ်စလင်မ် တွေရဲ့ ဥပုသ်ထွက် ဝါဖြေပွဲ မပြုလုပ်ခင် ဗလီအတွင်းသို့ ဝင်ရောက်လေ့လာခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုပုံကို လေ့လာခဲ့ကြပြီး စစ်ကိုင်းမြို့မ ဗလီမှ ရှေ့ဆောင်ဆရာ ဦးစိုးနေဦးမှ အသေးစိတ်ရှင်းပြခဲ့ကြောင်း သိရပါတယ်။
    .
    အဲဒီနောက်တက်ရောက်လာတဲ့ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များမှ အသီးသီးအမှာစကားပြောကြခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်များ ဥပုသ်ထွက်ချိန် ၌ အတူတကွ ဝါဖြေခဲ့ကြပါတယ်။
    .
    “စစ်ကိုင်းမြို့မှာ ဘာသာပေါင်းစုံ တွေ့ဆုံပွဲတွေကို ဗလီမှာပထမဆုံး ကျင်းပတာဖြစ်လို့ တက်ရောက်လာသူတွေ တော်တော်လေး သဘောကျကြပါတယ်။ ဗလီတွေကို လေ့လာဖို့ စိတ်အားထက်သန်သူတွေ တော်တော်များပါတယ်။ ကျနော်တို့ ရည်ရွယ်ချက်ကလည်း ဗလီတွေအပေါ်မှာ ရှိတဲ့ သံသယ ဖြစ်နေမှုတွေ ပပျောက်သွားအောင်ပါ။”  စစ်ကိုင်းမြို့မှ ဗလီရှေ့ဆောင်ဆရာ ဦးစိုးနေဦးက M-Media ကိုရှင်းပြခဲ့တာပါ။
    .
    “ကျနော်အဖွဲ့က လူငယ်တွေထဲမှာ ဗလီဆိုတာ တခါမှ မလေ့လာဘူးသူတွေရှိပါတယ်။ ဒီကနေ့ ပွဲမှာ လာရောက်ပြီးလေ့လာရတဲ့ အတွက် တချို့ အမြင်တွေပြောင်းလဲလာ တွေရှိပါတယ်။ အစီအစဉ် ပြုလုပ်တဲ့သူတွေကလည်း ဖော်ဖော်ရွေရွေနဲ့ ဧည့်ခံပြီး ရှင်းပြတဲ့အတွက် အထူးပဲ ကျေနပ်မိပါတယ် ” လိုပြောလာသူက ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အဖွဲ့ (စစ်ကိုင်း) မှ ကိုနေမင်းပါ။

    စစ်ကိုင်းမြို့မ ဗလီမှာ ပထမအဆုံး အကြိမ်အဖြစ် ပြုလုပ်တာဖြစ်ပြီး မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် နှင့် ဆရာတော်သံဃာတော်များ၊ စစ်ကိုင်းမြို့ရှိ ခရစ်ယာန်အဖွဲ့အစည်းမှ ဘုန်းတော်ကြီးများ၊ဟိန္ဒူဘာသာမှ ဘာသာရေးခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်မှ အမျိုးသား လွှတ်တော်အမတ် ဦးကျော်သောင်း ဘာသာပေါင်းစုံ လူမှုအဖွဲ့အစည်းများမှာ ၂၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။

    ဓါတ်ပုံ- ကိုစိုးနေဦး၊ ဒေါ်အမာနီ၊ ကိုဟယ်ရီတို့၏ FB စာမျက်နှာမှ ၇ယူဖော်ပြပါသည်။

    13494866_1642250052763810_1810434333230090135_n
    13438944_1642250106097138_8031005827415975171_n  13495343_10208033039758264_1930182004739054528_n 13501604_1642250346097114_2907016232829585536_n 13521904_269720140053530_2945882240132233048_n 13528688_1642250086097140_5514974256979015249_n

    13532758_1642250229430459_3173724829618366363_n 13532811_1642250322763783_4012908380155756923_n