News @ M-Media

Blog

  • စစ်သားများက ကာတာအလံကို မလေးမစားပြုမှုအတွက် အမေရိကန် ပြန်တောင်းပန်

    စစ်သားများက ကာတာအလံကို မလေးမစားပြုမှုအတွက် အမေရိကန် ပြန်တောင်းပန်

    ဇွန် ၁၃၊ ၂၀၁၆
    M-Media

    qt

    – ကာတာနိုင်ငံတော်အလံကို စော်ကားထားတဲ့ ဗီဒီယိုတစ်ခုကို အမေရိကန်စစ်သားတွေက ရိုက်ကူးကာ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့မှုနဲ့ပတ်သက်ပြီး ကာတာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရှဲလ် စမစ်က တောင်းပန်လိုက်ပါတယ်။

    အဲဒီဗီဒီယိုကို လွှင်တင်ခဲ့တဲ့ စစ်သားတွေဟာ ဒိုဟာမြို့အပြင်ဘက် အလ်-အူအစ်ဒ်လေတပ်အခြေစိုက်စခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေ ဖြစ်ပါတယ်။ အဲဒီစခန်းဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန်ရဲ့ အကြီးဆုံး စစ်အခြေစိုက်စခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။

    ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဒီဗီဒီယိုအတွက် အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ထားတယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်သံအမတ်ကြီးက သူမအနေနဲ့ ကာတာအစိုးရကို အလေးအနက် တောင်းပန်ပါကြောင်း၊ ဒီကိစ္စကို အထူးအလေးထား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး အမေရိကန်နဲ့ ကာတာ နှစ်နိုင်ငံဟာ ရှည်ကြာပြီး ခိုင်မြဲတဲ့ မိတ်ဖက်တွေ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံတော်အလံကို စော်ကားတဲ့အပြုအမူအတွက် ကာတာနိုင်ငံက ကြီးလေးတဲ့အပြစ်ဒဏ် သတ်မှတ်ထားပြီး ၂၀၁၂ ခုနှစ်မှာ ကာတာသမ္မတ ရှိခ် ဟာမဒ် ဘင် ခါလီဖာ အလ် သာနီက နိုင်ငံတော်အလံစော်ကားတဲ့လုပ်ရပ်အတွက် ပြစ်ဒဏ်ကို ထိုးမြှင့်ဖို့ ဥပဒေတစ်ခုကို အတည်ပြုခဲ့ပါတယ်။

    Ref : IINA

  • ရန်ကုန်တွင် တန်ဖိုးနည်းတိုက်ခန်းများ တည်ဆောက်ပေးရန် ဂျပန်နှင့် ဆွေးနွေးနေ

    ရန်ကုန်တွင် တန်ဖိုးနည်းတိုက်ခန်းများ တည်ဆောက်ပေးရန် ဂျပန်နှင့် ဆွေးနွေးနေ

    ဇွန် ၁၃၊ ၂၀၁၆
    M-Media

    shanty

    – ရန်ကုန်မြို့အတွင်း တန်ဖိုးနည်းတိုက်ခန်း ၂၀၀၀ ခန့်ကို ဆောက်လုပ်ပေးမည့် စီမံကိန်းတစ်ခုအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဂျပန်နိုင်ငံမှ ငွေကြေးစိုက်ထုတ်လှူဒါန်းဖွယ်ရှိသည့် အလှူရှင်များနှင့် ဆွေးနွေးနေသည်ဟု သိရသည်။

    ကျူးကျော်အိမ်ယာများကို လျှော့ချရာတွင် ပထမခြေလှမ်းဖြစ်နိုင်သည့် အဆိုပါ စီမံကိန်းအတွက် ဆွေးနွေးမှုအတွင်း အိမ်ယာအမျိုအစားနှင့် တည်ဆောက်မည့်နေရာသတ်မှတ်ခြင်းတို့ကို အဓိကထားဆွေးနွေးသည့်အဆင့်သို့ ရောက်ရှိနေပြီဟု ဆွေးနွေးပွဲနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက Myanmar Times သို့ ဇွန်လ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

    “တိုက်ခန်း ၂၀၀၀ လောက် ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့မြေနေရာကို ဘယ်မှာရမလဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်” ဟု အဆိုပါရင်းမြစ်က ဆိုသည်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ ကျူးကျော်အိမ်ယာ အရေအတွက်မှာ အရှေ့ပိုင်းခရိုင်တွင် ၁၄၇၀၄၀ လုံး၊ အနောက်ပိုင်းခရိုင်တွင် ၈၁၈၀ လုံး၊ တောင်ပိုင်းခရိုင်တွင် ၉၃၄၈၃ လုံး နှင့် မြောက်ပိုင်းခရိုင်တွင် ၁၇၀၉၇၅ လုံးရှိသည်ဟု သိရသည်။

    Ref : mmtimes

  • မွတ်စလင်များအနေဖြင့် အစ္စလာမ့်ပုံရိပ်အမှန်ကို ပြသရမည်ဟု မလေးရှားဒုဝန်ကြီး ပြော

    မွတ်စလင်များအနေဖြင့် အစ္စလာမ့်ပုံရိပ်အမှန်ကို ပြသရမည်ဟု မလေးရှားဒုဝန်ကြီး ပြော

    ဇွန် ၁၃၊ ၂၀၁၆
    M-Media

    malaysia 2

    – အစ္စလာမ်ကြောက်ရောဂါကို အမြစ်ဖြတ်ဖို့အတွက် မွတ်စလင်တွေအနေနဲ့ မွတ်စလင်မဟုတ်သူတွေကို အစ္စလာမ်ရဲ့ ပုံရိပ်မှန် ပြသရမယ်လို့ မလေးရှား ဒုဝန်ကြီးချုပ် ဒေါက်တာ အဟ်မဒ် ဇာဟစ် ဟာမီဒီက ပြီးခဲ့တဲ့တစ်ပတ်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

    “အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးပါ၊ အစ္စလာမ်မှာ ရန်သူမရှိပါဘူး။ ရာဇ၀တ်မှုတွေမှာ ပါဝင်ကျူးလွန်တဲ့ လူတစ်ယောက်နှစ်ယောက်ကြောင့်သာ အစ္စလာမ်ကြောက်ရောဂါ ဖြစ်နေတာပါ” လို့ ကွာလာလမ်ပူမှာရှိတဲ့ စတာပက်ခ်မြို့နယ်က မဒ်ရာဆာစာသင်ကျောင်းတစ်ခုမှာ ကြာသာပတေးနေ့က ပြုလုပ်ခဲ့တဲ့ ၀ါဖြေပွဲအခမ်းအနားအတွင်း ၀န်ကြီးချုပ်က ပြောကြားခဲ့တာပါ။

    နောက်ပြီး အစ္စလာမ်ရဲ့ သင်ကြားမှုအစစ်အမှန်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် နိုင်ငံအတွင်း ဘာသာရေးသဟဇာတဖြစ်မှုကို ရှာဖွေကြဖို့လည်း အဟ်မဒ် ဇာဟစ်က တိုက်တွန်းခဲ့ပါတယ်။

    “အစ္စလာမ်မှာ အဓိကကျတာက ကိုယ့်ကျင့်တရားမြင့်မားဖို့နဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ဖို့ပါ။ အဲဒါတွေမရှိဘူးဆိုရင်တော့ ရလဒ်ကလည်း ကောင်းမှာမဟုတ်ပါဘူး”

    Ref : IINA

  • ယူရိုပြိုင်ပွဲအတွင်း အရက်သောက်သုံးခွင့်ကို ပြင်သစ်ပိတ်ပင်

    ယူရိုပြိုင်ပွဲအတွင်း အရက်သောက်သုံးခွင့်ကို ပြင်သစ်ပိတ်ပင်

    ဇွန် ၁၃၊ ၂၀၁၆
    M-Media

    france 3

    – ယူရိုအဖွင့်ပွဲစဉ်များတွင် ပရိတ်သတ်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဘောလုံးပွဲနေ့များတွင် ပရိတ်သတ်များသွားလာရာ နေရာများနှင့် အခြား သတ်မှတ်ဧရိယာများ၌ အရက်သောက်သုံးမှုကို ပြင်သစ်အစိုးရက တားမြစ်ပိတ်ပင်လိုက်သည်။

    ပြီးခဲ့သည့် ၃ ရက်အတွင်း မာဆေးလ်၌ အင်္ဂလန်နှင့် ရုရှားတို့၏ အုပ်စုအဖွင့်ပွဲစဉ်တွင် ပရိသတ်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခြင်းနှင့် ဒေသတွင်း လူဆိုးဂိုဏ်းများ၏ ရမ်းကားခြင်းတို့ကြောင့် ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ရကာ ယနေ့မနက် ကစားခဲ့သည့် မြောက်အိုင်ယာလန်နှင့် ပိုလန်တို့၏ပွဲတွင်လည်း ပရိသတ်များအကြား ပြဿနာဖြစ်ပွားခဲ့သည်။

    “ပွဲရှိတဲ့နေ့နဲ့တွေနဲ့ အဲဒီမတိုင်ခင်တစ်ရက်၊ ပြီးတော့ ပရိတ်သတ်တွေ သွားလာနိုင်တဲ့နေရာတွေ ဖွင့်တဲ့ရက်တွေမှာ ပြဿနာဖြစ်နိုင်တဲ့နေရာတွေအတွင်း အရက်သေစာရောင်းချမှု၊ သောက်သုံးမှုနဲ့ ပို့ဆောင်မှု စတာတွေကို တားမြစ်ရေး လိုအပ်တာမှန်သမျှ အားလုံးလုပ်ဆောင်သွားဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်။ မာဆေးလ်မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေဟာ လက်မခံနိုင်စရာပါပဲ။ အာဏာပိုင်တွေ၊ လူ့အဖွဲ့အစည်းနဲ့ ဘောလုံးချစ်သူတွေက ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စမျိုးတွေပါ” ဟု ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနဒ် ကာဇီနျူဗီက ပြောကြားခဲ့သည်။

    Ref : Goal

  • ကာဘွန်ကို ကျောက်တုံးအဖြစ် သိမ်းဆည်းနိုင်မည့် နည်းလမ်းသစ်ကို တွေ့ရှိ

    ကာဘွန်ကို ကျောက်တုံးအဖြစ် သိမ်းဆည်းနိုင်မည့် နည်းလမ်းသစ်ကို တွေ့ရှိ

    ဇွန် ၁၃၊ ၂၀၁၆
    M-Media

    carbon

    – အိုက်စလန်က သိပ္ပံပညာရှင်တွေဟာ လပေါင်းများစွာကြာအောင် လေ့လာပြီးတဲ့နောက်မှာ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို မြေအောက်အတွင်း ပို့လွှတ်ကာ ကျောက်တုံးအဖြစ်ရောက်အောင် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

    ဒါဟာ ရာသီဥတုပြောင်းလဲမှုနဲ့ပက်သက်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ကို သိုလှောင်ဖို့ နည်းလမ်းသစ်တစ်ခုကို ထုတ်ဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    အဲဒီစွန့်ဦးစမ်းသပ်ချက်မှာ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ရေနဲ့ရောပြီး မီးတောင်ကျောက်ဆောင်များအောက် မီတာရာနဲ့ချီအနက်ဆီ ပန်းထုတ်လိုက်တာ ဖြစ်ပြီး အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အစိုင်အခဲအဖြစ်သို့ အလျင်အမြန်ကူးပြောင်းသွားတာ ဖြစ်ပါတယ်။

    “ကာဘွန်ထုတ်လွှတ်မှုမြင့်မားလာတာနဲ့ပက်သက်ပြီး သေချာကိုင်တွယ်ဖို့ လိုနေပါပြီ၊ ဒီနည်းလမ်းဟာ ကျောက်တုံးအဖြစ် အမြဲတမ်းသိမ်းဆည်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်” လို့ ဦးဆောင်လေ့လာသူ ဂျော့ခ်ျမက်တာက ရှင်းပြခဲ့ပါတယ်။

    ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး ကျွမ်းကျင်သူတွေအနေနဲ့ ကာဘွန်ကို ဖမ်းယူသိမ်းဆည်းနိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေဖော်ထုတ်နေကြပါတယ်။

    Ref : Presstv