News @ M-Media

ထရမ့်၏ မဲဆွယ်မှုက အမေရိကန်သမိုင်းကို ရိုင်းစေမည်ဟု အိုဘားမားပြော

ဇွန် ၁၆၊ ၂၀၁၆
M-Media

obama 5

– ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ရဲ့ မွတ်စလင်ဆန့်ကျင်ရေး ပြောစကားတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ရှုတ်ချလိုက်ကာ အမေရိကန်သမိုင်းစာမျက်နှာကို အရှက်ရစေမယ့် ပြောဆိုမှုတွေလို့ ဝေဖန်ခဲ့ပါတယ်။

“ဒါမျိုးပြောတာတွေ ဘယ်တော့ရပ်မှာလဲ။ အော်လန်ဒိုလူသတ်သမား၊ ဆန်ဘာဒီနိုလူသတ်သမား၊ ဖို့တ်ဟုဒ်လူသတ်သမား သူတို့အားလုံးဟာ အမေရိကန်နိုင်ငံသားတွေပါပဲ။ ဒါနဲ့ပဲ ကျွန်တော်တို့ဟာ အမေရိကန်မွတ်စလင်အားလုံးကို ခွဲခြားပြီး ဆက်ဆံရတော့မှာလား၊ သူတို့ကိုပဲ ပစ်မှတ်ထားပြီး အထူးစစ်ဆေးရေးတွေ လုပ်သွားတော့မှာလား၊ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုကြောင့် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်မှာလား” လို့ အိုဘားမားက ပြောကြားခဲ့ပြီး မွတ်စလင်တွေကို အမေရိကန်ထဲဝင်ဖို့ ပိတ်ပင်တာဟာ “မိမိတို့လိုချင်တဲ့ အမေရိကန်နိုင်ငံမျိုး မဟုတ်ဘူး” လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“ဒီနိုင်ငံဟာ ဘာသာရေးလွတ်လပ်မှုအပါအ၀င် အခြေခံလွပ်လပ်ခွင့်တွေအပေါ် တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်၊ ကျွန်တော်တို့ဆီမှာ ဘာသာရေးစမ်းသပ်တာမျိုး မရှိပါဘူး”

အော်လန်ဒိုတိုက်ခိုက်မှုအပြီးမှာ အိုဘားမားနဲ့ ဟီလာရီကလင်တန်တို့က “အစွန်းရောက် အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ” လို့ မသုံးနှုန်းတာနဲ့ပတ်သက်ပြီး ထရမ့်က ဝေဖန်ခဲ့ကာ အိုဘားမားက အဲဒီအတွက်လည်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

“IS တို့ အလ်ကိုင်းဒါးတို့က လက်ရှိစစ်ပွဲကို အစ္စလာမ်နဲ့ အမေရိကန်အကြား၊ ဒါမှမဟုတ် အစ္စလာမ်နဲ့ အနောက်နိုင်ငံတွေအကြားက စစ်ပွဲပုံစံမျိုးဖြစ်အောင် လုပ်ချင်နေကြတာပါ။ ကျွန်တော်တို့ မွတ်စလင်အားလုံးကို သိမ်းကြုံးရမ်းမယ်ဆိုရင် ဒါဟာ သူတို့ဆင်တဲ့ ထောင်ချောက်ထဲဝင်သွားပြီး ဘာသာတရားတစ်ခုလုံးကို ကျွန်တော်တို့က စစ်ပွဲ ဆင်နွှဲတာမျိုး ဖြစ်သွားမှာပါ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ဟာ သူတို့အတွက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ပေးသလို ဖြစ်သွားပါလိမ့်မယ်”

Ref; IINA

Comments

Leave a Reply