News @ M-Media

Blog

  • ပြိုင်ဘက်အိုက်စလန်အသင်းအား ရော်နယ်ဒို ဝေဖန်

    ပြိုင်ဘက်အိုက်စလန်အသင်းအား ရော်နယ်ဒို ဝေဖန်

    ဇွန် ၁၅၊ ၂၀၁၆
    M-Media

    portugul

    – ယူရို ၂၀၁၆ အုပ်စု H အဖွင့်ပွဲစဉ်တွင် သရေတစ်မှတ်ရယူနိုင်ခဲ့သည့် အိုက်စလန်အသင်းမှာ အားကစားစိတ်ဓာတ် အနည်းငယ်သာရှိသည်ဟု ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ဝေဖန်ပြောကြားလိုက်သည်။

    ယနေ့မနက်က ပေါ်တူဂီနှင့်ကစားခဲ့သည့် ထိုပွဲတွင် နာနီ၏ ဦးဆောင်ဂိုးကို အိုက်စလန်က ပြန်လည်ချေပနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အဓိကပြိုင်ပွဲကြီးတစ်ခုတွင် မဖြစ်နိုင်ဆုံး သရေတစ်မှတ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ထိုပွဲတွင် ဂိုးသွင်းခွင့်အများအပြား ရရှိခဲ့သော်လည်း ဂိုးမသွင်းနိုင်ခဲ့သည့် ရော်နယ်ဒိုကမူ အိုက်စလန်အသင်းအား ဝေဖန်ခဲ့သည်။

    “နည်းနည်းတော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီပွဲကိုနိုင်ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ်။ အိုက်စလန်ကတော့ ဘာမှကို မကြိုးစားခဲ့ပါဘူး။ သူတို့ ၁ ဂိုးရသွားတယ်။ မိနစ် ၉၀ လုံးမှာမှ သူတို့ ၂ ကြိမ်လောက်သာ အခွင့်အရေးရတာပါ။ ကျန်တဲ့အချိန်တွေမှာ သူတို့ ကစားသမားတွေဟာ ဘောလုံးကို မထိပါဘူး။ ဂိုးနားမှာ ဘတ်စ်ကားကြီးလို ပိတ်နေပြီး၊ အသင်းတစ်သင်းက ဒီလို ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ကစားရတာ ခက်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီကတော့ ဘောလုံးကို ဘောလုံးနဲ့တူအောင် ကစားခဲ့ပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပါတယ်” ဟု ရော်နယ်ဒိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • လက်နက်များ လွပ်လပ်စွာ ပြန့်နှံမှုအတွက် ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

    လက်နက်များ လွပ်လပ်စွာ ပြန့်နှံမှုအတွက် ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

    ဇွန် ၁၅၊ ၂၀၁၆
    M-Media

    pope 2

    – ကမ္ဘာတစ်ဝှမ်းလုံး လက်နက်တွေ ပူပျံနေစေတဲ့ မျက်နှာပြောင်တိုက်လွတ်လပ်မှု၊ ဖြေလျော့ပေးထားမှုတွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရှုတ်ချလိုက်ပြီး ဒါဟာ လူ ၅၀ ကျော် သေဆုံးစေခဲ့တဲ့ အော်လန်ဒိုပစ်ခတ်မှုအပြီး နောက်တစ်ရက်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

    တနင်္လာနေ့က အီတလီနိုင်ငံ ရောမမြို့က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရုံးချုပ်မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ဒီလို ရှုတ်ချလိုက်တာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရင် အနှောက်အယှက်အတားအဆီးတွေ ရှိနေတဲ့အချိန်မှာ လူသတ်လက်နက်တွေကိုတော့ ဖောဖောသီသီ ရရှိနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    “အကူအညီတွေ၊ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေက အရေးမပါတဲ့ နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်တွေ၊ အတွေးအခေါ်ချွတ်ချော်တိမ်းစောင်းမှုတွေ၊ ထိုးဖောက်လို့မရတဲ့ ဓလေ့ထုံးတမ်း အဆီးအတားတွေနဲ့ ပိတ်ဆို့ခံထားရနေပေမယ့် လက်နက်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ လက်နက်တွေ ဘယ်ကရောက်လာလဲဆိုတဲ့ကိစ္စက သိပ်ထူးထူးခြားခြားကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီလက်နက်တွေဟာ ကမ္ဘာ့နေရာတော်တော်များများမှာ မျက်နှာပြောင်တိုက်ပြီး၊ လွတ်လွတ်လပ်လပ်နဲ့ ပြန့်နှံ့နေတာပဲလေ။ ရလဒ်အနေနဲ့ကတော့ ကျွန်တော်တို့ အသက်တွေ စတေးရတာပါပဲ” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

    တနင်္ဂနွေနေ့ကလည်း ပုပ်ရဟန်းမင်းကြီးက အော်လန်ဒိုပစ်ခတ်တိုက်ခိုက်မှုဟာ မိုက်မဲတဲ့လူသတ်မှုဖြစ်ပြီး အဓိပ္ပါယ်မရှိတဲ့ မုန်းတီးမှုတစ်ခုသာဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ငတ်မွတ်ခေါင်းပါးမှု၊ အချို့သောနေရာဒေသတွေမှာ အစားအသောက်တွေ အလွန်အမင်း ဖြန်းတီးမှုနဲ့ပတ်သက်ပြီးတော့လည်း ဖရန်စစ်က တနင်္လာနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Presstv

  • Top 10 ဝင်ဖို့ ၇ မှတ်အလိုနဲ့ ၆ ဘာသာဂုဏ်ထူးရှင် မောင်မျိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း

    Top 10 ဝင်ဖို့ ၇ မှတ်အလိုနဲ့ ၆ ဘာသာဂုဏ်ထူးရှင် မောင်မျိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း

    ဇွန် ၁၄ ၊ ၂၀၁၆
    M-Media
    မေးမြန်းသူ-သီဟ

    Myo Min၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က ထုတ်ပြန်ပေးခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၆၃၆,၂၃၇) ဦးရှိပြီး (၁၉၀,၃၈၈) ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၂၉.၉၂) % ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြင်သူများ အနက်  အထက(၂) ဗန်းမော် နှင့် ရန်ကုန်မြို့ အောင်အကယ်ဒမီကိုယ်ပိုင် စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အမှတ်ပေါင်း (၅၄၈) မှတ်ရရှိပြီး ဘာသာစုံ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ မောင် မျိုးမင်းသိန်းကို M-Media မှ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

     

    M-Media- ညီလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မိဘများ နဲ့ နေရပ်ဇာတိလေး မိတ်ဆက်ပေးပါအုံး။

    ဖြေ- နာမည်က မောင်မျိုးမင်းသိန်းပါ။ ၁၀-၂-၂၀၀၀ မှာ မွေးပါတယ်။ အဖေက ဦးလှသိန်း အမေကဒေါ်ရီရီချစ်ပါ ၊ မိဘ နှစ်ပါးစလုံးက အငြိမ်းစား ကျောင်းဆရာ/ဆရာမတွေပါ။  ဇာတိက ကချင်ပြည်နယ်ဗန်းမော်မြို့ ဖြစ်ပါတယ်။

    M-Media- ဂုဏ်ထူး (၆)ဘာသာ ထွက်အောင်  အခြေခံ ခိုင်အောင် ဘယ်အချိန်ကတည်းက စပြီး ကြိုးစားခဲ့ရသလဲ ညီလေး အတွေ့အကြုံကို ပြောပြပါ။
    ဖြေ- ငယ်ငယ်ကတည်းကကြိုးစားခဲ့ပါတယ်။ အထူးသဖြင့်၆တန်းလောက်ကစပြီး ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ဇွဲရှိရှိကြိုးစားခဲ့ပါတယ်

    Myo Min mark

    M-Media- ဘာသာစုံ ဂုဏ်ထူးထွက်အောင် ဘယ်လိုပုံစံ စာကျယ်ခဲ့သလဲဆိုတာ မျိုးဆက်သစ်တွေကို မျှဝေပေးပါအုံး။
    ဖြေ- အဓိကတော့ စာကို သူအချိန်နဲ့ သူကျက်ပါတယ်။ နှစ်စကတည်းက ၆ ဘာသာ ဂုဏ်ထူးမှန်းထားတယ်ဆိုတော့ နှစ်ကတည်းက အချိန်ကို သေချာသတ်မှတ်တယ်။ သေချာ ပိုင်းခြားတယ်။ တပတ်စာ၊ တလစာ Time Tables တွေဆွဲပါတယ်။ revision အတွက်

    Schedule တွေ ဆွဲပါတယ်။ စားချိန်၊ အိပ်ချိန်၊ စာကျက်ချိန်ကို သေချာ ပိုင်းခြားပြီး သတ်မှတ်ခဲ့ပါတယ်။

    M-Media- အနာဂတ် ရည်မှန်းချက်က ဘာလဲ။

    ဖြေ- အနာဂတ်ရည်မှန်းချက်က ဆရာဝန်တယောက်ဖြစ်ဖို့ပါ။ ဆရာဝန်တယောက်ဖြစ်ဖို့ ဆိုတာထပ် Professional ဆရာဝန် တယောက်ဖြစ်ဖို့ပါ။

    M-Media-ငယ်စဉ်ကနေ အတန်းစဉ်အလိုက် ရရှိခဲ့တဲ့ ထူးချွန်ဆုတွေရှိလား?၊

    ဖြေ- အထက(၂) ဗန်းမော်ကျောင်းကနေ ၇ တန်းမှာ ပဉ္စမ ဆု ရပါတယ်။  ၈ တန်းမှာ ဆဌမ ဆုရပါတယ်။ ၉ တန်းမှာတော့ တမြို့နယ်လုံးမှာ ပထမဆုရပါတယ်။

    M-Media-အခုလို ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်တဲ့အတွက် ဘယ်လိုပီတိမျိုးကိုခံစားရပါသလဲ။

    ဖြေ- အရမ်းကို ပျော်ပါတယ်။ အဓိက ကတော့ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။  နောက်ပြိးကတော့  ကျနော် ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်လို့ ပျော်နေတဲ့ မိဘတွေ ကို တွေ့ရလို့ အရမ်းပဲ ပီတိ ဖြစ်မိပါတယ်။

    M-Media- လက်ရှိ မြန်မာ့ ပညာရေး စနစ်ကို ဘယ်လိုဝေဖန် အကြံပြု ပြောကြားလိုပါသလဲ။

    ဖြေ- အခု အစိုးရအသစ်တက်ပြီးနောက်ပိုင်း သူငယ်တန်းက စ ပြောင်းလဲပြီးလုပ်နေတာဖြစ်လို့  Next Generation အတွက်ကောင်းပါတယ်။ နောက်ပြီး ၁၀ တန်းကျောင်းသားတွေ အတွက်လဲ ဒီနှစ်တော့ မပါဘူး။ နောက်နှစ်တွေက စပြီး တက္ကသိုလ်တွေမှာ အမှတ်နဲ့ ခွဲတာ မဟုတ်ဘဲ ဝင်ခွင့်ဖြေပြီး တက်ရောက်နိုင်မှာ ဖြစ်လို့ အရမ်းကိုကောင်းပါတယ်။

    M-Media-ထူးချွန်လူငယ်တယောက်အနေနဲ့ အနာဂတ်မှာ တိုင်းပြည်တိုးတက်အောင် ဘယ်လို့ အခန်းကဏ္ဍကနေ ပါဝင်ပေးဆပ်ဖို့ စိတ်ကူးပါသလဲ။
    ဖြေ- တိုင်းပြည်တပြည်တိုးတက်ဖို့အတွက်က စီးပွားရေး၊ ကျန်းမာရေး ၊ စည်းလုံး ညီညွတ်ဖို့ အားလုံးလိုအပ်ပါတယ်။  ကျနော်ရည်မှန်းချက်က ဆရာဝန်ယောက် ဖြစ်ဖို့ ဆိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားပါ့မယ်။ ပညာတတ်လူငယ်တွေ အများကြီးပေါ်ထွန်း လာစေချင်ပါတယ်။

    M-Media- မွတ်စလင်မ် လူငယ်တယောက်အနေနဲ့  Community အတွက်ရော ဘယ်လိုအကျိုးပြုအလုပ်တွေ လုပ်သွားမယ်လို့စဉ်းစားထားပါသလဲ။
    ဖြေ- ကိုယ်ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာနဲ့ Community အတွက် လုပ်ပေးသွားမယ်လို့ စဉ်းစားထားပါတယ်။ မျိုးဆက်သစ်တွေအတွက်လဲ တတ်နိုင်သလောက်ကူညီပေးသွားပါ့မယ်။

    M-Media- ဖြည့်စွက်ပြောချင်တာလေးရှိပါသလား။
    ဖြေ- ရည်မှန်းချက်ရှိသူအားလုံး သေချာကြိုးစားစေချင်ပါတယ်။ ကြိုးစားတဲ့နေရာမှ စိတ်ဓါတ်ကျနိုင်တဲ့ အခြေအနေ အမျိုးမျိုး ကြုံရနိုင်ပါတယ်။ အဲလို အခြေအနေမှာ လည်း စိတ်ဓါတ်မကျဘဲ တင်းထားစေချင်ပါတယ်။ နောက်ပြီး မိမိတို့ ကိုးကွယ်ရာ အလိုက် ဘုရား၊တရား အမြဲသတိရကျစေချင်ပါတယ်။

    M-Media – အခု လို ဖြေကြားပေးတဲ့ ညီလေး မျိုးမင်းသိန်းကို M-Media က အထူးပဲ ကျေးဇူးတင်ပါတယ်။

    ဖြေ-ဟုတ်ကဲ့ ကျနော်လဲ ကျေးဇူးတင်ပါတယ်။

    Top 10

  • သံဃာ တပါး အသတ်ခံရမှု၊ လူမျိုးရေး/ဘာသာရေး ပြသနာဖြစ်စေရန် မဟုတ်မမှန် ရေးသား လှုံ့ဆော်

    သံဃာ တပါး အသတ်ခံရမှု၊ လူမျိုးရေး/ဘာသာရေး ပြသနာဖြစ်စေရန် မဟုတ်မမှန် ရေးသား လှုံ့ဆော်

    ဇွန် ၁၄ ၊ ၂၀၁၆
    M-Media
    ထွန်းတောက်
    .13459769_1104320139640681_1182372236_n.png
    မန္တလေးတိုင်း စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာ မှ အသောက ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥာဏဝံသ ဆရာတော်ဟာ အသတ်ခံခဲ့ရကြောင်း သိရပါတယ်။
    .
    အဆိုပါ လူသတ်မှုကို ကျူးလွန်သူဟု သံသယရှိသူ အောင်နိုင်ဝင်း အသက် ၂၂ နှစ်၊ ရုံးပင်ကုန်းရပ် နှင့် ကျော်စွာလင်း အသက် ၂၄ နှစ်၊ ရေပြာအိုင်ရွာ တို့ ကို ဖမ်းဆီး ရရှိကြောင်း၊ ဖမ်းဆီးရမိသူ ၂ ဦးစလုံးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း၊ ဖမ်းဆီရမိသူများကို ရဲ တပ်ဖွဲ့များမှ လူသတ်မှု ကျူးလွန်ခဲ့ပုံကို သရုပ်ပြသခိုင်းခဲ့ကြောင်း ၊ အခင်းဖြစ်ပွားရာနေရာသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်နိုင်ဥိးလည်း လာရောက် ခဲ့ကြောင်းကို အဆိုပါ အခင်းဖြစ်ပွားရာနေရာ သို့ ရောက်ရှိခဲ့သူ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဒေါ်အမာနီမှ သူရဲ့ FB စာမျက်နှာမှာ အဖြစ်မှန်ကို ရေးသားဖော်ထားတာကို တွေ့ရှိရပါတယ်။
    .
    အဆိုပါ သတင်းအား တရားခံများ ဖမ်းမမိသေးခင် အမျိုးသားရေး အမည်ခံ ဆိုရှယ်မီဒိယာ အကောင့်များမှ လူမျိုးရေး /ဘာသာရေး အသုံးအနှုန်းများ ဖြင့် ချိတ်ဆက်လှုံ့ဆော်ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
    .
    အဆိုပါ အကောင့်များမှာ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှ စပြီး ယခုအချိန်ထိ လူမျိုးရေး/ဘာသာရေး မုန်းတီးလှုံ့ဆော်မှုများ ဆက်တိုက်ပြုလုပ်နေသူများဖြစ်ပြီး ယနေ့အချိန်ထိ အရေးယူ ခံရခြင်းမရှိသေးပေ။

  • ပြင်သစ်တွင် ရဲအရာရှိတစ်ဦးနှင့် ၎င်း၏ ချစ်သူကို IS အဖွဲ့ဝင်တစ်ဦးက သတ်ဖြတ်

    ပြင်သစ်တွင် ရဲအရာရှိတစ်ဦးနှင့် ၎င်း၏ ချစ်သူကို IS အဖွဲ့ဝင်တစ်ဦးက သတ်ဖြတ်

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    france 4

    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆင်ခြေဖုံးတွင် ဓားသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ရဲအရာရှိတစ်ဦးနှင့် ၎င်း၏ ချစ်သူတို့ သေဆုံးခဲ့သည်ဟု သိရသည်။

    ရဲအရာရှိ၏နေအိမ်တွင် တနင်္လာနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့က မိမိတို့လက်ချက်ဖြစ်သည်ဟု တာဝန်ယူခဲ့ကာ တိုက်ခိုက်သူမှာ မိမိတို့ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဆိုသည်။

    ပြင်သစ်သမ္မတ ဖရန်ကိုအစ် အော်လွန်းကမူ ထိုတိုက်ခိုက်မှုမှာ “မေးခွန်းထုတ်စရာမလိုသည့် အကြမ်းဖက်တိုက်ခိုက်မှု” ဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်များ၏ ခြိမ်းခြောက်မှုကို သိသိသာသာ ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။

    ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တိုက်ခိုက်သူမှာ ရဲအရာရှိ ဂျီယန် ဘပ်တစ်တီ ဆာလ်ဗိုင်းအား ၎င်း၏ နေအိမ်အပြင်ဘက်တွင် ဓားဖြင့်ထိုးခဲ့ပြီးနောက် အိမ်တွင်းသို့ ၀င်ရောက်ကာ ၎င်းတို့၏ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို ဓားစားခံအဖြစ် ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းမှု မအောင်မမြင်ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့မှာ အိမ်တွင်းသို့ ၀င်ရောက်စီးနင်းကာ လာရိုစီ အာဘာလာဟု အမည်ရသည့် အဆိုပါ တိုက်ခိုက်သူကို ပစ်သတ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ရဲအရာရှိ၏ ချစ်သူအလောင်းကို အိမ်အတွင်း တွေ့ခဲ့ရပြီး ကလေးငယ်ကိုမူ ကယ်တင်နိုင်ခဲ့သည်။

    ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ပြင်သစ်သမ္မတမှာ ၀န်ကြီးချုပ် မန်နျူယဲလ် ဗားလ်စ်၊ ပြည်ထဲရေးဝန်ကြီး ဘားနဒ် ကာဇီနျူဗီ၊ တရားရေးဝန်ကြီး ဂျီယန်-ဂျာကွက်ဇ် အာရ်ဗိုအာ့စ်တို့နှင့် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့သည်။

    အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အဘာလာမှာ ယခင်က အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ရာဇ၀တ်မှုဆိုင်ရာ အသင်းအဖွဲ့ ဖွဲ့စည်းမှုအတွက် ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံခဲ့ရသူဖြစ်သည်။ ထို့ပြင် ၎င်းမှာ ပါကစ္စတန်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်မှုရှိသည်ဟု ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: Aljazeera