News @ M-Media
Blog
  • ဘာသာပေါင်းစုံ ပါဝင်မှုဖြင့် စုပေါင်းဝါဖြေပွဲ ရေတွင်းကုန်း ရပ်ကွက်မှာ ကျင်းပပြုလုပ်
    ဘာသာပေါင်းစုံ ပါဝင်မှုဖြင့် စုပေါင်းဝါဖြေပွဲ ရေတွင်းကုန်း ရပ်ကွက်မှာ ကျင်းပပြုလုပ်
    13427739_512368648950838_3992371320258862803_n
    ဓါတ်ပုံ-Ye Naung Thein
    ဇွန် ၁၉ ၊ ၂၀၁၆
    M-Media
    သတင်း-သူရိန်
    ရပ်ကွက်တွင်း နေထိုင်သူများနှင့် ဘာသာပေါင်းစုံတို့ ပါဝင်သော အစ္စလာမ်ဘာသာဝင်တို့၏ စုပေါင်းဝါဖြေပွဲ တစ်ရပ်ကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် ရေတွင်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဇွန်လ ၁၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    အဆိုပါ စုပေါင်းဝါဖြေပွဲသို့ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ဘာသာကြီး လေးရပ်မှ မိတ်ဆွေများ၊ ရပ်ကွက်အတွင်း နေထိုင်သူများနှင့် အစ္စလာမ်ဘာသာဝင်များ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။
    အခမ်းအနားတွင် ရေတွင်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးရဲနောင်သိန်းက အမှာစကားပြောကြားရာမှာ ” တစ်ဘာသာ နှင့် တစ်ဘာသာ ငြိမ်းချမ်း ချစ်ကြည် တွဲလက်ညီစွာဖြင့် အမိနိုင်ငံတော် အတွက် ထမ်းရွက် ကျေပွန်သင့်ကြသည်ဖြစ်ကြောင်း၊ ရှေးဘုရင်များ လက်ထက်မှ သည် ခေတ်အဆက်ဆက် အစ္စလာမ်ဘာသာဝင် မွတ်စလင်များ သစ္စာရှိရှိ တာဝန်သိသိ ကျေပွန် ဆောင်ရွက် နေထိုင် ခဲ့ကြသည်သာ ဖြစ်ပါကြောင်း ၊ ရှေ့ဆက်၍လည်း အမိမြန်မာနိုင်ငံတော် အပေါ် ကျေးဇူးတရား စောင့်သိ ရိုသေစွာဖြင့် ကျေပွန်သွားကြမည် သာဖြစ်ပါကြောင်း” ဖြင့် မြန်မာပြည်တွင် နေထိုင်သော အစ္စလာမ်ဘာသာဝင်များ တိုင်းပြည်အပေါ် သစ္စာစောင့်တည်မှုများကို ထည့်သွင်းပြောကြားခဲ့သည်။
    13434750_512370745617295_8712130059689304261_n
    ဓါတ်ပုံ-Ye Naung Thein
    စုပေါင်းဝါဖြေပွဲတွင် ဘာသာကြီးလေးရပ်မှ ကိုယ်စားပြု ဟောကြားပြီး အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ် ဖြေချိန် ညနေပိုင်းတွင် စားသောက်ဖွယ်ရာများဖြင့် စုပေါင်းဝါဖြေခဲ့ခြင်း ဖြစ်သည်။
    ယမန်နှစ်များကလည်း Social Alliance လူမှုမဟာမိတ် အဖွဲ့မှ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲများ ကျင်းပခဲ့ပြီး ယခု အခမ်းအနားကို အဆိုပါအဖွဲ့နှင့် ရေတွင်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တို့ ပူပေါင်းစီစဉ် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
    ယခုနှစ် ၂၀၁၆ခုနှစ် ဇွန်လဆန်းမှ ဇူလိုင်လဆန်းအထိ တစ်လတာ ကျရောက်သည့် အစ္စလာမ်ဘာသာဝင်များရဲ့ ရမဇန် ဥပုတ်လအတွင်း ကမ္ဘာ အရပ်ရပ်ရှိ ဥပုတ်သီလ စောင့်တည်သူ အစ္စလာမ်ဘာသာဝင်များသည် ၎င်းတို့၏ ဥပုသ်အချိန်ကုန်ဆုံးချိန် စုပေါင်းဝါဖြေပွဲများကို အသွင် သဏ္ဍာန် အမျိုးမျိုးဖြင့် အနှစ်သာရရှိရှိ ကျင်းပသည့် အစဉ်အလာရှိကြပါသည်။
  • “မွေးနေ့ရှင် အမေစုအတွက် မြန်မာမွတ်ဆလင်မ် တဦးရဲ့ မေတ္တာဆုတောင်း ” (ကဗျာ)
    “မွေးနေ့ရှင် အမေစုအတွက် မြန်မာမွတ်ဆလင်မ် တဦးရဲ့ မေတ္တာဆုတောင်း ” (ကဗျာ)
    13412906_1231481063559153_1792043827991103593_n
    ခေတ်အဆက်ဆက် မြန်မာ့မြေ
    တိုင်းတစ်ပါးကျွန်အောက် မရောက်ရေး
    သွေးစည်းစွာ စတေးကြရင်း
    ဤမြန်မာဆိုတဲ့ ကားကြီးနဲ့
    ရွေ့လျား ခရီးပေါက်စေဖို့
    ညီနောင်သွေးချင်းတွေနဲ့အတူ
    သားတို့မြန်မာမွတ်ဆလင်မ်တွေလည်း
    ကိုလိုနီနယ်ချဲ့လက်အောက်က
    ရုန်းထွက်ရန် ကြိုးစားနေစဉ်
    19-ဇွန်-1945 နေ့မှာ
    ဗိုလ်ချူပ်သမီး
    အောင်ဆန်းစုကြည်လေး မွေးဖွားလာတော့
    ညီနောင်သွေးချင်းတွေနဲ့အတူ
    သားတို့မြန်မာမွတ်ဆလင်မ်တွေလည်း
    ခါးသည်းတဲ့ စစ်ကျွန်ဘ၀အောက်မှာ
    ဤမြန်မာဆိုတဲ့ ကားကြီး
    နွံနစ်ခါရှေ့မတိုးလေတော့
    အမေလည်းသားတို့နဲ့အတူ
    ကြံ့ကြံ့ခံ အလံမလှဲဘဲ
    ညီနောင်သွေးချင်းတွေနဲ့အတူ
    သားတို့မြန်မာမွတ်ဆလင်မ်တွေလည်း
    အမြဲအမှတ်ရနေမှာပါ အမေ။
    ဆူးနွံချိုင့်ဝှမ်း
    မှေးဆန်းလို့ ခရီးနှင်နေချိန်
    ခလုပ်မထိ ဆူးမညိဘဲ
    အမေအမြဲ ကျန်းမာနေစေဖို့
    ညီနောင်သွေးချင်းတွေနဲ့အတူ
    သားတို့မြန်မာမွတ်ဆလင်မ်တွေလည်း
    တို့ပြည်သူ မာန်အဟုန်နဲ့
    ဤကားလေးရွေ့မယ်ကြံသေး
    လက်တစ်ဆုတ်စာ လူတစ်စုရယ်က
    ဧည့်သည်ဟု နှင်ကာထုတ်လေတော့
    သားတို့မြန်မာမွတ်ဆလင်မ်တွေလေ
    အရမ်းစိတ်ထိခိုက်ရတယ် အမေ။
    ဤမြန်မာဆိုတဲ့ ကားကြီး
    ဟော ခုချိန်မှာ အမေမောင်းပြီမို့
    လက်တွဲညီ ရှေ့သို့ချည်ရင်း
    အလ္လာဟ်အသျှင်မြတ်ထံ ဦးထိပ်ပန်ကာ
    သားတို့မြန်မာမွတ်ဆလင်မ်တွေ ဆုမွန်ချွေပါ၏
    အသက်ရှည်ကျန်းမာပါစေ အမေ။
    (သိန်းမိုးဝင်း  Sydney: 13-June-2016)
    ** M-Media သို့ သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့တွင်နေထိုင်သူ ကိုသိန်းမိုးဝင်း ပေးပို့လာသော ကဗျာ ဖြစ်ပါတယ်။
    သိန်းမိုးဝင်း၏ဆုတောင်း။ ။
    အခမ်းအနား အပြည့်အစုံ။ ။
  • ဖာလူဂျာမြို့ IS လက်မှလွတ်မြောက်ကြောင်း အီရတ်ကြေငြာ
    ဖာလူဂျာမြို့ IS လက်မှလွတ်မြောက်ကြောင်း အီရတ်ကြေငြာ
    ဇွန် ၁၈၊ ၂၀၁၆
    M-Media
    iraq 5
    – IS က သိမ်းပိုက်ထားသည့် ဖာလူဂျာမြို့၏ အစိတ်အပိုင်းအများစုအား မိမိတို့တပ်ဖွဲ့များက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး အမြစ်ဖြတ်ချေမှုန်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ကြေငြာလိုက်သည်။
    ဖာလူဂျာမြိုအား IS က ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မူဆိုးလ်မြို့ကို ထပ်မံသိမ်းယူခဲ့သည်။
    “ဖာလူဂျာ လွတ်မြောက်ကြောင်း ကျွန်တော်တို့ ကြေငြာလိုက်ပါတယ်။ မြို့ကို ကျွန်တော်တို့ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေဟာ နေရာအနည်းငယ်မှအပ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့နေရာတွေကိုလည်း လာမယ့်နာရီအနည်းငယ်အတွင်းမှာ ရှင်းလင်းသွားမှာပါ။ ဖာလူဂျာဟာ နိုင်ငံ့လက်ထဲကို ပြန်ရောက်လာခဲ့ပြီး မူဆိုးလ်မြို့သိမ်းပိုက်ရေးကတော့ နောက်ထပ် ဆင်နွှဲရမယ့် တိုက်ပွဲပါပဲ” ဟု ၀န်ကြီးချုပ် အာဘာဒီက နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် ယမန်နေ့တွင် ပြောကြားခဲ့သည်။
    မြို့တော်ဘဂ္ဂဒတ်အနောက်ဘက် ကီလိုမီတာ ၅၀ အကွာတွင်ရှိသည့် အဆိုပါ ဖာလူဂျာမြို့အား IS လက်မှ ပြန်လည်သိမ်းယူနိုင်ရေးအတွက် အီရတ်စစ်တပ်မှာ လွန်ခဲ့သည့် ၄ ပတ်မှစတင်ကာ အကြီးစား စစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    Ref: Aljazeera
  • ရော်နယ်ဒင်ဟိုမှာ လက်ရှိ ဘောလုံးဘုရင်များထက် ပိုကောင်းသည်ဟု ဒေကိုပြော
    ရော်နယ်ဒင်ဟိုမှာ လက်ရှိ ဘောလုံးဘုရင်များထက် ပိုကောင်းသည်ဟု ဒေကိုပြော
    ဇွန် ၁၈၊ ၂၀၁၆
    M-Media
    rndh
    – လက်ရှိကမ္ဘာ့ဘောလုံးစင်မြင့်တွင် ပြိုင်ဘက်ကင်းကစားသမားများဖြစ်သော လီယွန်နယ်မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ထက် ရော်နယ်ဒင်ဟိုက ပို၍ ပါရမီရှင်ကစားသမားဖြစ်သည်ဟု ဘာစီလိုနာကစားသမားဟောင်း ဒေကိုက ပြောကြားလိုက်သည်။
    ပေါ်တူဂီကစားသမားဖြစ်သူ ဒေကိုမှာ ၂၀၀၈ ခုနှစ် ဘာစီလိုနာမှာ မထွက်ခွာခင် ရော်နယ်ဒင်ဟိုနှင့်အတူ ကစားခဲ့ပြီး လာလီဂါဖလား ၂ ကြိမ်နှင့် ချန်ပီယံလိဂ်တစ်ကြိမ် ရရှိခဲ့သည်။
    မက်ဆီနှင့် ရော်နယ်ဒိုတို့မှာ လက်ရှိဘောလုံးလောကတွင် ပြိုင်ဘက်ကင်းကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရသော်လည်း ဒေကိုကမူ ၎င်းတို့နှစ်ဦးမှာ ကမ္ဘာ့အကောင်းဆုံးနေရာ ရရှိရန်အတွက် ၎င်းတို့၏ အခြားသော စွမ်းအားများကို အသုံးပြုခဲ့ပြီး ရော်ယန်ဒင်ဟိုကမူ ထိုကဲ့သို့မဟုတ်ဟု ဆိုသည်။
    “ခရစ္စတီယာနိုဟာ ငယ်ရွယ်ပြီး၊ အားကစားရည်ပြည့်ဝတဲ့သူဖြစ်သလို အင်မတန်လည်း ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ မက်ဆီကတော့ လက်ရှိ ဘာစီလိုနာမှာ ဘောလုံးနဲ့ပတ်သက်ပြီး သူလုပ်နိုင်တာကိုလုပ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေသူပါ။ ရော်နယ်ဒင်ဟိုက ဒီလိုမဟုတ်ဘဲ မွေးရာပါ ထူးခြားတဲ့အရည်အသွေးရှိသူ ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ဆီကို ဘောလုံးပေးလိုက်တိုင်း သူ့ရဲ့လှုပ်ရှားမှုနဲ့ ဂိုးသွင်းမှုတွေဟာ တစ်ခြားကမ္ဘာက လာသလိုပါပဲ။ သူဟာ လီယိုနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ထက်ပိုပြီး ပါရမီရှိပါတယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ မသိတဲ့အခြေအနေမျိုးတွေမှာတောင် သူဟာ ခင်ဗျားအတွက် အခွင့်အရေးတွေ ဖန်တီးပေးမှာပါ” ဟု ဒေကိုက ပြောကြားခဲ့သည်။
    Ref: Goal
  • မိုးခေါင်ရေရှားနေသည့် နိုင်ဂျာနိုင်ငံတွင် တူရကီက ရေတွင်းများ တူးပေးမည်
    မိုးခေါင်ရေရှားနေသည့် နိုင်ဂျာနိုင်ငံတွင် တူရကီက ရေတွင်းများ တူးပေးမည်
    ဇွန် ၁၈၊ ၂၀၁၆
    M-Media
    turkey 6
    – အာဖရိက က မိုးခေါင်ရေရှားမှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရတဲ့ နိုင်ဂျာနိုင်ငံမှာ ရေတွင်းတွေ တူဖော်ပေးမယ်လို့ တူရကီနိုင်ငံအခြေစိုက် Cansuyu ပရဟိတနှင့် ညီညွတ်ရေးအသင်းက ယခုတစ်ပတ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။
    “နိုင်ဂျာမှာ ရေတွင်းတွေတူးဖော်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတော့မှာပါ” လို့ ယင်းပရဟိတအဖွဲ့ရဲ့ အာဖရိကကိုယ်စားလှယ်ဖြစ်သူ မီဆု ဆေလန်က ပြောကြားခဲ့ပါတယ်။
    မိုးခေါင်ရေရှားမှုကြောင့် နိုင်ဂျာပြည်သူတွေဟာ သောက်သုံးရေးပြတ်လတ်မှုဒဏ်ကို အလွန်အမင်း ခံစားနေရပြီး ရေရှိဖို့အတွက် တန်းစီးစောင့်ဆိုင်းနေရတာမျိုးတွေလည်း ရှိနေပါတယ်။
    “ဒီကိစ္စကို ချက်ချင်းဖြေရှင်းပေးဖို့ လိုပါတယ်။ ဥပမာ၊ သူတို့ကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်စွမ်းရှိဖို့၊ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဦးစားပေး ဆောင်ရွက်ရပါမယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဌာနဆိုင်ရာအသင်းအပင်း၊ အဖွဲ့အစည်းတွေနဲ့အတူ လိုအပ်တဲ့စီမံကိန်းတွေလည်း ချမှတ်ဆောင်ရွက်ရပါမယ်” လို့ ဆေလန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
    Cansuyu ပရဟိတအသင်းဟာ အခုနှစ် ရမ်ဇာန်ဥပုသ်လအတွင်းမှာ နိုင်ဂျာပြည်သူတွေအတွက် အစားအသောက် အကူအညီတွေကိုလည်း ထောက်ပံ့ပေးအပ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တူရကီနိုင်ငံက အကူအညီပေးရေး အဖွဲ့တွေဟာ နိုင်ငံဂျာနိုင်ငံမှာ ရေတွင်းအမြောက်အများ တူးပေးတာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တာ စတဲ့ ထောက်ပံ့ကူညီမှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။
    ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ နိုင်ဂျာဟာ ကုလသမဂ္ဂရဲ့ ၂၀၁၅ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံ
    စာအရ လူသားဖွံ့ဖြိုးမှုညွှန်းကိန်းစာရင်းမှာ အဆင့် ၁၈၈ သာရရှိခဲ့ပါတယ်။
    Ref; IINA