News @ M-Media
Blog
  • ကနေဒါဝန်ကြီးချုပ် မွတ်စလင်များအတူ ၀ါဖြေ
    ကနေဒါဝန်ကြီးချုပ် မွတ်စလင်များအတူ ၀ါဖြေ
    ဇွန် ၈၊ ၂၀၁၆
    M-Media
    abd78902-56cc-4a87-821d-fe6e27506062_16x9_788x442
    – အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လ ပထမဆုံးနေ့မှာပဲ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူဟာ အစိုးရအဖွဲ့နဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းက မွတ်စလင်တွေနဲ့အတူ ဥပုသ်အထွက်မှာ ၀ါဖြေညစာ စားသောက်ခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။
    .
    Facebook စာမျက်နှာပေါ် ရောက်ရှိလာတဲ့ အဲဒီဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေမှု အကြိမ် ၄ သန်းရှိခဲ့ပါတယ်။ ထရူဒူဟာ အရှေ့အလယ်ပိုင်းနဲ့ အာရှရိုးရာ အစားအသောက်တွေကို စားသောက်ခဲ့တယ်ဆိုတာ အဲဒီဗီယိုဖိုင်မှာ တွေ့ခဲ့ရပါတယ်။
    .
    .
    ref: english.alarabiya.,Justin Trudeau twitter
  • သမီးဖြစ်သူအား မီးရှို့သတ်ဖြတ်ခဲ့သူ မိခင်ကို ပါကစ္စတန်ဖမ်းဆီး
    သမီးဖြစ်သူအား မီးရှို့သတ်ဖြတ်ခဲ့သူ မိခင်ကို ပါကစ္စတန်ဖမ်းဆီး
    ဇွန် ၈၊ ၂၀၁၆
    M-Media
    honour killing
    – သမီးဖြစ်သူမှာ မိသားစု၏ ဆန္ဒကိုဆန့်ကျင်ကာ အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သောကြာင့် ရေနံဆီလောင်း၍ မီးရှို့သတ်ဖြတ်ခဲ့သူ အမျိုးသမီးတစ်ဦးကို ပါကစ္စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    ထိုအဖြစ်အပျက်မှာ နိုင်ငံအရှေ့ပိုင်း လာဟိုးရ်မြို့၌ ယနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူအမျိုးသမီးကို ချက်ခြင်းပင် ဖမ်းဆီးမိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ ရှိခ် ဟမ်မဒ်က ပြောကြားခဲ့သည်။
    ပါရ်ဗင်း ရာဖစ်က်ဟု အမည်ရသည့် အဆိုပါ အမျိုးသမီးက အသက် ၁၈ နှစ်အရွယ် ၎င်း၏ သမီးဖြစ်သူ ဇီနသ် ရာဖစ်က်အား နွားတင်းကုပ်၌ကြိုးချည်ကာ သားဖြစ်သူ အဟ်မာရ် ရာဖစ်က်၏ အကူအညီဖြင့် ရေနံဆီလောင်း မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သည်။
    ချစ်ကြိုက်မှုနှင့် အိမ်ထောင်ပြုမှုတွင် တင်းကြပ်သည့် လူမျိုးရေး ဓလေ့ထုံးတမ်းများက ပေါ်ထွက်လာသည့် ‘ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်း’ (honor killing) ဟုခေါ်သော သတ်ဖြတ်မှုများကြောင့် ပါကစ္စတန်နိုင်ငံ၌ တစ်နှစ်လျှင် အမျိုးသမီး ၁၀၀၀ နီးပါး အသက်ဆုံးရှုံးနေရသည်။
    ပြီးခဲ့သည့်တစ်ပတ်ကလည်း ကျောင်းဆရာမတစ်ဦးဖြစ်သူ မာရီယာ ဘီဘီမှာ ၎င်းထက် အသက် ၂ ဆခန့်ကြီးသူကို လက်ထပ်ရန် ငြင်းပယ်သည့်အတွက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။ မသေဆုံးခင် သူမက လူ ၅ ဦးမှာ မိမိအိမ်သို့ ချိုးဖျက်ဝင်ရောက်ကာ အပြင်သို့ဆွဲထုတ်၍ ရိုက်နှက် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။
    ယခုသေဆုံးသွားသည့် ဇီနသ် ရာဖစ်က်မှာ ပြီးခဲ့သည့်လက မော်တော်ဆိုင်ကယ်ပြင်ဆရာတစ်ဦးဖြစ်သူ ဟာဆန် ခန်းနှင့် တရားရုံးတွင် လက်ထပ်ခဲ့ပြီး အခင်းမဖြစ်ပွားမီ ၃ ရက်အရင် မိခင်ဖြစ်သူနှင့် ဦးလေးဖြစ်သူတို့က ၎င်းအား အိမ်ပြန်လာကာ ရိုးရာဓလေ့ထုံးစံအတိုင်း မင်္ဂလာပွဲ ပြုလုပ်ရန် ဖျောင်းဖျခဲ့သည်ဟု ရဲအရာရှိက ထပ်လောင်းပြောကြားခဲ့သည်။
    ဟာဆန်ခန်းကမူ မိမိ၏ ဇနီးမှာ မိခင်အိမ်သို့ ပြန်မလွှတ်ရန်နှင့် ပြန်လွှတ်ပါက အသတ်ခံရမည်ဟု ပြောကြားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
    Ref: Arab News
  • အစ္စလာမ်က ငြိမ်းချမ်းရေးကို သွန်သင်သည်ဟု အိန္ဒိယ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြော
    အစ္စလာမ်က ငြိမ်းချမ်းရေးကို သွန်သင်သည်ဟု အိန္ဒိယ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြော
    ဇွန် ၈၊ ၂၀၁၆
    M-Media
    kailash
    – အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေးကို သွန်သင်တာဖြစ်တယ်လို့ အိန္ဒိယ နိုဘယ်ဆုရှင် ကိုင်လာ့ရှ် ဆတ်ယာသီက ပြောကြားလိုက်ပြီး မွတ်စလင်တွေအပေါ် ပြစ်တင်ပြောဆိုတာမျိုးကိုလည်း ရှုတ်ချလိုက်ပါတယ်။
    နော်ဝေ နိုဘယ်ဆုရွေးချယ်ချီးမြှင့်ရေးအသင်းက ကမကထပြုကာ အမေရိကန်ပြည်ထောင်စု မင်နီယာနာပိုလစ်မြို့မှာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၆ နိုဘယ်ငြိမ်းချမ်းရေးဆုဖိုရမ် အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ဆတ်ယာသီက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေ အထူးသဖြင့် ကလေးငယ်တွေကို ကြိုဆိုကြဖို့၊ အစ္စလာမ်ရဲ့ပုံရိပ်ကို ညစ်နွမ်းစေတဲ့ လူတစ်ချို့ရဲ့ အပြုအမူတွေကို အခြေခံပြီး အဲဒီဒုက္ခသည်တွေကို အမြင်မစောင်းဖို့လည်း ၎င်းက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။
    “အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးပါ။ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ သာတူညီမျှဖြစ်မှု စတဲ့ သွန်သင်ချက်တွေဟာ ရာနဲ့ချီပါဝင်ပါတယ်” လို့ ဆတ်ယာသီက ဆိုပါတယ်။
    ဆတ်ယာသီဟာ ၂၀၁၄ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ပါကစ္စတန်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မာလာလာ ယူစွဖ်ဇိုင်နဲ့အတူ ပူးတွဲရရှိခဲ့သူ ဖြစ်ပါတယ်။
    ဇနီးဖြစ်သူ ဆူမဒ်ဟာနဲ့အတူ ဖိုရမ်ကိုတက်ရောက်လာတဲ့ အသက် ၆၂ နှစ်အရွယ် ဆတ်ယာသီက လက်တစ်ဆုတ်စာ လူတစ်စုဟာ အစ္စလာမ်သာသနာကို အသုံးချနေပြီး သူတိုရဲ့ နိုင်ငံရေးဆိုင်ရာ တစ်ကိုယ်ကောင်း အမြတ်ထုတ်လိုမှု၊ တစ်ချို့တွေရဲ့ ခံစားချက်ပိုင်းဆိုင်ရာ ရှေ့တန်းတင်မှုတွေက အစ္စလာမ်သာသနာကို နာမည်ပျက်စေကြောင်း၊ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကတော့ လူသားချင်းစာနာမှု၊ ငြိမ်းချမ်းရေး စတာတွေရဲ့ သံတမန်တွေဖြစ်ပြီး မွတ်စလင်ကမ္ဘာက ပြည်သူတွေအနေနဲ့ အစ္စလာမ်ကို အလွဲသုံးစားလုပ်နေတဲ့သူတွေကို ဆန့်ကျင်ကြောင်း သတ္တိရှိရှိပြောကြားဖို့လိုကြောင်း ဆတ်ယာသီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “လက်တစ်ဆုပ်စာလူတစ်စုက အစ္စလာမ်ကို အလွဲသုံးစားလုပ်နေပြီး အစွန်းရောက်ဝါဒကို ဖန်တီးနေကာ လူငယ်တွေကို ဦးနှောင်းကျင်းနေကြပါတယ်။ IS နဲ့ အဲဒီလို အကြမ်းဖက်အဖွဲ့တွေဟာ အစ္စလာမ်ဆိုတဲ့ အမည်နာမကို အသုံးချပြီး ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ အစ္စလာမ်ကို တစ်လွဲသုံးတဲ့ ဒီလို လမ်းလွဲမှုမျိုး၊ ကျင့်သုံးမှုမျိုးကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်”
    Ref: Economictimes
  • တန်ဖိုးနည်းအိမ်ယာများ နိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်မည်
    တန်ဖိုးနည်းအိမ်ယာများ နိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်မည်
    ဇွန် ၈၊ ၂၀၁၆
    M-Media
    housing
    – နိုင်ငံတစ်ဝှမ်းတွင် တန်ဖိုးနည်းအိမ်ယာပေါင်း ၁၈၀၀၀၀ ကို ဆောက်လုပ်သွားမည်ဟု ယမန်နေ့က နေပြည်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။
    မြို့ပြအိမ်ယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ကြေငြာခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကမူ အဆိုပါ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်ရေးလုပ်ငန်းကို နေပြည်တော်တွင် စတင်နေပြီး ရန်ကုန်တိုင်းဒေသကြီးတွင်မူ မိုးရာသီအကုန် စက်တင်ဘာလတွင် စတင်မည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ဟာ ပထမဆုံး ရန်ကုန်မှာ ရေမြောင်းတွေနဲ့ ကားလမ်းတွေ ဆောက်လုပ်ရေးကို အာရုံစိုက်သွားမှာပါ။ အဲဒီ တန်ဖိုးနည်းအိမ်ယာတွေမှာ ကလေးကစားကွင်းတွေ၊ ကားပါကင်တွေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်နိုင်မယ့် အများပြည်သူသုံး ဧရိယာတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ဦးဝင်းခိုင်က ဆိုသည်။
    ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်မည့် အဆိုပါစီမံကိန်းများအတွက် တင်ဒါခေါ်ယူမှုများကိုလည်း သတင်းစာများတွင် ကြေငြာသွားမည်ဖြစ်ပြီး၊ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်မည့် ဧရိယာကို ၂၃၂ ဧက သတ်မှတ်ထားသည်ဟုလည်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။
    “စီမံကိန်းတွေကို ဒဂုံမြို့သစ်နဲ့ လှိုင်သာယာ မြို့နယ်တွေလို နေရာမျိုးမှာ ပြုလုပ်သွားမှာပါ။ အိမ်ယာဆောက်လုပ်ဖို့အတွက် မြေနေရာရှာရာမှာ အခက်အခဲတွေ ရှိပါတယ်”
    အဆိုပါ အိမ်ယာများအတွက် ကုန်ကျစားရိတ်အနည်းဆုံးဖြစ်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။
    Ref: mmtimes
  • အာရပ်ညွှန့်ပေါင်းအဖွဲ့အား အမည်ပျက်စာရင်းသွင်းထားမှု ကုလ ပယ်ဖျက်
    အာရပ်ညွှန့်ပေါင်းအဖွဲ့အား အမည်ပျက်စာရင်းသွင်းထားမှု ကုလ ပယ်ဖျက်
    ဇွန် ၈၊ ၂၀၁၆
    M-Media
    un
    – ယီမင်မှာတိုက်ခိုက်နေတဲ့ အာရပ်ညွှန့်ပေါင်းအဖွဲ့ကို အမည်ပျက်စာရင်းသွင်းမှုအပေါ် ဆော်ဒီက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂက ဒီလိုသတ်မှတ်မှုကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
    ပြီးခဲ့တဲ့နှစ်က ယီမင်နိုင်ငံက တိုက်ခိုက်မှုတွေအတွင်း ကလေးငယ် ၇၈၅ ယောက်သေဆုံးမှုရဲ့ ၆၀ ရာခိုင်နှုန်းလောက်မှာ အာရပ် ညွှန့်ပေါင်းအဖွဲ့က တာဝန်ရှိတယ်လို့ ကုလသမဂ္ဂက ဆုံးဖြတ်ပြီးတဲ့နောက် ဒီလို အမည်ပျက်စာရင်း သွင်းလိုက်တာ ဖြစ်ပါတယ်။
    ဆော်ဒီအာရေဗျကတော့ ညွှန်ပေါင်းအဖွဲ့က ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာက အချက်အလက်တွေနဲ့ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ဖို့ အဆိုပြုခဲ့ပြီး ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က အဲဒီ အဆိုပြုချက်ကို လက်ခံခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောကြားခဲ့ပါတယ်။
    ကုလဆိုင်ရာ ဆော်ဒီသံအမတ်ကြီး အဘ်ဒူလာ အလ်-မူအာလိုင်မီကတော့ မိမိတို့အနေနဲ့ အပြစ်ကင်းတယ်လို့ ခံစားရပြီး ကုလရဲ့ ဒီလိုပယ်ဖျက်လိုက်မှုဟာ နောက်ဆုံးနဲ့ ခြွင်းချက်မရှိတဲ့ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : IINA