ဇွန် ၁၃၊ ၂၀၁၆
M-Media
– ကာတာနိုင်ငံတော်အလံကို စော်ကားထားတဲ့ ဗီဒီယိုတစ်ခုကို အမေရိကန်စစ်သားတွေက ရိုက်ကူးကာ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့မှုနဲ့ပတ်သက်ပြီး ကာတာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရှဲလ် စမစ်က တောင်းပန်လိုက်ပါတယ်။
အဲဒီဗီဒီယိုကို လွှင်တင်ခဲ့တဲ့ စစ်သားတွေဟာ ဒိုဟာမြို့အပြင်ဘက် အလ်-အူအစ်ဒ်လေတပ်အခြေစိုက်စခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေ ဖြစ်ပါတယ်။ အဲဒီစခန်းဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန်ရဲ့ အကြီးဆုံး စစ်အခြေစိုက်စခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဒီဗီဒီယိုအတွက် အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ထားတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်သံအမတ်ကြီးက သူမအနေနဲ့ ကာတာအစိုးရကို အလေးအနက် တောင်းပန်ပါကြောင်း၊ ဒီကိစ္စကို အထူးအလေးထား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး အမေရိကန်နဲ့ ကာတာ နှစ်နိုင်ငံဟာ ရှည်ကြာပြီး ခိုင်မြဲတဲ့ မိတ်ဖက်တွေ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နိုင်ငံတော်အလံကို စော်ကားတဲ့အပြုအမူအတွက် ကာတာနိုင်ငံက ကြီးလေးတဲ့အပြစ်ဒဏ် သတ်မှတ်ထားပြီး ၂၀၁၂ ခုနှစ်မှာ ကာတာသမ္မတ ရှိခ် ဟာမဒ် ဘင် ခါလီဖာ အလ် သာနီက နိုင်ငံတော်အလံစော်ကားတဲ့လုပ်ရပ်အတွက် ပြစ်ဒဏ်ကို ထိုးမြှင့်ဖို့ ဥပဒေတစ်ခုကို အတည်ပြုခဲ့ပါတယ်။
Ref : IINA
Leave a Reply
You must be logged in to post a comment.