ဇွန် ၂၅၊ ၂၀၁၆
M-Media
– အားကစားသမားများတွင် တားမြစ်ဆေးသုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေးရာ၌ နိုင်ငံတကာစံနှုန်းများကို လိုက်နာမှုမရှိသောကြောင့် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ တားမြစ်ဆေး စမ်းသပ်ရေး ဓာတ်ခွဲခန်းတစ်ခုအား ကမ္ဘာ့ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ WADA က အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းလိုက်သည်ဟု သိရသည်။
ဘရာဇီးလ်အိုလံပစ်ပြိုင်ပွဲကျင်းပရန် ၁ လသာ လိုတော့သည့်အချိန်တွင် ထိုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းမှာ ဘရာဇီးလ် အားကစားလောကအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။ ယခု အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခံခဲ့ရသည့် ဓာတ်ခွဲခန်းမှာ ရီယိုဒီဂျနေရိုး ပြည်ထောင်စုတက္ကသိုလ်တွင် ရှိသည့် ဓာတ်ခွဲခန်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား မတိုင်ခင်ကလည်း ထိုကဲ့သို့ တစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။
WADA ကမူ အခြားသော ဓာတ်ခွဲခန်းများတွင် ကစားမားများအား စမ်းသပ်စစ်ဆေးရန် စီစဉ်ထားခြင်းကြောင့် ယခုကိစ္စမှာ အိုလံပစ်ပြိုင်ပွဲကို ထိခိုက်မည်မဟုတ်ချေ။ ယခုကဲ့သို့ အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခံရခြင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာ အမှားအယွင်းများကြောင့် တားမြစ်ဆေးသုံးစွဲသည်ဟု ရလဒ်ထွက်ပေါ်မှုက အဓိက အကြောင်းအရင်းဖြစ်မည်ဟု WADA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ဓာတ်ခွဲခန်းကမူ WADA မှ နည်းပညာရေးရာအဖွဲ့ လာရောက်စစ်ဆေးပြီးနောက်ပိုင်း ဇူလိုင်လတွင် ပြန်လည်ဝန်ဆောင်မှုပေးသွားမည်ဟု ကြေငြာခဲ့သည်။ အိုလံပစ်ပြိုင်ပွဲမှာ သြဂုတ်လ ၅ ရက်နေ့တွင် စတင်မည်ဖြစ်သည်။
အဆိုပါ ဓာတ်ခွဲခန်းမှာ ယခုနှစ်တွင် ဘရာဇီးလ် အိုလံပစ်အသင်းနှင့် ထိပ်တန်းဘောလုံးပြိုင်ပွဲများ အပါအ၀င် သွေးနှင့် ဆီနမူနာပေါင်း ၂၀၀၀ ခန့်ကို စစ်ဆေးခဲ့သည်။ မှားယွင်းမှုမှာမူ ဓာတ်ခွဲခန်းများ၏ စွမ်းဆောင်ရည် သို့မဟုတ် စစ်ဆေးမှုတွင် လွဲချော်ချက် စသဖြင့် မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်ပွားသည်ကို အတိအကျ မသိရှိရပေ။
Ref : Channelnewsasias


Leave a Reply
You must be logged in to post a comment.