News @ M-Media

Blog

  • နေတိုးအဖွဲ့အား တုန့်ပြန်ရန် လိုအပ်လာပြီဟု ရုရှားပြော

    နေတိုးအဖွဲ့အား တုန့်ပြန်ရန် လိုအပ်လာပြီဟု ရုရှားပြော

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    nato

    – နေတိုးအဖွဲ့ရဲ့ ရန်လိုတဲ့ ပြောစကားတွေနဲ့ပတ်သက်ပြီး မိမိတို့အနေနဲ့ လုံလောက်တဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်လာပြီလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က လွှတ်တော်အမတ်တွေနဲ့ပြုလုပ်တဲ့ တံခါးပိတ်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

    ယမန်နေ့ ပါလီမန်မှာပြုလုပ်ခဲ့တဲ့ အဲဒီအစည်းအဝေးမှာ ပူတင်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဒေသတစ်ခုလောက်ကို စဉ်းစားတဲ့ ပုံစံမျိုးကိုရှောင်ကာ နိုင်ငံအားလုံး ခံစားနိုင်မယ့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ စနစ်တစ်ခု ဖန်တီးဖော်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “ရုရှားအနေနဲ့ အလွန့်အလွန်အရေးကြီးတဲ့ ဒီကိစ္စကို ဆွေးနွေးဖို့ အသင့်ဖြစ်နေပါပြီ” လို့ ပူတင်က ဆိုပြီး မိမိတို့ရဲ့ ဒီအဆိုပြုချက်တွေကို အနောက်နိုင်ငံတွေက မသိချင်ယောင်ဆောင်နေတာ တော်တော်ကြာခဲ့ပြီလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဒုတိယကမ္ဘာစစ်စဖြစ်တုန်းကလိုပဲ ကျွန်တော်တို့ဟာ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုမျိုးကို မရခဲ့ပါဘူး။ နေတိုးအဖွဲ့က ကျွန်တော်တို့နယ်စပ် အနီးအနားတွေမှာ ရန်လိုတဲ့ ပြောစကားတွေ၊ လုပ်ရပ်တွေ ပြောနေ၊ လုပ်နေတာကိုပဲ တွေ့မြင်နေရပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးစွမ်းရည်တွေ တောင့်တင်းအောင် အထူးဂရုစိုက်နေပါတယ်”

    ဒုတိယကမ္ဘာစစ်မတိုင်ခင်က နာဇီဝါဒထွက်ပေါ်လာတဲ့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုလက်ရှိ အကြမ်းဖက်ဝါဒဟာ နိုင်ငံတကာလုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့အရာ ဖြစ်လာနေပြီး၊ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ တစ်သီးတစ်ခြားနေမယ့်အစား အတူတူပူးပေါင်းပြီး အလုပ်လုပ်သင့်တယ်လို့လည်း ပူတင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : RT

  • ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို ယူရို ၄ ကြိမ်ဆက် ဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာ

    ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို ယူရို ၄ ကြိမ်ဆက် ဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာ

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    rnd

    – ယနေ့မနက်က ကစားခဲ့သည့် ဟန်ဂေရီအသင်းနှင့်ပွဲတွင် ၂ ဂိုးသွင်းယူခဲ့သည့် ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ယူရို နောက်ဆုံးအဆင့်ပြိုင်ပွဲ ၄ ကြိမ်ဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

    ၃ ဂိုးစီ သရေကျခဲ့သည့် ထိုပွဲတွင် ရော်နယ်ဒိုမှာ ချေပဂိုး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ရော်နယ်ဒို၏ ယူရိုပြိုင်ပွဲ ပထမဆုံး ဂိုးသွင်းယူနိုင်မှုမှာ ၂၀၀၄ ခုနှစ်က ကစားခဲ့သည့် ဂရိအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ဖြစ်သည်။ ၄ နှစ်ကြာပြီးနောက် ယူရို ၂၀၀၈ တွင်လည်း ရော်နယ်ဒိုမှာ ၁ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    ယူရို ၂၀၁၂ နှစ်တွင် စုစုပေါင်း ၃ ဂိုး သွင်းယူနိုင်သည့် ရော်နယ်ဒိုမှာ မာရီယို ဂိုးမက်ဇ်၊ မာရီယို မန်ဇူကစ်တို့နှင့်အတူ ဂိုးအများဆုံးသွင်းသည့် ကစားသမားအဖြစ် ရပ်တည်ခဲ့သည်။

    လက်ရှိ ယူရို ၂၀၁၆ တွင်မူ ပေါ်တူဂီမှာ အုပ်စု ၃ ပွဲစလုံး သရေကျခဲ့ပြီး ရမှတ် ၃ မှတ်ဖြင့် အုပ်စု တတိယနေရာ ရခဲ့ကာ အကောင်းဆုံး တတိယဖြင့် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ဇွန်လ ၂၅ ရက်နေ့တွင်ကစားရည့် အဆိုပါ ရှုံးထွက်ပွဲစဉ်ကို ခရိုအေးရှားအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

    Ref: Goal

  • ရန်ကုန်ရေမကြီးရေး ငွေကျပ် ၁ ဘီလီယံ အသုံးပြု ဆောင်ရွက်နေ

    ရန်ကုန်ရေမကြီးရေး ငွေကျပ် ၁ ဘီလီယံ အသုံးပြု ဆောင်ရွက်နေ

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    ygn

    – မြို့တွင်း ၆ မြို့နယ်အပါအ၀င် ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း ၁၅ ခုတွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေမြောင်းများ ရှင်းလင်းရေးလုပ်ငန်းများကို ငွေကျပ် ၁ ဘီလီယံ အသုံးပြု၍ ဆောင်ရွက်နေသည်ဟု သိရသည်။

    ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပထမဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် အဆိုပါစီမံကိန်းကို ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် ပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့် ဆောင်ရွက်နေသည်ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြောကြားခဲ့သည်။

    ထို့ပြင် ရေမြောင်းများပိတ်ဆို့မှုမှာလည်း အလွန်ဆိုးဝါးသည်ဟု ၎င်းက ဆိုသည်။

    “မြောင်းတစ်ခုဆိုရင် ဆိုဖာတစ်လုံးနဲ့ ပိတ်နေတာပါ။ ၅ ပေအနက်ရှိတဲ့ မြောင်းတစ်ခုမှာ နုန်းတွေက ၄ ပေလောက် ရှိနေပါတယ်။ ကျွန်တော်တို့က ပုတ်ပြတ်ပေးပြီး ခိုင်းသလို၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကတစ်ဆင့်လည်း ခေါ်ပြီးခိုင်းပါတယ်။ ကုန်ကျစားရိတ်ကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဘတ်ဂျက်ကနေ သုံးပါတယ်”

    အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးကလည်း မိမိတို့မှာ ရေမြောင်းများအခြေအနေစာင့်ကြည့်သည့် ကော်မတီတစ်ခုကို ဖွဲ့စည်းထားသည်ဟု ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ရန်ကုန်မြို့ ရေကြီးရေလျှံသည့်ပြဿနာများကို လွှတ်တော်သို့ တင်ပြနိုင်ရန်အတွက် ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်အချို့မှာ အခြေအနေကို စောင့်ကြည့်နေကြသည်ဟု သိရသည်။

    Ref : mmtimes

  • အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၆၀ ကျော်သေဆုံး

    အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၆၀ ကျော်သေဆုံး

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    lighting

    – မိုးရာသီဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် မိုးကြိုးပစ်ခတ်မှုများကြောင့် အနည်းဆုံး လူ ၆၇ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (NDMA) ရဲ့ မှတ်တမ်းတွေအရ ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းတိုက်ခတ်မှုအတွင်း နိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်တစ်ခုတည်းမှာတင် လူ ၄၇ ဦး မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက အများစုဟာ ကျေးလက်ဒေသတွေမှာ ဖြစ်ပါတယ်။

    “၄၇ ယောက်သေတယ်လို့တော့ အတည်ပြုနိုင်ပါပြီ။ တခြားဒေသတွေကလည်း သတင်းတွေ ထပ်တက်လာနေတုန်းပါပဲ” လို့ ဘီဟာရ်ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေးဌာန အကြီးတန်းတာဝန်ရှိသူ အနီးရုဒ် ကူးမားရ်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

    ဇွန်လ ဒုတိယပတ်ကနေ အောက်တိုဘာလအထိ ကြာမြင့်တဲ့ အိန္ဒိယရဲ့ မုတ်သုံရာသီအတွင်း ဘီဟားရ်ပြည်နယ်မှာ မိုးကြိုးပစ်ခတ်မှုများ မကြာခဏဖြစ်ပေါ်လေ့ ရှိပါတယ်။ မုတ်သုံရာသီအ၀င်ဖြစ်တဲ့ အခုရက်သတ္တပတ် အစောပိုင်းကစတင်ပြီး အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။

    နိုင်ငံမြောက်ပိုင်းက အူတာပရာဒက်ရှ်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ၂ ရက်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    Ref : Presstv

  • ” ဒီမိုကရေစီ အစိုးရလက်ထက် ပထမဆုံး ဖျက်ခံရတော့မည့် ဖားကန့်က ဘာသာရေးဝတ်ပြုဆောင်”

    ” ဒီမိုကရေစီ အစိုးရလက်ထက် ပထမဆုံး ဖျက်ခံရတော့မည့် ဖားကန့်က ဘာသာရေးဝတ်ပြုဆောင်”

    ဇွန် ၂၂၊ ၂၀၁၆
    M-Media
    ဖြူလေး
    Lone Khin Masjid
    ဖားကန့်။    ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ လယ်ပြင်ကျေးရွာရှိ အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရမယ်လို့ သက်ဆိုင်ရာဒေသ အာဏာပိုင်များက ဆိုခဲ့ပါတယ်။

    လုံးခင်း-လယ်ပြင် တံတားတည်ဆောက်ရာတွင် လုံခင်းအစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်မှ ပိုင်ဆိုင်သော မြေနေရာ အနည်းငယ် ပါဝင်ခဲ့ပါတယ်။ တံတားဆောက်ဖို့ ပေးခဲ့တဲ့ မြေနေရာအတွက်လည်း သက်ဆိုင်ရမှာ လျော်ကြေးငွေ ယူခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။   ထို့အပြင် ဒေသခံရွာပိုင်မြေများလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ တံတားဆောက်လုပ်ချိန်တွင် ပစ္စည်းများသိမ်းဆည်းရန် လုံးခင်းဗလီတွင်း ဂိုထောင်ဆောက်လုပ်ခဲ့ပြီး အနီးနားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာလည်း ဂိုထောင်တစ်ခု ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ တံတားဆောက်ပြီးစီးသွားတဲ့အခါမှာ ထိုအဆောက်အအုံများကို ဒီတိုင်းထားပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

    “ကျွန်တော်တို့ ဗလီနေရာက တံတားနဲ့လည်း နီးသွားတော့ နေရာကောင်းလည်း ဖြစ်သွားတယ်။ ဗလီထဲက အဆောက်အဦးတွေကို ခိုးဆောက်ထားတယ်ပြောတယ်။ အဲ့ဒီတံတာားဆောက်တုန်းက အဆောက်အအုံကို ဒီတိုင်းထားပေးခဲ့တာ၊  တစ်ခုက ဘိလပ်မြေတွေထားဖို့၊ နောက်တစ်ခုက အလုပ်သမား မိသားစုတွေ ခဏနေဖို့ဆိုပြီး အဆောက်ဦး နှစ်ခု ဆောက်ပြီး ထားသွားတာ အုပ်ချုပ်ရေးမှူးတွေလည်း သိတယ်။ သူတို့က ဖျက်ပေးဆိုတော့ ကျွန်တော်တို့ ပြသာနာ မတက်ချင်လို့ ဖျက်ပေးလိုက်တယ်။ နောက် ထပ်တောင်းဆိုလာတယ်။ ဗလီဆရာနေတဲ့အိမ်ပါ ဖျက်ပေးရမယ်ပြောတယ်။ ဗလီဆရာ အိမ်ရှိလာတာက နှစ်ပေါင်း (၂၀) ကျော်ပြီ။ ဒါလည်း ကျွန်တော်တို့ ပြသာနာမတက်ချင်လို့ ဖျက်ပေးလိုက်တယ်။ ခုဟာက ပိုဆိုးလာပြီ။ ဝတ်ပြုဆောင်ကိုပါ ထပ်ဖျက်ခိုင်းနေတယ်။ အဲ့ဒါတော့ အရမ်းလွန်သွားပြီ။ ကျွန်တော်တို့ကတော့ ဝတ်ပြုဆောင်ကို ဘယ်တော့မှ ကိုယ်တိုင်ဖျက်မှာ မဟုတ်ဘူး ။ မဖြစ်မနေ ဖျက်ရမယ်ဆိုရင်လည်း ဖျက်ချင်တဲ့သူတွေပဲ လာဖျက်ပါစေတော့” လို့ ဒေသခံတစ်ဦးက အဖြစ်အပျက်များကို ပြောဆိုခဲ့ပါတယ်။

    ဇွန်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းကလည်း လုံးခင်းဝတ်ပြုကျောင်းကို ဖျက်ရန်အတွက် လာရောက်သူများကို ဒေသခံများက တားဆီးခဲ့ကြကြောင်း သိရပါတယ်။ ဝတ်ပြုကျောင်းကို ဖျက်ဆီးရန်အတွက် လာရောက်ကြသူများမှာလည်း ဒေသခံမဟုတ်သူများနှင့် သံဃာတော်များ ပါဝင်ခဲ့ကြောင်း မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။

    ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရမည့် လုံးခင်းအစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်း ကိစ္စတွင် ဗလီဝတ်ကျောင်းတော်မှ ဂေါပကလူကြီးများ သက်ဆိုင်ရာဒေသ အုပ်ချုပ်သူများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ဝတ်ပြုဆောင်ကိုသာ အမြန်ဆုံး ဖျက်ပေးရန် ဖိအားပေးခဲ့ကြောင်း သိရပါတယ်။

    အဆိုပါ ၀တ်ပြုဆောင်မြေနေရာမှာ ဒေသခံဖြစ်သူဦးရဲမောင်မှ ၁၉၉၀ခုနှစ် မတိုင်ခင်ကတည်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဝတ်ပြုဆောင်မှာလည်း တရားဝင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

    ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ အပြီး ပြည်သူ့ဆန္ဒဖြင့် ဒီမိုကရေစီ နည်းကျရွေးချယ်၍ အစိုးရဖြစ်လာသော ဒေါ်အောဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက်တွင် ကရင်ပြည်နယ် အတွင်း ခရစ်ယာန်ဘာသာဝင်များ၏ ဘုရားရှစ်ခိုးကျောင်းဝင်းအတွင်း နှင့် အစ္စလာမ်ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်းဘေး လမ်းအလယ်၌ မြိုင်ကြီးငူဆရာတော်မှ စေတီများ တည်ခြင်းများဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ သာသနာရေးဝန်ကြီးဌာနနှင့် သံဃာနာယက အဖွဲ့တို့မှ တားဆီးကာကွယ်ပေးနိုင်ခဲ့ခြင်းမရှိပေ။

    ယခု လုံးခင်းကျေးရွာမှ နှစ်ပေါင်း ၂၀ ကျော် တရားဝင် တည်ရှိပြီးခဲ့ပြီးဖြစ်တဲ့ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်ငယ်အား ဖျက်သိမ်းဖို့ လုပ်ဆောင်နေမှု အား သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် သာသနာရေး ဝန်ကြိးဌာနတို့မှ တစုံတရာ ဝင်ရောက်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရှိရပါတယ်။