News @ M-Media

Blog

  • ယူရိုပြိုင်ပွဲအတွင်း အရက်သောက်သုံးခွင့်ကို ပြင်သစ်ပိတ်ပင်

    ယူရိုပြိုင်ပွဲအတွင်း အရက်သောက်သုံးခွင့်ကို ပြင်သစ်ပိတ်ပင်

    ဇွန် ၁၃၊ ၂၀၁၆
    M-Media

    france 3

    – ယူရိုအဖွင့်ပွဲစဉ်များတွင် ပရိတ်သတ်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဘောလုံးပွဲနေ့များတွင် ပရိတ်သတ်များသွားလာရာ နေရာများနှင့် အခြား သတ်မှတ်ဧရိယာများ၌ အရက်သောက်သုံးမှုကို ပြင်သစ်အစိုးရက တားမြစ်ပိတ်ပင်လိုက်သည်။

    ပြီးခဲ့သည့် ၃ ရက်အတွင်း မာဆေးလ်၌ အင်္ဂလန်နှင့် ရုရှားတို့၏ အုပ်စုအဖွင့်ပွဲစဉ်တွင် ပရိသတ်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခြင်းနှင့် ဒေသတွင်း လူဆိုးဂိုဏ်းများ၏ ရမ်းကားခြင်းတို့ကြောင့် ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ရကာ ယနေ့မနက် ကစားခဲ့သည့် မြောက်အိုင်ယာလန်နှင့် ပိုလန်တို့၏ပွဲတွင်လည်း ပရိသတ်များအကြား ပြဿနာဖြစ်ပွားခဲ့သည်။

    “ပွဲရှိတဲ့နေ့နဲ့တွေနဲ့ အဲဒီမတိုင်ခင်တစ်ရက်၊ ပြီးတော့ ပရိတ်သတ်တွေ သွားလာနိုင်တဲ့နေရာတွေ ဖွင့်တဲ့ရက်တွေမှာ ပြဿနာဖြစ်နိုင်တဲ့နေရာတွေအတွင်း အရက်သေစာရောင်းချမှု၊ သောက်သုံးမှုနဲ့ ပို့ဆောင်မှု စတာတွေကို တားမြစ်ရေး လိုအပ်တာမှန်သမျှ အားလုံးလုပ်ဆောင်သွားဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်။ မာဆေးလ်မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေဟာ လက်မခံနိုင်စရာပါပဲ။ အာဏာပိုင်တွေ၊ လူ့အဖွဲ့အစည်းနဲ့ ဘောလုံးချစ်သူတွေက ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စမျိုးတွေပါ” ဟု ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနဒ် ကာဇီနျူဗီက ပြောကြားခဲ့သည်။

    Ref : Goal

  • ကာဘွန်ကို ကျောက်တုံးအဖြစ် သိမ်းဆည်းနိုင်မည့် နည်းလမ်းသစ်ကို တွေ့ရှိ

    ကာဘွန်ကို ကျောက်တုံးအဖြစ် သိမ်းဆည်းနိုင်မည့် နည်းလမ်းသစ်ကို တွေ့ရှိ

    ဇွန် ၁၃၊ ၂၀၁၆
    M-Media

    carbon

    – အိုက်စလန်က သိပ္ပံပညာရှင်တွေဟာ လပေါင်းများစွာကြာအောင် လေ့လာပြီးတဲ့နောက်မှာ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို မြေအောက်အတွင်း ပို့လွှတ်ကာ ကျောက်တုံးအဖြစ်ရောက်အောင် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

    ဒါဟာ ရာသီဥတုပြောင်းလဲမှုနဲ့ပက်သက်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ကို သိုလှောင်ဖို့ နည်းလမ်းသစ်တစ်ခုကို ထုတ်ဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    အဲဒီစွန့်ဦးစမ်းသပ်ချက်မှာ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ရေနဲ့ရောပြီး မီးတောင်ကျောက်ဆောင်များအောက် မီတာရာနဲ့ချီအနက်ဆီ ပန်းထုတ်လိုက်တာ ဖြစ်ပြီး အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အစိုင်အခဲအဖြစ်သို့ အလျင်အမြန်ကူးပြောင်းသွားတာ ဖြစ်ပါတယ်။

    “ကာဘွန်ထုတ်လွှတ်မှုမြင့်မားလာတာနဲ့ပက်သက်ပြီး သေချာကိုင်တွယ်ဖို့ လိုနေပါပြီ၊ ဒီနည်းလမ်းဟာ ကျောက်တုံးအဖြစ် အမြဲတမ်းသိမ်းဆည်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်” လို့ ဦးဆောင်လေ့လာသူ ဂျော့ခ်ျမက်တာက ရှင်းပြခဲ့ပါတယ်။

    ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး ကျွမ်းကျင်သူတွေအနေနဲ့ ကာဘွန်ကို ဖမ်းယူသိမ်းဆည်းနိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေဖော်ထုတ်နေကြပါတယ်။

    Ref : Presstv

  • စဉ်ကိုင်မြို့နယ် ကြက်လျှာကျေးရွာသို့ လူနာတင်ယာဉ် လှူဒါန်း

    စဉ်ကိုင်မြို့နယ် ကြက်လျှာကျေးရွာသို့ လူနာတင်ယာဉ် လှူဒါန်း

    ဇွန် ၁၃ ၊ ၂၀၁၆
    M-Media
    13394186_1598818450448132_1016428241766160346_n
    မန္တလေးတိုင်းဒေသကြီး ၊စဥ့်ကိုင်မြို့နယ် ၊ ကြက်လျှာကျေးရွာရှိ စိတ္တသုခ လူမှုကူညီရေး အသင်းသို့  လူနာတင်ယာဉ် တစ်စီးနှင့် ငွေလှူဒါန်းသည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

    အလှူရှင်မှာ မန္တလေးမြို့ ၂၅ လမ်းနေ ဟာဂျီဦးမြင့်သိန်း + ဟာဂျီမ ဒေါ်စန်းရီ (ရွှေမြိုင်သံဆိုင် မိသားစုဖြစ်ပြီး ) NISSAN ကုမ္ပဏီထုတ် ELGRAND အမျိုးအစား လူနာတင်ယာဉ်နှင့် အထွေထွေ အသုံးပြုရန် ပဒေသာပင် စိုက်ထူငွေ ကျပ်  ၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

    အလှူရှင်မိသားစုမှ အဆိုပါ လူနာတင်ယာဉ်ကို လူမျိုးဘာသာမရွေး၊ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ လှူဒါန်းတာဖြစ်ကြောင်း သိရှိရပါတယ်။

    13406720_1598818407114803_6573827240534691372_n13419240_1598818717114772_6544792873674368649_n

    Photo and Info-BL Thura Aung

  • ဆာဟာရဒေသ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ကြက်မွေးမြူမှုဖြင့် ဘီလ်ဂိတ် ကူညီမည်

    ဆာဟာရဒေသ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ကြက်မွေးမြူမှုဖြင့် ဘီလ်ဂိတ် ကူညီမည်

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    bill

    – အာဖရိကရှိ ဆာဟာရဒေသအတွင်း အလွန်အမင်း ဆင်းရဲမွဲတေသူများအား ကြက်မွေးမြူရေးလုပ်ကာ ကူညီပေးမည့် စီမံကိန်းတစ်ခုကို မိုက်ကရိုဆော့ဖ်ကုမ္ပဏီ တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ ဘီလ်ဂိတ်က စတင်လိုက်ပြီဟု သိရသည်။

    ထိုစီမံကိန်းအတွက် ဘီလ်ဂိတ်က ကြက်ကောင်ရေပါင်း ၁ သိန်းကို ပေးလှူမည်ဖြစ်ပြီး အဆိုပါ ကြက်များကို မွေးမြူခြင်းဖြင့် အလွန်အမင်း ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာတွင် လွယ်ကူထိရောက်မှုရှိမည်ဟု ၎င်းက ပြာကြားခဲ့သည်။ အာဖရိကရှိ ဆဟာရဒေသတွင် နေထိုင်သူများ၏ ၄၁ ရာခိုင်နှုန်းမှာ အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလက တွက်ချက်ထုတ်ပြန်ထားသည်။

    ဆင်းရဲမွဲတေမှု သတ်မှတ်ချက် တစ်နှစ် ဒေါ်လာ ၇၀၀ ရှိနေသည့် အဆိုပါဒေသတွင် ကြက်မ ၅ ကောင်ကို မွေးထားသည့် လယ်သမားတစ်ဦးမှာ တစ်နှစ်လျှင် ဒေါ်လာ ၁၀၀၀ ကျော် ၀င်ငွေရရှိမည်ဖြစ်ပြီး မိမိ၏ ရည်မှန်းချက်မှာ ဆာဟာရဒေသ ကျေးလက်များရှိ မိသားစုများ၏ ၃၀ ရာခိုင်နှုန်းအထိ ကြက်မွေးမြူသွားနိုင်ရေး ဖြစ်ကြောင်း ဘီလ်ဂိတ်က ထပ်လောင်းပြောကြားခဲ့သည်။

    လက်ရှိတွင် ထိုဒေသ၌ မွေးမြူရေးလုပ်နိုင်သူအရေအတွက်မှာ ၅ ရာခိုင်နှုန်းသာ ရှိနေသည်။

    Ref : BBC

  • ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ပါက ဂျာမနီ ဘဏ်များ ထိခိုက်နိုင်

    ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ပါက ဂျာမနီ ဘဏ်များ ထိခိုက်နိုင်

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    – ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမမှ ခွဲထွက်သွားပါက ယူကေဘဏ်များနှင့် အနီးကပ်အလုပ်လုပ်နေသည့် ဂျာမနီဘဏ်များမှာ ကြီးကြီးမားမား ထိခိုက်လိမ့်မည်ဟု ဂျာမနီဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ Bafin ၏ ဥက္ကဌ ဖီလစ် ဟူဖဲလ်ဒ်က ဂျာမန်သတင်းစာ Tagesspiegel သို့ ပြောကြားခဲ့သည်။

    ဗြိတိန်ပြည်သူများမှာ ယခုလ ၂၃ ရက်နေ့တွင် ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးကြမည်ဖြစ်ပြီး ဟူဖဲလ်ဒ်ကမူ ခွဲမထွက်ရေး မဲပေးရန် မျှော်လင့်နေသည်။ ထိုသို့မဟုတ်ပါက နိုင်ငံအတွင်း ဘဏ်ကြီးများမှာ ကြီးမားသည့် ပြဿနာများဖြင့် ရင်ဆိုင်ရမည်ဟု ဆိုသည်။

    ဥရောပဗဟိုဘဏ်ကလည်း ဗြိတိန်၏ ထိုကိစ္စကို အနီးကပ်စောင့်ကြည့်နေပြီး ဘဏ်များကလည်း ဖြစ်နိုင်သည့် နောက်ဆက်တွဲကိစ္စများကို စောင့်ကြည့်ရန်အတွက် အဖွဲ့များဖွဲ့ထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဗြိတိန်နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဂျာမန်ဘဏ်များတွင် Deutsche Bank AG နှင့် Commerzbank AG ကဲ့သို့ ဘဏ်ကြီးများလည်း ပါဝင်နေသည်။

    Ref: Reuters