ဇွန် ၂၈၊ ၂၀၁၆
M-Media
– တောင်အာဖရိကသမ္မတ ဂျာကော့ဘ် ဇူးမား၏ ကိုယ်ပိုင်နေအိမ် ပြုပြင်ရာတွင် သုံးစွဲခဲ့သည့် ပြည်သူ့ဘဏ္ဍာငွေများမှ ကန်ဒေါ်လာ ၅ သိန်းကို ပြန်လည်ပေးအပ်ရန် တောင်အာဖရိက ငွေတိုက်ဌာနက တောင်းဆိုလိုက်သည်။
ဇူးမားမှာ နိုင်ငံအရှေ့ပိုင်း ကွာဇူလူနာတယ်ပြည်နယ်၊ ကျေးလက်ဒေသရှိ ကိုယ်ပိုင်နေအိမ် ပြုပြင်မှုအတွင်း ကြက်ခြံတစ်ခုနှင့် ရေကူးကန်တစ်ခု အပါအ၀င် အခြားအဆောင်အယောင်များ ထည့်သွင်းခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၂၃ သန်း ကုန်ကျခဲ့သည်။
ယမန်နေ့က နိုင်ငံတော်ငွေတိုက်ဌာနမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် အာဏာရ အာဖရိက အမျိုးသားကွန်ဂရက်ပါတီခေါင်းဆောင် ဇူးမားမှာ မလိုအပ်သော ပြင်ဆင်မှုများအတွက် ကုန်ကျခဲ့သည့် ဒေါ်လာ ၅ သိန်းကို ပြန်လည်ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့်မတ်လကလည်း တရားရုံးက သမ္မတမှာ ၎င်းနေအိမ်တွင် လုံခြုံရေးဆိုင်ရာ မဟုတ်သော အဆင့်မြှင့်တင်မှုများအတွက် ကုန်ကျခဲ့သည့် ဒေါ်လာ ၂၃ သန်းမှ အချို့ကို ပြန်ပေးရန် အမိန့်ပေးမှုကို မလိုက်နာသည့်အတွက် အခြေခံဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိရသည်ဟု ဆုံဖြတ်ခဲ့သည်။
ဇူးမားအိမ်တွင် ထည့်သွင်းတည်ဆောက်ခဲ့သည့် ရေကူးကန်ကို မီးဘေးကာကွယ်ရေး အဆောက်အဦးဟု ဖော်ပြခဲ့ပြီး၊ ကြက်ခြံ၊ နွားခြံ၊ ကဇာတ်ရုံတစ်ခုနှင့် ဧည့်သည်များ အနားယူစင်တာတို့ကိုလည်း တည်ဆောက်ခဲ့သည်။
အဓိက အတိုက်အခံပါတီဖြစ်သော ဒီမိုကရေစီ မဟာမိတ်ပါတီကမူ ပြန်ပေးခိုင်းသည့်ပမာဏမှာ အလွန်နည်းပါပြီး၊ မိမိတို့၏ လေ့လာမှုများအရ အမှန်တကယ် ပြုပြင်ရန်လိုအပ်သည့် ကုန်ကျစားရိတ်မှာ ဒေါ်လာ ၃.၄ သန်းဖိုးသာရှိသည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.