News @ M-Media

Blog

  • ပြင်သစ်ကွင်းလယ်လူ ပါယက် ဇီဒိန်း၏ ယူရိုစံချိန်ကို ချိုးဖျက်ရန် နီးစပ်လာ

    ပြင်သစ်ကွင်းလယ်လူ ပါယက် ဇီဒိန်း၏ ယူရိုစံချိန်ကို ချိုးဖျက်ရန် နီးစပ်လာ

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    payet

    – လက်ရှိ ယှဉ်ပြိုင်ကစားနေသည့် ယူရို ၂၀၁၆ တွင် ပြင်သစ်အသင်းနှင့်အတူ ခြေစွမ်းပြနေသည့် ကွင်လယ်လူ ဒီမီထရီ ပါယက်မှာ ဂန္တ၀င်ကွင်းလယ်ကစားသမား ဇီဒိန်းတင်ထားသည့် ယူရိုပြိုင်ပွဲ ဂိုးသွင်းခွင့်ဖန်တီးမှု စံချိန်ကို ချိုးဖြတ်နိုင်တော့မည်ဟု သိရသည်။

    ပါယက်မှာ ယူရို အုပ်စုပွဲစဉ်များဖြစ်သည့် ရိုမေးနီးယားနှင့် အလ်ဘေးနီးယားတို့အား အနိုင်ရရှိခဲ့သည့် ပွဲများတွင် ၁ ဂိုး စီ သွင်းယူပေးနိုင်ခဲ့သည်။ ပြင်သစ်မှာ ထိုနိုင်ပွဲများကြောင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားနိုင်ပြီဖြစ်သည်။

    ပါယက်မှာ ဂိုးသွင်းနိုင်သည့်အပြင် ထို ၂ ပွဲတွင် စုစုပေါင်း ဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ပြင်သစ်က ချန်ပီယံဖြစ်မည့် ဂရိကို ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သည့် ယူရို ၂၀၀၄ ပြိုင်ပွဲတွင် ကွင်းလယ်လူ ဇီဒိန်း ရရှိထားသော ဖန်တီးမှု ၁၅ ကြိမ်ပြု လုပ်သည့် စံချိန်ကို ချိုးဖျက်ရန် နီးစပ်နေပြီဖြစ်သည်။

    ပါယက်အနေဖြင့် ထိုကဲ့သို့ ဖန်တီးမှုများ ပြုလုပ်ပေးခဲ့သော်လည်း တိုက်စစ်မှူး အိုလီဗီယာ ဂျရူးတစ်ဦးသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

    Ref: Goal

  • ရခိုင်ပြည်နယ်ရေကြီးမှု သေဆုံးသူ ၆ ဦးရှိလာ

    ရခိုင်ပြည်နယ်ရေကြီးမှု သေဆုံးသူ ၆ ဦးရှိလာ

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    ra 2

    – ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့် သေဆုံး သူ ၆ ဦး ရှိလာခဲ့ပြီး သေဆုံးအရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်သည်ဟု ဒေသတွင်း အကူအညီပေးရေး အဖွဲ့များက ပြောကြားလိုက်သည်။

    အဆိုပါ သေဆုံးသူ ၆ ဦးကို ဇွန်လ ၁၄ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၄ ဦးမှာ တောင်ကုတ်မြို့နယ်ရှိ အသက် ၁၁ နှစ်မှ ၁၄ နှစ်ကြား မိန်းကလေးငယ်များဖြစ်ကြကာ အခြား ၂ ဦးမှာ သံတွဲတွင်နေထိုင်ကြသူများ ဖြစ်သည်ဟု သံတွဲရှိ အကူအညီပေးရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်မိုးက ပြောကြားခဲ့သည်။

    “မိသားစုဝင်တွေ ပျောက်နေတာမျိုး ရှိလားဆိုတာကို စစ်ဆေးဖို့ ကျွန်တော်တို့ လူတိုင်းကို သတိပေးထားပါတယ်။ အလောင်းတစ်ချို့ကိုတွေ့ပေမယ့် သေဆုံးတဲ့အရေအတွက် အတိအကျကိုတော့ ကျွန်တော်တို့ အတည်ပြုလို့ မရသေးပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်သည်ဟု သတိပေးခဲ့သည်။

    သံတွဲကြက်ခြေနီအသင်းကလည်း ထိုသတင်းကို အတည်ပြုခဲ့သည်။

    ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မိုးသည်းထန်စွာရာသွန်းကာ ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ အကူအညီများလည်း လိုအပ်နေသည်။ သံတွဲမြို့နယ် ရွှေလှေး ကျေးရွာမှ ကိုထွန်းသန့်ကျော်ကမူ ရေဘေးသင့်ဒေသများသို့ ၀န်ကြီး ၃ ဦး လာရောက် ကြည့်ရှုခဲ့ပြီးနောက် အစိုးရမှာ အကူအညီများကို ပေးပို့နေသော်လည်း လုံလောက်မှုမရှိဟု ပြောကြားခဲ့သည်။

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ကနဦး အချက်အလက်များအရ ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၅၈၀၀ သို့မဟုတ် လူပေါင်း ၂၆၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရသည်ဟု သိရသည်။

    Ref: mmtimes

  • ကမ္ဘာတစ်ဝှမ်းက ကလေးငယ် ၁၆၈ သန်းခန့် ကလေးလုပ်သားဖြစ်နေ

    ကမ္ဘာတစ်ဝှမ်းက ကလေးငယ် ၁၆၈ သန်းခန့် ကလေးလုပ်သားဖြစ်နေ

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    child labor

    – ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အလုပ်သမားဈေးကွက်ထဲမှာ ကလေးငယ်စုစုပေါင်း ခန့်မှန်းခြေ ၁၆၈ သန်းခန့် ရှိနေပြီး အဲ့ဒီထဲကမှ ၈၅ သန်းဟာ အန္တရာယ်များတဲ့ အလုပ်တွေကို လုပ်ဆောင်နေရတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အခုတစ်ပတ်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ပုံမှန်လည်ပတ်နေပြီး စည်းကမ်းတကျရှိတဲ့ ဈေးကွက်တွေမှာ ကလေးလုပ်သားတွေအတွက် နေရာမရှိပါဘူး။ ဒါပေမယ့် ဒီနေ့ အမှန်တကယ်ဖြစ်နေတာကတော့ ဈေးကွက်ကွန်ယက်ထဲမှာ ကလေးလုပ်သားတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာပါပဲ” လို့ ဇွန်လ ၁၂ ရက်နေ့တိုင်း ကျင်းပလေ့ရှိတဲ့ ကလေးလုပ်သားများဆိုင်ရာနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ ILO ရဲ့ အထွေထွေဒါရိုက်တာဖြစ်သူ ဂိုင်း ရိုင်ဒါက ပြောကြားခဲ့ပါတယ်။

    ကလေးအလုပ်သမားတွေထဲက ၈၅ သန်းလောက်ဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ရှိနေပြီး စိုက်ပျိုးမွေးမြူရေးမှ သတ္တုမိုင်းခွဲလုပ်ငန်းအထိ၊ ကုန်ထုတ်လုပ်ရေးမှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ လူသန်းပေါင်းများစွာစားသုံးနေတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းတွေထိ တွေ့နေရတယ်လို့လည်း ရိုင်ဒါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “မိဘတွေ ၀င်ငွေဟာမလုံလောက်တာမျိုး ဒါမှမဟုတ် မိသားစုလုပ်ငန်းအသေးစားလေးတွေမှာ လူကြီးနဲ့ လူလတ်ပိုင်း အလုပ်သမားတွေ ခန့်အပ်ဖို့ မတတ်နိုင်တဲ့အတွက် ကလေးလုပ်သားတွေကို အစားထိုးရတာမျိုးတွေကြောင့် ကလေးတွေဟာ တစ်ခါတစ်ရံမှာ အလွန်းအမင်း အသုံးချခံနေရပါတယ်”

    Ref: IINA

  • ဘရာဇီးလ်က အသင်းနည်းပြ ဒွန်ဂါကို ထုတ်ပယ်

    ဘရာဇီးလ်က အသင်းနည်းပြ ဒွန်ဂါကို ထုတ်ပယ်

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    tite

    – ကိုပါအမေရိကဖလားတွင် ရလဒ်ကောင်းရအောင် မစွမ်းဆောင်နိုင်မှုကြောင့် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်မှာ နည်းပြ ဒွန်ဂါကို အင်္ဂါနေ့တွင် ထုတ်ပယ်လိုက်ခဲ့ပြီးနောက် မိမိတို့နည်းပြ ရောဘတ်တို အန်ဒရာဒီအား ခန့်အပ်တော့မည်ဟု ဘရာဇီးလ်ပြည်တွင်းကလပ်တစ်ခုဖြစ်သည့် ကိုရင်သီယန်အသင်းက ပြောကြားလိုက်သည်။

    ဘရာဇီးလ်မှာ ကိုပါအမေရိကပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး အသင်းသမိုင်းတွင် ရှက်ဖွက်ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် မကြာသေးခင်က စတင်ခဲ့သည့် ကမ္ဘာဖလားခြေစစ်ပွဲတွင်လည်း ဘရာဇီးလ်မှာ ကျေနပ်လောက်ဖွယ်ရာ ခြေစွမ်းများကို မပြနိုင်ခဲ့ဘဲ ထိုအကြောင်းအရင်းများက ဒွန်ဂါအား ထုတ်ပယ်ခဲ့သည်အထိ ဖြစ်ခဲ့သည်။

    ကိုရင်သီယန်အသင်းကမူ ၎င်းတို့အသင်းနည်းပြမှာ အသင်းမှ ထွက်သွားပြီဟု ဆိုသည်။

    “နည်းပြ တီတီ (အန်ဒရာဒီ) ဟာ ကိုရင်သီယန်အသင်းရဲ့နည်းပြ မဟုတ်တော့ပါဘူး။ နက်ဖြန် (ကြာသာပတေးနေ့) ပွဲမှာ သူ တာဝန်ယူမှမဟုတ်တော့ပါဘူး။ ကလီဘာရ် ဇာဗီယာ၊ သူရဲ့သားဖြစ်တဲ့ မက်သီးယက်စ်နဲ့ အဒူး ဂက်စ်ပါတို့လည်း သူနဲ့အတူ အသင်းက ထွက်ခွာမှာပါ” ဟု ကိုရင်သီယန်အသင်းဥက္ကဌက ယမန်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုကိစ္စအား ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခြင်းမရှိသေးဘဲ ယခုနှစ်အတွင်း ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးတွင် ပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း နည်းပြအဖြစ် ယူ ၂၀ နည်းပြ ရိုဂီရီယို မီကာလီအား ခန့်အပ်လိုက်သည်ဟု ကြေငြာခဲ့သည်။

    Ref: Goal

  • ရန်ကုန်မြို့တွင် ရာဇ၀တ်မှုနှိမ်နှင်းရေး တိုးမြှင့်လုပ်ဆောင်သွားမည်

    ရန်ကုန်မြို့တွင် ရာဇ၀တ်မှုနှိမ်နှင်းရေး တိုးမြှင့်လုပ်ဆောင်သွားမည်

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    – ရန်ကုန်မြို့အတွင်း ရာဇ၀တ်မှုများ အဖြစ်များရာ ဒေသများအဖြစ် သတ်မှတ်ခံထားရသည့် မြို့နယ်လေးခုတွင် တရားဥပဒေစိုးမိုးရေး ခိုင်မာစေရန်အတွက် ရာဇ၀တ်မှုနှိမ်နှင်းရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့က တိုးမြှင့်လုပ်ဆောင်သွားမည်ဟု သိရသည်။

    အဆိုပါ အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဇွန်လ ၁၄ ရက်နေ့က ကြေငြာခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများ၊ လောင်းကစားဝိုင်းများ၊ ဒုစရိုက်လုပ်ငန်းများနှင် တရားမ၀င်အနှိပ်ခန်းများကို အဓိကထား ဖော်ထုတ် နှိမ်နှင်းသွားမည်ဟု ဆိုသည်။

    ရာဇ၀တ်မှုဖြစ်ပွားသည့် အရေအတွက်ကို လျှော့ချရန်အတွက် မှုခင်းနှိမ်နှင်းရေး အထူးအဖွဲ့များမှာ လှိုင်သာယာ၊ တောင်ဒဂုံ၊ ကမာယွတ်နှင့် သန်လျင်မြို့နယ်များတွင် လှည့်လည်စောင့်ကြည့်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားခဲ့သည်။

    ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများအား အမြန်ဆုံးအရေးယူပေးရန် အလွှတ်တော်အမတ် ၁၃ ဦးက တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ မှုခင်းနှိမ်နှင်းရေး အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

    ဇန်န၀ါရီလကတည်းက မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်သူ ၆၈၉ ဦး၊ တရားမ၀င် အရက်သေစာ ရောင်းချသူ ၁၀၅၀ ဦး၊ တရားမ၀င် အနှိပ်ခန်း ဖွင့်လှစ်ထားသူ ၇ ဦးနှင့်၊ လူကုန်ကူသူ ၂ ဦးတို့ကို ဖမ်းဆီးထားပြီးဖြစ်သည်။

    Ref: mmtimes