News @ M-Media
Blog
  • ဒဏ်ရာရ ပါလက်စတိုင်းပြည်သူကို အစ္စရေးက အနီးကပ်ပစ်သတ်မှု ဒုတိယအကြိမ်မြောက် ထွက်ပေါ်လာ
    ဒဏ်ရာရ ပါလက်စတိုင်းပြည်သူကို အစ္စရေးက အနီးကပ်ပစ်သတ်မှု ဒုတိယအကြိမ်မြောက် ထွက်ပေါ်လာ
    ဇွန် ၈၊ ၂၀၁၆
    M-Media
    israel 4
    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဟီဘရွန်မြို့မှာ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုမှာ အစ္စရေးစစ်သားတွေက ဒဏ်ရာရပါလက်စတိုင်းတစ်ဦးကို အနီးကပ်အသေပစ်သတ်ခဲ့တယ်လို့ အထောက်အထားတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အဲဒီအဖြစ်အပျက်မှာပဲ ဒုတိယမြောက် ဒဏ်ရာရ ပါလက်စတိုင်းပြည်သူတစ်ဦးကို အစ္စရေးက အနီးကပ်အသေပစ်သတ်လိုက်တယ်လို့ အစ္စရေး ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့ B’Tselem က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
    ပထမမြောက် ပစ်သတ်ခံရသူဟာ အဘ်ဒူလ် ဖာတာဟ် အလ်-ရှရစ်ဖ်ဖြစ်ပြီး အစ္စရေးတွေကို ဓားနဲ့တိုက်ခိုက်တယ်လို့ စွပ်စွဲခံရတဲ့ အဲဒီ အဖြစ်အပျက်မှာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရကာ မြေပြင်ပေါ် လဲကျနေတဲ့အချိန် အစ္စရေးစစ်တပ်က တပ်ကြပ်ကြီး အီလော အေဇာရီယာက ဦးခေါင်းကို အနီးကပ် ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
    မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အတွင်း ဒုတိယယမြောက် ပစ်သတ်ခံရသူကတော့ ရမ်ဇီ အလ်-ကွာစ်ရာဝီဆိုသူဖြစ်ပြီး မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ကွာစ်ရာဝီဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရပြီး လဲကျနေတဲ့အချိန် ရှရစ်ဖ်လိုပဲ အနီးကပ်ပစ်သတ်ခံလိုက်ရတာဖြစ်လို့ B’Tselem က ပြောကြားခဲ့ပါတယ်။
    အဲဒီမျက်မြင်သက်သေတွေဟာ အဖြစ်အပျက်ကို မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပေမယ့် အလ်-ကွာစ်ရာဝီ ပစ်သတ်ခံရမှု ပုံရိပ်တော့ မပါဝင်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်အတွက် တာဝန်ရှိသူတွေက ဆင့်ခေါ်မယ်ဆိုရင် သက်သေထွက်ဆိုဖို့ အသင့်ပဲလို့ မျက်မြင်သက်သေတွေက ပြောကြားခဲ့ပါတယ်။
    Ref : Presstv
  • ယူရို ၂၀၁၆ တွင် လူဖြူအစွန်းရောက်တစ်ဦး၏ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုကို ယူကရိန်း တားဆီးနိုင်ခဲ့
    ယူရို ၂၀၁၆ တွင် လူဖြူအစွန်းရောက်တစ်ဦး၏ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုကို ယူကရိန်း တားဆီးနိုင်ခဲ့
    ဇွန် ၈၊ ၂၀၁၆
    M-Media
    euro 4
    – မေလကုန်ပိုင်းက ယူကရိန်းနဲ့ ပိုလန်နယ်စပ်ပေါ်မှာ ဖမ်းမိထားခဲ့တဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးဟာ ပြင်သစ်မှာကျင်းပမယ့် ယူရို ၂၀၁၆ ဘောလုံး ပြိုင်ပွဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ယူကရိန်းနိုင်ငံတော်လုံခြုံရေးအဖွဲ့ (SBU) အကြီးအကဲ ဗာဆိုင်းလ် ဟာရ်ဆက်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
    အမည်မသိရသေးတဲ့ အဆိုပါအမျိုးသားဟာ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ၀ယ်ဖို့ ယူကရိန်းက တရားမ၀င်လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်လုပ်ထားပြီး မွတ်စလင်နဲ့ ဂျူးလူမျိုးတွေရဲ့ ဘုရားရှိခိုးကျောင်းတွေအပြင် ပြင်သစ် အစိုးရအဆောက်အဦးတွေ၊ အခွန်ဆိုင်ရာ အဆောက်အဦးတွေကို ပစ်မှတ်ထားတိုခိုက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
    “ဒုက္ခသည်တွေ ပြောင်းရွှေ့အခြေချခြင်း၊ အစ္စလာမ်ပြန့်နှံ့ခြင်းနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြင်သစ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် အဲဒီပြင်သစ်သားက အဆိုးမြင်ဝါဒနဲ့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှု တော်တော်များများ ပြုလုပ်ဖို့ အစီအစဉ်ကိုလည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ SBU ဟာ ယူရို ၂၀၁၆ မတိုင်ခင်နဲ့ ပြိုင်ပွဲကျင်းပနေစဉ်မှာ ပြုလုပ်ဖို့ရှိနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၁၅ ခုလောက်ကို တားဆီးနိုင်ခဲ့ပါတယ်” လို့ SBU အကြီးအကဲက ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။
    ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူကလည်း သူတို့နိုင်ငံသားတစ်ဦး ယူကရိန်းမှာ ဖမ်းဆီးခံရတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်က သူ့ရဲ့နေအိမ်မှာ ရှာဖွေမှုအတွင်း ဘာမှမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ဖြစ်ပွားခဲ့ပြီး လူ ၁၃၀ သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ပြင်သစ်အာဏာပိုင်တွေဟာ ယူရိုပြိုင်ပွဲအတွက် အထူးကြပ်မတ်ထားပြီး အမေရိကန်ကလည်း ယူရိုပြိုင်ပွဲမှာ အကြမ်းဖက်တိုက်ခိုက်နိုင်ခြေ ရှိနေတယ်လို့ နိုင်ငံသားတွေကို သတိပေးထားပါတယ်။
    Ref: Reuters
  • ၀ီဂါမွတ်စလင်များ ဥပုသ်သီလဆောက်တည်ခွင့်ကို တရုတ် ပိတ်ပင်
    ဇွန် ၈၊ ၂၀၁၆
    M-Media
    china 4
    – ၀ီဂါလူမျိုး မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသက ကျောင်းသား၊ ၀န်ထမ်းနဲ့ တခြားနေထိုင်သူ အများအပြားကို ရာမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ခြင်း မပြုရဘူးလို့ တရုတ်အာဏာပိုင်များက အမိန့်ထုတ်လိုက်ပါတယ်။
    “ပါတီဝင်တွေ၊ ကေဒါတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေ၊ အရွယ်မရောက်သေးသူတွေအနေနဲ့ ရာမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ခြင်းမပြုရ။ ဘာသာရေးပွဲတော်များတွင် ပါဝင်ဆင်နွှဲခြင်းမပြုရ။ ရမ်ဇာန်လအတွင်း စားသောက်ဆိုင်များ မပိတ်ရ” ဆိုတဲ့ သတိပေးစာတစ်စောင်ကို ရှင်ကျန်းပြည်နယ်အလယ်ပိုင်း ကော်ရ်လာမြို့အစိုးရက သူတို့ရဲ့ ၀ဘ်ဆိုက်မှာ လွှင့်တင်ထားပါတယ်။
    ရှူမိုဂိုခရိုင်က ပြည်နယ်မြို့တော် အူရွမ်ကီရဲ့ ပညာရေးဆိုင်ရာ ဗျူရိုက ကိုင်တွယ်တဲ့ ၀ဘ်ဆိုက်မှာလည်း ဥပုသ်သီလ ဆောက်တည်ခြင်းကို ကန့်သတ်ထားတဲ့ ညွှန်ကြားချက်တွေကို လွှင့်တင်ထားပါတယ်။ ပြီးတော့ ကျောင်သားတွေ၊ ဆရာတွေအနေနဲ့ ဒီလအတွင်းမှာ ဗလီဝတ်ကျောင်းတော်တွေကို ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအတွက် သွားရောက်ခြင်း မပြုဖို့လည်း တားမြစ်ထားပါတယ်။
    Qapqal Xibe ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်အစိုးရက တရုအာဏာပိုင်တွေဟာ ဒေသအတွင်းက စားသောက်ဆိုင်တွေကို ဆက်လက်ဖွင့်လှစ်ထားဖို့ အမိန့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    တရုတ်ကွန်မြူနစ်အစိုးရဟာ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်တွေ နေထိုင်ရာ ရှင်ကျန်းဒေသမှာ နှစ်ပေါင်းများစွာကြာအောင် ရမ်ဇာန်လ ဥပုသ်စောင့်ခြင်းကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ အခုလိုပိတ်ပင်မှုကြောင့် ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အပြင်းအထန်ဝေဖန်တာကိုလည်း ရင်ဆိုင်နေရပါတယ်။
    တရုတ်အာဏာပိုင်တွေကတော့ ယင်းဒေသမှာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကာ လုံခြုံရေးကြောင့် ဒါမျိုးဆောင်ရွက်တာလို့ ပြောကြားခဲ့ပါတယ်။
    Ref: Presstv
  • အာရပ်နှင့် အစ္စလာမ့်နိုင်ငံများ ညီညွတ်ရေး ဆော်ဒီက လိုလားနေ
    အာရပ်နှင့် အစ္စလာမ့်နိုင်ငံများ ညီညွတ်ရေး ဆော်ဒီက လိုလားနေ
    ဇွန် ၈၊ ၂၀၁၆
    M-Media
    salman
    – ဆော်ဒီဘုရင် ဆလ်မန်က အာရပ်နဲ့ အစ္စလာမ့်နိုင်ငံတွေအကြား ညီညွှတ်ရေး ဆော်ဒီရဲ့လိုလားမှုကို ပြန်လည်ဖွင့်ဟ ပြောဆိုခဲ့ပြီး ဒီရည်မှန်းချက်အောင်မြင်ရေး စိတ်ပိုင်းဖြတ်ထားတယ်လို့ ဆိုပါတယ်။
    ရမ်ဇာန်ဥပုသ်လ ၀င်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် ဘုရင်ကြီးရဲ့ သ၀ဏ်လွှာမှာ ဒီလိုဖော်ပြထားတာဖြစ်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့လည်း ဆော်သြ တိုက်တွန်းထားပါတယ်။
    “အစ္စလာမ်ဆိုတာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒတွေကို ငြင်းပယ်ပြီး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုကို လိုလားကာ ဂရုဏာ၊ မုဒိတာ၊ ချစ်ခြင်းမေတ္တာတို့နဲ့ လွှမ်းခြုံထားတဲ့ အလယ်အလတ်ကျတဲ့ လမ်းစဉ် ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ ဒီလဟာ အစ္စလာမ့်နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ဒုက္ခသုက္ခတွေကို အမြစ်ဖြတ်ဖို့နဲ့ လုံးဝ ပျောက်ကွယ်သွားဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်”
    “လွဲမှားပြီး ရန်လိုတဲ့ လှုံ့ဆော်မှုတွေ ရှိနေပေမယ့် အကြမ်းဖက်ဝါဒဆိုတာ အမှန်နဲ့အမှားကို မဝေခွဲနိုင်ဘဲ သဘာဝတရားကို ဖောက်ပြန်သွေဖည်တဲ့လမ်းစဉ်ဖြစ်ပြီး ကတိသစ္စာနဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါဟာ နယ်မြေတွေ ဖြတ်ကျော်လာပြီး လူတွေရဲ့ ဆက်ဆံရေးကြားထဲ ထိုးဖောက်ကာ ချစ်ခြင်းမေတ္တာနဲ့ ခန္တီတရားတို့ကို ဖျက်ဆီးပစ်သလို ဖခင်နဲ့သားတွေကြား၊ မိသားစုတွေကြား၊ အုပ်စုတွေကြား အကွဲကွဲအပြားပြားကို ဖြစ်စေခဲ့ပါတယ်” လို့ အဲဒီ သ၀ဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
    ဒီသ၀ဏ်လွှာကို ဆော်ဒီ ယဉ်ကျေးမှုနဲ့ ပြန်ကြားရေးန်ကြီး အဒဲလ် အလ်-တူရိုင်ဖီက ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။
    Ref: IINA
  • မြန်မာ၊ မလေးရှားနှင့် ပါကစ္စတန် (၃)နိုင်ငံတွင် ကျင်လည်ခဲ့သည့် နိုင်ငံရေးသမား (သို့) ကရီးမ်း ဃနီ
    မြန်မာ၊ မလေးရှားနှင့် ပါကစ္စတန် (၃)နိုင်ငံတွင် ကျင်လည်ခဲ့သည့် နိုင်ငံရေးသမား (သို့) ကရီးမ်း ဃနီ
    ဇွန် ၈ ၊ ၂၀၁၆
    M-Media
    Karim Ghani
    ကရီးမ် ဃနီ သည် အရှေ့တောင်အာရှ (မြန်မာနိုင်ငံ)မှ အိန္ဒိယနွယ်ဖွား နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ဒေါက်တာဘမော် အစိုးရ လက်ထက် မြန်မာနိုင်ငံ ပါလီမန်၏ အတွင်းရေးမှူးဖြစ်သည်။ ကနဦးက ကရီးမ် ဃနီသည် တမီလ်နှင့် မြန်မာဘာသာ သတင်းစာတိုက်များတွင် အယ်ဒီတာဖြစ်ခဲ့သည်။ ကျိုလီယာလူငယ်အဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်ပြီး ၁၉၃၂ နှင့် ၁၉၃၆ ခုနှစ်တွင် လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံရသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ဒေါက်တာဘမော် အစိုးရ လက်အောက်၌ ပါလီမန် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆောတလျင် ဖမ်းဆီးရမည့်သူများဆိုင်ရာ ဗြိတိသျှထောက်လှမ်းရေး အစီရင်ခံစာ၌ သူ၏အမည် ပါဝင်ထည့်သွင်းခံရသည်။
    .
    ဒုတိယကမ္ဘာစစ်အတွင်း မလေးကျွန်းဆွယ်သို့ပြောင်းရွှေ့ကာ Azad Hind အစိုးရအဖွဲ့၏ အတွင်းဝန် ဖြစ်လာသည်။ ထို့ပြင် The Muslim Publishing House ၏ မန်နေဂျာ၊ တမီလ်ဘာသာ မလေးရှားနေ့စဉ် သတင်းစာ Malayan Nanban ၏ အယ်ဒီတာ၊ မလေးဘာသာ Dawn (ပါကစ္စတန်ထုတ် အင်္ဂလိပ်သတင်းစာနှင့် အမည်တူ) သတင်းစာအယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ မွတ်စ်လင်မ်အဖွဲ့ချုပ်တွင်လည်း ပါဝင်ခဲ့ပြီး  All Malaya Muslim Missionary Society (AMMMS) ၏ ဥက္ကဋ္ဌသာမက အခြားအဖွဲ့အစည်းများစွာ၌လည်း အဓိကနေရာမှ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးသော် ဃနီသည် အရှေ့တောင်အာရှ မွတ်စ်လင်မ်နိုင်ငံရေးကိစ္စများ၌ ဆက်လက်ပါဝင်လှုပ်ရှားသည်။ သူသည် ၁၉၅၀ ခုနှစ် စင်္ကာပူတွင်ဖြစ်ပွားသော Maria Hertogh အဓိကရုဏ်းတွင် အထူးထင်ရှားသည်။
    .
    မာရီယာဟာတိုး သို့မဟုတ် နာထရာ အဓိကရုဏ်းသည် ၁၉၅၀ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် စင်္ကာပူ၌ စတင်သည်။ အာမီနာ ဘင့်သိ မုဟမ္မဒ် ၏ ၁၃ နှစ်တိုင် ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှ လူလားမြောက်လာသော မာရီယာဟာတိုးကို မိဘရင်း ကက်သလစ်ဘာသာဝင်၊ ဒတ်ခ်ျလူမျိုးတို့ထံ လွှဲပြောင်း အုပ်ထိန်းခွင့်ပေးရန် တရားရုံးမှ ၁၉၅၀ ခုနှစ် သြဂုတ်လတွင် ဆုံးဖြတ်လိုက်သည်။ သတင်းများ ပြန့်ကားပြီးနောက် မလေးရှားနှင့် အရှေ့တောင်အာရှရှိ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအကြား အုပ်ထိန်းခွင့်နှင့် ပတ်သက်၍ ဂယက်ရိုက်ခတ်သွားသည်။ ၎င်းနောက် မာရီယာကို သတင်းမီဒီယာများ၌ ခရစ်ယာန်တစ်ဦးအဖြစ် ရုပ်လုံးဖော်တင်ပြလာကြသည်။ ကရီးမ် ဃနီ၏ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့သော နာဒရာလှုပ်ရှားမှု ကော်မတီမှ အဖြစ်မှန်ကို ၎င်း၏ Dawn သတင်းစာမှဖော်ပြကာ အခမဲ့ဖြန့်ချိခဲ့ သဖြင့်  ဒေသခံမွတ်စ်လင်မ်များ ထောက်ခံ အားကိုးမှု ရရှိခဲ့ကြသည်။ တရားရုံး ဆုံးဖြတ်ချက်ကို ပွင့်လင်းစွာ ဆန့်ကျင်ရန် ဃနီက စုလ်တာန်ဗလီ၌ မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းနောက် အဓိကရုဏ်းပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။
    ဒီဇင်ဘာ ၁၃ ရက် မွန်းလွှဲပိုင်း အထိ ဖြစ်ပွားခဲ့ပြီး လူ ၁၈ ဦးသေဆုံးကာ ၁၇၃ ဦး ဒဏ်ရာရရှိသည်။ အိုးအိမ်ပစ္စည်းအများအပြား ပျက်စီးပြီး စင်္ကာပူဖြစ်စဉ်များအနက် အဆိုးဝါးဆုံး ဖြစ်သွားခဲ့သည်။ နှစ်ပတ်တိုင်တိုင် ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ရသည်။
    .kgbk
    အဓိကရုဏ်းပြီးသော် ဃနီနှင့် နာဒရာလှုပ်ရှားမှုကော်မတီဝင်အများအပြား အပါအ၀င် ၇၇၈ ဦးကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ထိန်းသိမ်းခဲ့သည်။ ဃနီသည် Saint John ကျွန်းရှိ ထိန်းသိမ်းရေးစခန်းတွင် ၁၅ လတာ ချုပ်နှောင်ခံရပြီး ကျန်းမာရေးချွတ်ယွင်းမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
    .
    ကရီးမ် ဃနီကို မလေးသတင်းစာ၌ ဂျာဝီရေးထုံးကို ပထမဆုံး အစပျိုးပေးသူအဖြစ် သတ်မှတ် ညွှန်းဆိုကြသည်။ သူသည် အင်္ဂလိပ်၊ မလေး၊ ဂျာဝီ၊ အရဗီ၊ အူရဒူနှင့် တမီလ် ဘာသာစကားများဖြင့် ဝေေ၀ဆာဆာ ရေးသားနိုင်သော စာရေးဆရာတစ်ဦးဖြစ်သည်။ ပထမဆုံး တမီလ်ဘာသာသတင်းစာ The Malaya Nanban  ကို စတင်ထုတ်ဝေနိုင်သူလည်းဖြစ်သည်။
    .
    အရေးအခင်းပြဿနာအ၀၀ ပြီးဆုံးငြိမ်သက်သွားသော်လည်း မလေးလူ့အဖွဲ့အစည်းအတွင်း ကရီးမ် ဃနီ၏ အရေးပါမှုအခန်းကဏ္ဍအပေါ် ဗြိတိသျှတို့မှ စိုးရိမ်သဖြင့် ၎င်းတို့၏ကိုလိုနီပိုင်နက်ပြင်ပသို့ ပထုတ်လိုခဲ့ကြသည်။ သူသည် အိန္ဒိယနွယ်ဖွားဖြစ်၍ အိန္ဒိယအစိုးရမှ လက်ခံပေးရန် တင်ပြသော်လည်း ၎င်းတို့က မိမိတို့၏ရွေးကောက်ပွဲကာလဖြစ်နေသောကြောင့် ငြင်းဆန်ခဲ့သည်။ ကနဦးပိုင်းတွင် ပါကစ္စတန်မှ အင်နာမုလာခန်း(ကမ္ဘာ့မွတ်စ်လင်မ်ကွန်ကရက်၏ အထွေထွေအတွင်းရေးမှူး)က ကရာချိသို့လာရောက်ရန် ကရီးမ်း ဃနီအား ဖိတ်ခေါ်ခဲ့ဖူးသဖြင့် ဘရှီးရ် မာလာက သူ၏အဆက်အသွယ်များဖြင့် ခေါ်ယူလိုက်သည်။ သို့နှင့် ဃနီသည် ကရာချိတွင် ထုတ်ဝေသူတစ်ဦးအဖြစ် ဘ၀သစ်ကို စတင်သည်။ ဗြိတိသျှနှင့် ၎င်းတို့၏မူဝါဒများအပေါ် ဆက်လက်ဝေဖန်နေခဲ့သည်။ ပါကစ္စတန်တွင် ထင်ရှားပေါက်မြောက်သူ ဖြစ်မလာခဲ့ပါ။ သူသည် ပါကစ္စတန်၌ပင် ၁၉၅၂-၆၀ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည်။
    Ref : Wikipedia
    Photo- https://drkokogyi.wordpress.com
    ပြန်ဆိုသူ – မင်းထွဋ်ခေါင်