ဇွန် ၈၊ ၂၀၁၆
M-Media
– အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေးကို သွန်သင်တာဖြစ်တယ်လို့ အိန္ဒိယ နိုဘယ်ဆုရှင် ကိုင်လာ့ရှ် ဆတ်ယာသီက ပြောကြားလိုက်ပြီး မွတ်စလင်တွေအပေါ် ပြစ်တင်ပြောဆိုတာမျိုးကိုလည်း ရှုတ်ချလိုက်ပါတယ်။
နော်ဝေ နိုဘယ်ဆုရွေးချယ်ချီးမြှင့်ရေးအသင်းက ကမကထပြုကာ အမေရိကန်ပြည်ထောင်စု မင်နီယာနာပိုလစ်မြို့မှာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၆ နိုဘယ်ငြိမ်းချမ်းရေးဆုဖိုရမ် အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ဆတ်ယာသီက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေ အထူးသဖြင့် ကလေးငယ်တွေကို ကြိုဆိုကြဖို့၊ အစ္စလာမ်ရဲ့ပုံရိပ်ကို ညစ်နွမ်းစေတဲ့ လူတစ်ချို့ရဲ့ အပြုအမူတွေကို အခြေခံပြီး အဲဒီဒုက္ခသည်တွေကို အမြင်မစောင်းဖို့လည်း ၎င်းက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။
“အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးပါ။ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ သာတူညီမျှဖြစ်မှု စတဲ့ သွန်သင်ချက်တွေဟာ ရာနဲ့ချီပါဝင်ပါတယ်” လို့ ဆတ်ယာသီက ဆိုပါတယ်။
ဆတ်ယာသီဟာ ၂၀၁၄ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ပါကစ္စတန်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မာလာလာ ယူစွဖ်ဇိုင်နဲ့အတူ ပူးတွဲရရှိခဲ့သူ ဖြစ်ပါတယ်။
ဇနီးဖြစ်သူ ဆူမဒ်ဟာနဲ့အတူ ဖိုရမ်ကိုတက်ရောက်လာတဲ့ အသက် ၆၂ နှစ်အရွယ် ဆတ်ယာသီက လက်တစ်ဆုတ်စာ လူတစ်စုဟာ အစ္စလာမ်သာသနာကို အသုံးချနေပြီး သူတိုရဲ့ နိုင်ငံရေးဆိုင်ရာ တစ်ကိုယ်ကောင်း အမြတ်ထုတ်လိုမှု၊ တစ်ချို့တွေရဲ့ ခံစားချက်ပိုင်းဆိုင်ရာ ရှေ့တန်းတင်မှုတွေက အစ္စလာမ်သာသနာကို နာမည်ပျက်စေကြောင်း၊ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကတော့ လူသားချင်းစာနာမှု၊ ငြိမ်းချမ်းရေး စတာတွေရဲ့ သံတမန်တွေဖြစ်ပြီး မွတ်စလင်ကမ္ဘာက ပြည်သူတွေအနေနဲ့ အစ္စလာမ်ကို အလွဲသုံးစားလုပ်နေတဲ့သူတွေကို ဆန့်ကျင်ကြောင်း သတ္တိရှိရှိပြောကြားဖို့လိုကြောင်း ဆတ်ယာသီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
“လက်တစ်ဆုပ်စာလူတစ်စုက အစ္စလာမ်ကို အလွဲသုံးစားလုပ်နေပြီး အစွန်းရောက်ဝါဒကို ဖန်တီးနေကာ လူငယ်တွေကို ဦးနှောင်းကျင်းနေကြပါတယ်။ IS နဲ့ အဲဒီလို အကြမ်းဖက်အဖွဲ့တွေဟာ အစ္စလာမ်ဆိုတဲ့ အမည်နာမကို အသုံးချပြီး ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ အစ္စလာမ်ကို တစ်လွဲသုံးတဲ့ ဒီလို လမ်းလွဲမှုမျိုး၊ ကျင့်သုံးမှုမျိုးကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်”
Ref: Economictimes