News @ M-Media

Blog

  • မိဘမဲ့ကလေးများအရေး အသိပညာပေးမှု တိုးမြှင့်ဖို့ အိုအိုင်စီက အဖွဲဝင်နိုင်ငံများကို တိုက်တွန်း

    မိဘမဲ့ကလေးများအရေး အသိပညာပေးမှု တိုးမြှင့်ဖို့ အိုအိုင်စီက အဖွဲဝင်နိုင်ငံများကို တိုက်တွန်း

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    oic 2

    – ရမ်ဇာန်ဥပုသ်လ ၁၅ ရက်နေ့မှာ ကျရောက်မယ့် အစ္စလာမ်ကမ္ဘာရဲ့ ”မိဘမဲ့ကလေးများနေ့” မှာ မိဘမဲ့ကလေးတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့အတွက် အိုအိုင်စီက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ”မိဘမဲ့ကလေးများနေ့” နဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို တိုက်တွန်းလိုက်တာဖြစ်ပြီး ဒီနေ့ကို ကျင်းပရခြင်းဟာ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေထဲက အမိမဲ့၊ အဖမဲ့ ဖြစ်နေတဲ့သူတွေကို သတိတရရှိဖို့၊ သူတို့ကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ကူညီကယ်ဆယ်ရေးတွေ ထပ်တိုးပြုလုပ်ဖို့အတွက် ဆော်သြဖို့ ဖြစ်တယ်လို့လည်း အဲဒီကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    နောက်ပြီး မိဘမဲ့များရဲ့အခွင့်အရေးဟာ အစ္စလာမ်နဲ့ အခြားသောဘာသာကြီးတွေက အာမခံပေးထားတဲ့ အကြီးကျယ်ဆုံးသော လူ့အခွင့်အရေးဖြစ်တယ်လို့လည်း အိုအိုင်စီက ဆိုပါတယ်။

    အိုအိုင်စီဟာ မိမဲ့ကလေးငယ်များအရေးကို အထူးအလေးထားဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပြီး အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံအများအပြားမှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီသဘာဝဘေးဒဏ်ကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးငယ်တွေအတွက် လူမှုဖူလုံရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို အထူးအစီအစဉ်တစ်ရပ်ဖော်ဆောင်က ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

    ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ဂီနီနိုင်ငံ ကိုနာကရီမြို့မှာ ကျင်းပခဲ့တဲ့ အိုင်အိုင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အကြိမ် ၄၀ မြောက်အစည်းအဝေးမှာ နှစ်စဉ် ရမ်ဇာန်ဥပုသ်လ ၁၅ ရက်နေ့ကို အစ္စလာမ်ကမ္ဘာရဲ့ “မိဘမဲ့ကလေးများနေ့” အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

    Ref : IINA

  • ဘောလုံးပြိုင်ပွဲ မဲခွဲရာတွင် ယူအီးအက်ဖ်အေ၏ မသမာမှုကို မျက်မြင်ကြုံတွေ့ခဲ့သည်ဟု ဘလတ္တာပြော

    ဘောလုံးပြိုင်ပွဲ မဲခွဲရာတွင် ယူအီးအက်ဖ်အေ၏ မသမာမှုကို မျက်မြင်ကြုံတွေ့ခဲ့သည်ဟု ဘလတ္တာပြော

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    blatter

    – ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေအနေဖြင့် ဒေသတွင်းပြိုင်ပွဲများအတွက် မဲခွဲမှုများတွင် မသမာမှုများ ရှိခဲ့သည်ကို မိမိက မျက်မြင်ကြုံတွေ့ခဲ့ရကြောင်း ဖီဖာဥက္ကဌဟောင်း ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။

    လွန်ခဲ့သည့် ၂ နှစ် ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအသင်းအား အုပ်စုချောင်အောင် ဖီဖာက မဲခွဲမှုတွင် ဆောင်ရွက်ပေးခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဘလတ္တာက ယူအီးအက်ဖ်အေနှင့်ပတ်သက်၍ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ၂၀၁၄ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအား ပွဲချောင်စေရန် ဆောင်ရွက်ပေးခဲ့သည်ဆိုသည့် သတင်းကိုမူ ၎င်းက ငြင်းဆိုခဲ့သည်။

    “(၂၀၁၄ ကမ္ဘာဖလား) အုပ်စုမဲခွဲမှုက နောက်ဆုံးအချိန်အထိ သန့်ရှင်းပါတယ်။ ကျွန်တော်ဆို အသင်းနာမည်တွေထည့်ထားတဲ့ ဘောလုံးလေးတွေကို ထိတောင်မထိပါဘူး။ တကယ်တော့ အဲဒီဘောလုံးတွေကို အပူပေးတာ၊ ဒါမှမဟုတ် အအေးခံတာမျိုးနဲ့ အမှတ်အသားလုပ်လို့ရပါတယ်။ ဒါဟာ နည်းပညာအရ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဖီဖာမှာတော့ ဒါမျိုး မလုပ်ခဲ့ပါဘူး။ ဥရောပအဆင့်မှာ ဒါမျိုးလုပ်တာကို ကျွန်တော် မျက်မြင်ကြုံဖူးပါတယ်။ ဒါပေမယ့် ဖီဖာမှာတော့ ဒါမျိုး မဖြစ်ခဲ့ပါဘူး” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    Ref: Goal

  • အရှေ့တရုတ်ပင်လင်တွင် အမေရိကန်၏ စစ်ရေးလေ့ကျင်မှု ဒေသတွင်း ပြဿနာဖန်တီးရန်ဖြစ်သည်ဟု တရုတ်ပြော

    အရှေ့တရုတ်ပင်လင်တွင် အမေရိကန်၏ စစ်ရေးလေ့ကျင်မှု ဒေသတွင်း ပြဿနာဖန်တီးရန်ဖြစ်သည်ဟု တရုတ်ပြော

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    china 6

    – အရှေ့တရုတ်ပင်လယ်နားမှာ ပြုလုပ်နေတဲ့ အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ အငြင်းပွား ရေပိုင်နက်အတွင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်အောင် ဖန်တီးနေသလို ဖြစ်နေတယ်လို့ တရုတ်စစ်ရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    အဲဒီစစ်ရေးလေ့ကျင်မှု ပထမအဆင့်ကို ဂျပန်နိုင်ငံ အနောက်တောင်ဘက် ဆာဆီဘိုမြို့မှာ သောကြာနေ့က စတင်ခဲ့ပြီး ဒုတိယအဆင့်ကိုတော့ အိုကီနာဝါကျွန်းမှာ ဇွန်လ ၁၄ ကျရင် စတင်မှာဖြစ်ပါတယ်။ တရုတ်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဒူဝမ်လုံက အဲဒီစစ်ရေးလေ့ကျင့်မှုဟာ အရှေ့တရုတ်ပင်လယ်က ရေကြောင်း၊ လေကြောင်းအခြေအနေတွေကို ပိုမိုဆိုးရွားလာအောင်လုပ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၃ နိုင်ငံစစ်ရေးလေ့ကျင့်မှုမှာ နောက်ဆုံးပေါ်လက်နက်တွေကို အသုံးပြုသွားမှာဖြစ်ပြီး ဂျပန်စစ်ရေယာဉ်တွေကလည်း ရေငုပ်သင်္ဘောဖမ်ဆီးရေးလေ့ကျင့်ခန်းနဲ့ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင်ခန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    “တကယ်လို့သာ ဒီ ၃ နိုင်ငံဟာ ဒေသတွင်းမှာ ခေတ်မီလက်နက်တွေနဲ့ စစ်ရေးလေ့ကျင့်မယ်ဆိုရင် သူတို့ရဲ့ရည်ရွယ်ချက်က အငြင်းပွားပိုင်နက်ထဲမှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးဖို့ဆိုတာ အသေအချာပါပဲ” လို့ ဒူက ဆိုပြီး၊ ဒါဟာ တရုတ်ရဲ့ကမ်းလွန်ပိုင်နက်အတွင်း စစ်ရေးလှုပ်ရှားမှုကိုတွေကို ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • နေးမာအပြောင်းအရွှေ့ အခွန်ကိစ္စအမှားအတွက် လျောကြေးပေးရန် ဘာစီလိုနာ သဘောတူ

    နေးမာအပြောင်းအရွှေ့ အခွန်ကိစ္စအမှားအတွက် လျောကြေးပေးရန် ဘာစီလိုနာ သဘောတူ

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    neymar

    – တိုက်စစ်မှူးနေးမာအား ၂၀၁၃ ခုနှစ်တွင် ဆန်းတို့စ်အသင်းမှ ခေါ်ယူရာတွင် အခွန်ကိစ္စနှင့်ပတ်သက်၍ အမှားအယွင်းများ ပြုလုပ်ခဲ့မှုအတွက် ယူရို ၅.၅ သန်းပေးဆောင်ရန် ဘာစီလိုနာအသင်းက သဘောတူညီခဲ့သည်ဟု သိရသည်။

    လက်ရှိ တရားရင်ဆိုင်နေရသည့် ထိုကိစ္စတွင် စပိန်တရားသူကြီးများက နေးမာနှင့် ၎င်း၏အေးဂျင့်အဖြစ်ဆောင်ရွက်သူ နေးမာ၏ ဖခင်တို့မှာ အမှန်တကယ် ရရှိခဲ့သည့် ပြောင်းရွှေ့ကြေးကို ထိန်ချန်ထားသည်ဟု စွပ်စွဲထားသည်။

    ဘာစီလိုနာကမူ ၎င်းတို့မှာ နေးမာအတွက် ယူရို ၅၇ သန်းကုန်ကျခဲ့ပြီး ထိုထဲမှ ၁၇ သန်းကို ဆန်းတို့စ်အသင်းအား ပေးခဲ့ရကာ ကျန်ရှိသည့် ငွေများကို နေးမာ၏ မိသားစုက ယူခဲ့သည်ဟု ရုံးတော်သို့ ပြောကြားခဲ့သည်။

    နေးမာ၏ အခွင့်အရေးများကို ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်သော ဘရာဇီးလ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကမူ မိမိတို့မှာ ရသင့်ရထိုက်သည့် ပမာဏကို မရခဲ့ဟု တိုင်ကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများအရ နေးမာ၏ ပြောင်းရွှေ့ကြေးမှာ ယူရို ၈၃ နီးပါး ရှိခဲ့သည်ကို တွေ့ခဲ့ရသည်။

    ယခုတွင်မူ ထိုကိစ္စအတွင်း အခွန်ပိုင်းဆိုင်ရာ အမှားအယွင်းများအတွက် ဘာစီလိုနာက လျော်ကြေးပေးရန် သဘောတူခဲ့သည်။

    “သဘောတူညီချက်မှာ ၂၀၁၁-၂၀၁၃ ဘဏ္ဍာရေးနှစ်က ကစားသမားကို ခေါ်ယူမှုနဲ့ပတ်သက်ပြီး အခွန်ကိစ္စအတွက် အသင်းရဲ့ မှားယွင်းမှုကို အသိအမှတ်ပြုဖို့ ပါဝင်ပါတယ်။ နောက်ပြီး အပြောင်းအရွှေ့လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ၂၀၁၄ ခုနှစ် ဘဏ္ဍာ ရေးနှစ်မှာတော့ အသင်းဟာ လုံးဝအပြစ်ကင်းခဲ့ပါတယ်။ ဘုတ်အဖွဲ့အနေနဲ့ ဒီသဘောတူညီချက်ကို အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုအဖြစ်၊ အသင်းရဲ့ လာမယ့်နှစ်တွေအတွင်း အားကစားပိုင်းနဲ့ စီးပွားရေးဆိုင်ရာ အစီအစဉ်တွေကို ထိခိုက်နိုင်တဲ့ ဥပဒေပိုင်း မရေရာမှုအခြေအနေတွေကို အဆုံးသတ်မှုအဖြစ် ရှုမြင်ပါတယ်” ဟု ဘာစီလိုနာအသင်းက ထုတ်ပြနသည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Goal

  • အီရန်အပေါ် အနောက်နိုင်ငံများ၏ ရန်လိုမှု အဆုံးမသတ်သေးဟု နိုင်ငံခြားရေးဝန်ကြီး ပြော

    အီရန်အပေါ် အနောက်နိုင်ငံများ၏ ရန်လိုမှု အဆုံးမသတ်သေးဟု နိုင်ငံခြားရေးဝန်ကြီး ပြော

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    zarif 2

    – ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ နျူသဘောတူညီချက် ရယူပြီးဖြစ်ပေမယ့် အဲဒီသဘောတူညီချက်က မိမိတို့နိုင်ငံအပေါ် ရန်လိုမှုတွေ အဆုံးသတ်ဖို့ အာမ မခံနိုင်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    အဲဒီသဘောတူညီချက် ရလဒ်တွေနဲ့ပတ်သက်လို့ အီရန် လွှတ်တော်အမတ်တွေကို အကျဉ်းချုံးတင်ပြတဲ့ ပါလီမန်အစည်းဝေးကို တက်ရောက်စဉ် ၀န်ကြီးက ဒီလိုပြောကြားလိုက်တာပါ။

    “ဒီသဘောတူညီချက်ဟာ တစ်ဖက်က ရန်လိုမှုတွေ အဆုံးသတ်သွားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ဟာ အီရန်ကို ခလုတ်ကန်သင်းလို့ အမြဲတမ်း ရှုမြင်နေလို့ပါပဲ။ ပြီးတော့ ဒါဟာ သူတို့ရဲ့အဖျက်အမှောင့်လုပ်ရပ်တွေကို စွန့်လွှတ်လိုက်မယ်လို့ ဆိုလိုတာမျိုးလည်း မဟုတ်ပါဘူး”

    နျူသဘောတူညီချက် ရယူချိန်ကစပြီး အမေရိကန်နဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းတွေအပေါ် ပစ်မှတ်ထားလျက်ရှိနေပြီး၊ အီရန်အစိုးရ တာဝန်ရှိသူတွေကတော့ အနောက်နိုင်ငံတွေဟာ ဖျက်လိုဖျက်ဆီးလုပ်ဖို့ အမြဲလိုလို ကြိုစားနေတယ်လို့ ပြောကြားထားပါတယ်။

    ဇာရစ်ဖ်ကတော့ အီရန်ရဲ့ဒုံးကျည်အစီအစဉ်တွေဟာ နျူကလီးယားသဘောတူညီချက်နဲ့ မသက်ဆိုင်ဘူးလို့ အဲဒီပါလီမန်အစည်းအဝေးမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref : Presstv