ဇွန် ၁၃၊ ၂၀၁၆
M-Media
– မိမိတို့စပိန်အသင်းမှာ ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲကာ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားမှ အရိပ်မည်းများအား ချေဖျက်ရန် အသင့်ဖြစ်နေသည်ဟု ကွင်းလယ်လူ အင်နီယေစတာက ပြောကြားလိုက်သည်။
၂၀၀၈ ခုနှစ်နှင့် ၂၀၁၂ ယူရိုပြိုင်ပွဲများတွင် ၂ ကြိမ်ဆက်ချန်ပီယံဖြစ်ထားသည့် စပိန်အသင်းမှာ ၂၀၁၄ ကမ္ဘ့ာဖလားတွင် အုပ်စုမှပင် လှည့်ပြန်ခဲ့ရသည်။ သို့သော်လည်း ယခု ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် စပိန်မှာ ၁၀ ပွဲကစား ၉ ပွဲအနိုင်ရ၍ အုပ်စုထိပ်ဆုံးဖြင့် ခြေစစ်ပွဲအောင်ခဲ့ပြီး ယူရို ၃ ကြိမ်ဆက်ချန်ပီယံဖြစ်ရန် တစ်ပေးခြင်း ခံထားရသည်။
အင်နီယေစတာကမူ ယနေ့ညတွင် ချက်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ယှဉ်ပြိုင်ရမည့် ၎င်းတို့အသင်းမှာ ဘောလုံးလောကတွင် ပြန်လည်လွှမ်းမိုးရန် အသင့်ဖြစ်နေသည်ဟု ဆိုသည်။
“ဘရာဇီလ်းမှာ တွေ့ခံရတဲ့ စိတ်ပျက်စရာတွေဟာ ဒီပြိုင်ပွဲမှာ အရင်ထက် ပိုပြီးအာရုံစိုက်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံဘွဲ့ကာကွယ်ဖို့ဆိုတဲ့တာဝန်နဲ့ ဒီရောက်လာတာဖြစ်ပြီး၊ ကျွန်တော်တို့ကလည်း လုပ်နိုင်သလောက် လုပ်သွားချင်ပါတယ်။ ပြိုင်ပွဲတစ်ခုနဲ့တစ်ခုက မတူပါဘူး။ အခု ကျွန်တော်တို့မှာ ကောင်းမွန်တဲ့လူစာရင်းရှိပြီး ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အင်နီယေစတာက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.