News @ M-Media

Blog

  • သူရဲသမိန်ကျေးရွာ ဖြစ်စဉ်အတွက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို မေးမြန်းချက်

    သူရဲသမိန်ကျေးရွာ ဖြစ်စဉ်အတွက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို မေးမြန်းချက်

    ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ မှာ မနေ့က ရွာသားအချင်းချင်း စကားများရာကနေ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက် အဦတစ်လုံးနဲ့ နေအိမ်တစ်လုံး ဖျက်ဆီးခံလိုက်ရပါတယ်။ အခုချိန်မှာ ရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောပါတယ်။

    ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်း ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

    Credit- ဓါတ်ပုံများကို ဆိုရှယ်မီဒီယာနှင့် မီဒီယာများမှ လည်းကောင်း၊
    ရုပ်သံကို ဧရာဝတီသတင်းဌာနမှ လည်းကောင်း
    ရယူ အသုံးပြုထားပါသည်။

  • ဆိုမာလီပြည်သူများအတွက် ကာတာနှင့် တူရကီတို့က အကူအညီများ ပေးအပ်မည်

    ဆိုမာလီပြည်သူများအတွက် ကာတာနှင့် တူရကီတို့က အကူအညီများ ပေးအပ်မည်

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    somalia

    – ရေလွှမ်းမိုးမှုနဲ့ စစ်ပွဲဒဏ် အကြီးအကျယ်ခံစားနေရတဲ့ ဆိုမာလီယာနိုင်ငံ ဟီရန်ပြည်နယ်က ပြည်သူတွေအတွက် တူရကီနဲ့ကာတာတို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးအစီအစဉ်တွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

    ဆိုမာလီနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး အိုလ်ဂန်ဘီကာက အခုဆောင်ရွက်ပေးမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီဟာ ဟီရန်ပြည်နယ် တောင်ပိုင်းက ဘီလီဒွိုင်းမြို့မှာ ရေလွှမ်းမိုးမှုဒဏ်နဲ့ မျိုးနွယ်စုတိုက်ပွဲဒဏ်တွေ ခံစားနေရတဲ့သူတွေရဲ့ နာကျင်မှုတွေ လျော့ပါးစေဖို့ရည်ရွယ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာတာသံအမတ်ကြီး ဟာဆန် ဘင် ဟမ်ဇာ အာဆက် မိုဟာမက်ကတော့ ဘီလီဒွိုင်းမြို့ခံ လူထုတွေအတွက် တစ်နှစ်ကြာမယ့်စီမံကိန်းနဲ့ ကူညီနိုင်ဖို့ ဒေါ်လာ ၂.၇၅ သန်း ရန်ပုံငွေ ကောက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ တူရကီလခြမ်းနီအဖွဲ့နဲ့ ကာတာပရဟိတအသင်းတို့ကနေ ဒေသခံ ၃၀၀၀ အတွက် နွားနို့၊ သကြား၊ ဆန်နဲ့ သံလွင်ဆီစတဲ့ စားသောက်ကုန်တွေကို အဓိက ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

    ဆိုမာလီအစိုးရအာဏာပိုင်တွေကလည်း ဘီလီဒွိုင်းမြို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးအပ်ဖို့ နိုင်ငံတကာ ပရဟိတအဖွဲ့တွကို တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ လက တူရကီနိုင်ငံဟာ ဆိုမာလီနိုင်ငံကို အကူအညီ တန်ပေါင်း ၁၁၀၀၀ ပေးပို့ခဲ့ပါသေးတယ်။

    လက်ရှိမှာ ဆိုမာလီပြည်သူ ၈၅၇၀၀၀ ခန့်ဟာ အကြပ်အတည်းတွေ့နေပြီး အရေးပေါ်အခြေအနေ ရောက်နေတဲ့အပြင် လူ ၂ သန်းနီးပါးကတော့ အစားအစာ မလောက်ငှမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဆိုမာလီ ဒုက္ခသည်တစ်သောင်းလောက် ရှိနေတယ်လို့ ကုလရဲ့ စာရင်းတွေအရ သိရပါတယ်။

    Ref : IINA

  • ပေါ်တူဂီမှာ လွယ်ကူမည့်အသင်းမဟုတ်ဟု ခရိုအေးရှားကို ဆန်းတို့စ်သတိပေး

    ပေါ်တူဂီမှာ လွယ်ကူမည့်အသင်းမဟုတ်ဟု ခရိုအေးရှားကို ဆန်းတို့စ်သတိပေး

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    santos

    – အုပ်စုအဆင့် စွမ်းဆောင်ရည်မှာ ချီးကျူးစရာမကောင်းခဲ့သော်လည်း မိမိတို့အသင်းမှာ စပိန်အသင်းထက်ပို၍ လွယ်ကူမည့် အသင်းမဟုတ်ဟု ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ခရိုအေးရှားအား သတိပေးပြောကြားလိုက်သည်။

    ပေါ်တူဂီမှာ အုပ်စု ၃ ပွဲစလုံး သရေကျခဲ့ပြီး အကောင်းဆုံး တတိယဖြင့်သာ နောက်တစ်ဆင့်တက်နိုင်ခဲ့ကာ ၁၆ သင်းအဆင့် ရှုံးထွက်တွင် ခရိုအေးရှားနှင့် တွေ့ဆုံနေသည်။ ဆန်းတို့စ်ကမူ မိမိတို့မှာ ထိုအခြေအနေကို မစဉ်းစားတော့ဟု ဆိုသည်။

    “အခုရှုံးထွက်ဆင့်ရောက်နေပါပြီ။ ဒီပွဲတွေနဲ့ အုပ်စုပွဲတွေကို သွားယှဉ်လို့မရပါဘူး။ ဒါဟာ တခြားစီပါပဲ။ ကျွန်တော်တို့ အုပ်စုဗိုလ် ဖြစ်ချင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နောက်တစ်ဆင့်တက်ဖို့သာ အခရာကျခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ အနိုင်ကစားရပါတော့မယ်။ ကျွန်တော်တို့လည်း ဒီလိုပဲဖြစ်ချင်တာပါ။ ကျွန်တော်တို့ဟာ အင်မတန်တောင့်တင်းတဲ့အသင်းနဲ့ ရင်ဆိုင်နေရတယ်။ သူတို့လည်း ကျွန်တော်တို့လို့ ဖြစ်ချင်မှာပါပဲ” ဟု ဆန်းတို့စ်က ဆိုသည်။

    အုပ်စုနောက်ဆုံးပွဲတွင် ခရိုအေးရှားမှာ စပိန်ကို အနိုင်ကစားနိုင်ခဲ့သော်လည်း ပေါ်တူဂီမှာ စပိန်ထက် ပိုလွယ်မည့်အသင်းမဟုတ်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ခရိုအေးရှားနဲ့ပွဲက ပိုလွယ်မလားလို့မေးရင် – သူတို့ဟာ အံ့သြလောက်တဲ့အသင်းပါ။ စပိန်နဲ့ပွဲမှာ သူတို့ တော်တော်လေး ကောင်းခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း တောင့်တင်းတဲ့အသင်းတစ်သင်းပါပဲ။ နှစ်သင်းစလုံးဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေကြပါတယ်။ ကျွန်တော်ကလည်း ပေါ်တူဂီနိုင်မယ်လို့သလို ခရိုအေးရှားနည်းပြလည်း သူတို့နိုင်မယ်လို့ ထင်နေမှာပါပဲ”

    Ref : Goal

  • အင်ဒိုတွင် လူတစ်ဦး ဟဂ်ျပြုခွင့်ရရန် ၃၇ နှစ် စောင့်ရမည်

    အင်ဒိုတွင် လူတစ်ဦး ဟဂ်ျပြုခွင့်ရရန် ၃၇ နှစ် စောင့်ရမည်

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    haj

    – အင်ဒိုနီးရှားနိုင်ငံက ဟဂ်ျဘုရားဖူးခရီးသွားဖို့ စောင့်ဆိုင်းနေရတဲ့စာရင်းမှာ လူပေါင်း ၂.၃ သန်းလောက်ရှိနေပြီး လူတစ်ယောက် ဟဂ်ျဘုရားဖူးခရီးသွားနိုင်ဖို့အတွက် ၃၇ နှစ်လောက် စောင့်ရဖို့ရှိနေတယ်လို့ အင်ဒိုနီးရှား ဟဂ်ျနဲ့ အွမ္မရာဆိုင်ရာ ဥက္ကဌ အက်စ်မိုရိုက ပြောကြားလိုက်ပါတယ်။

    အစ္စလာမ်ဘာသာဝင် သန်း ၂၂၀ ရှိတဲ့ အင်ဒိုနီးရှားဟာ ကမ္ဘာ့မွတ်စလင်အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်တာနဲ့အညီ ဟဂ်ျပြု လုပ်လိုတဲ့ ပမာဏ ကြီးမားမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အက်စမိုရိုကတော့ ဟဂ်ျပြုလိုသူတွေအနေနဲ့ အစိုးရရဲ့ ဟဂ်ျပြုခွင့်ရသူစာရင်းထဲမှာ ပါဝင်ဖို့ သူတို့ရဲ့ အမည်တွေကို စာရင်းသွင်းထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    “ဟဂ်ျပြုခွင့်ရဖို့စောင့်ရတဲ့ ပျှမ်းမျှကြာချိန်ဟာ ၃၇ နှစ်လောက်ရှိပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းပြီး သိပ်စောင့်စရာမလိုတဲ့ အွမ္မရာကို လျှောက်ထားသူ ပိုများလာပါတယ်”

    အင်ဒိုနီးရှားမှာ ခရီးသွားအေဂျင်စီပေါင်း ၃၅၀၀ လောက်ရှိပေမယ့် အဲဒီအထဲကမှ ၆၆၈ ခုသာ အွမ္မရာခရီးစဉ် ၀န်ဆောင်မှုပေးဖို့အတွက် ခွင့်ပြုချက်ရထားတယ်လို့ အက်စ်မိုရိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဟဂ်ျခရီးစဉ်ဝန်ဆောင်မှုပေးဖို့ ဆော်ဒီ ဟဂ်ျနဲ့ အွမ္မရာဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ခရီးသွားအေဂျင်စီတွေကတော့ ၂၀၀ လောက်သာရှိပါတယ်။

    Ref: IINA

  • ဘရာဇီးလ်ရှိ ဓာတ်ခွဲခန်းတစ်ခုကို တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က လက်မှတ်ရုတ်သိမ်း

    ဘရာဇီးလ်ရှိ ဓာတ်ခွဲခန်းတစ်ခုကို တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က လက်မှတ်ရုတ်သိမ်း

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    brazil

    – အားကစားသမားများတွင် တားမြစ်ဆေးသုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေးရာ၌ နိုင်ငံတကာစံနှုန်းများကို လိုက်နာမှုမရှိသောကြောင့် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ တားမြစ်ဆေး စမ်းသပ်ရေး ဓာတ်ခွဲခန်းတစ်ခုအား ကမ္ဘာ့ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ WADA က အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    ဘရာဇီးလ်အိုလံပစ်ပြိုင်ပွဲကျင်းပရန် ၁ လသာ လိုတော့သည့်အချိန်တွင် ထိုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းမှာ ဘရာဇီးလ် အားကစားလောကအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။ ယခု အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခံခဲ့ရသည့် ဓာတ်ခွဲခန်းမှာ ရီယိုဒီဂျနေရိုး ပြည်ထောင်စုတက္ကသိုလ်တွင် ရှိသည့် ဓာတ်ခွဲခန်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား မတိုင်ခင်ကလည်း ထိုကဲ့သို့ တစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။

    WADA ကမူ အခြားသော ဓာတ်ခွဲခန်းများတွင် ကစားမားများအား စမ်းသပ်စစ်ဆေးရန် စီစဉ်ထားခြင်းကြောင့် ယခုကိစ္စမှာ အိုလံပစ်ပြိုင်ပွဲကို ထိခိုက်မည်မဟုတ်ချေ။ ယခုကဲ့သို့ အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခံရခြင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာ အမှားအယွင်းများကြောင့် တားမြစ်ဆေးသုံးစွဲသည်ဟု ရလဒ်ထွက်ပေါ်မှုက အဓိက အကြောင်းအရင်းဖြစ်မည်ဟု WADA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    ဓာတ်ခွဲခန်းကမူ WADA မှ နည်းပညာရေးရာအဖွဲ့ လာရောက်စစ်ဆေးပြီးနောက်ပိုင်း ဇူလိုင်လတွင် ပြန်လည်ဝန်ဆောင်မှုပေးသွားမည်ဟု ကြေငြာခဲ့သည်။ အိုလံပစ်ပြိုင်ပွဲမှာ သြဂုတ်လ ၅ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

    အဆိုပါ ဓာတ်ခွဲခန်းမှာ ယခုနှစ်တွင် ဘရာဇီးလ် အိုလံပစ်အသင်းနှင့် ထိပ်တန်းဘောလုံးပြိုင်ပွဲများ အပါအ၀င် သွေးနှင့် ဆီနမူနာပေါင်း ၂၀၀၀ ခန့်ကို စစ်ဆေးခဲ့သည်။ မှားယွင်းမှုမှာမူ ဓာတ်ခွဲခန်းများ၏ စွမ်းဆောင်ရည် သို့မဟုတ် စစ်ဆေးမှုတွင် လွဲချော်ချက် စသဖြင့် မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်ပွားသည်ကို အတိအကျ မသိရှိရပေ။

    Ref : Channelnewsasias