ဇွန် ၂၄၊ ၂၀၁၆
M-Media
– ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ဗြိတိန်ပြည်သူများ၏ ဆန္ဒမဲပေးမှုတွင် ခွဲထွက်ရေးဘက်က အနိုင်ရရှိသွားခဲ့သည်ဟု သိရသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒမဲပေးမှုတွင် ခွဲထွက်ရေးအတွက် ထောက်ခံမဲပေးကြသူများမှာ ၅၂ ရာခိုင်နှုန်းရှိခဲ့ပြီး၊ မခွဲထွက်ရေး မဲပေးသူများမှာ ၄၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ယူကေလွတ်မြောက်ရေးပါတီ UKIP ၏ ခေါင်းဆောင်ဖြစ်သူ နီဂျဲလ် ဖာရာဂီကမူ အဆိုပါရလဒ်ကို ချီးကျူးခဲ့ပြီး ယူကေ၏ လွတ်လပ်ရေးနေ့ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဆန္ဒမဲပေးပွဲတွင် မဲပေးခွင့်ရသူ အရေအတွက်၏ ၇၁.၈ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြပြီး ၁၉၉၂ နှစ်နောက်ပိုင်း ယူကေတွင် ပြုလုပ်သည့် ပြည်သူ့ဆန္ဒခံယူပွဲများတွင် မဲပေးသူအရေအတွက် အမြင့်ဆုံးလည်း ဖြစ်သည်။
လန်ဒန်နှင့် စကတော့တလန်တို့တွင် ခွဲမထွက်ရေးမဲပေးမှု ပိုမိုများပြားခဲ့သော်လည်း ဝေးလ်နှင့် အင်္ဂလန်ရှိ အခြားသော ဒေသများတွင်မူ ခွဲထွက်ရေး အားသန်ခဲ့သည်။ ယူကေအနေဖြင့် ဥရောပသမဂ္ဂက ခွဲထွက်ပါက နိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်သည်ဟု ခန့်မှန်းမှုများရှိနေပြီး ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်နေစဉ်အတွင်း စတာလင်ပေါင်တန်ဖိုးမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့သည်။
နီဂျဲလ်ဖာရာဂီကမူ ဥရောပသမဂ္ဂတွင် ဆက်လက်ရှိနေရေး တိုက်တွန်းခဲ့သည့် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအား နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
Ref : BBC
Leave a Reply
You must be logged in to post a comment.