မေ ၂၈၊ ၂၀၁၆
M-Media
– တောင်တရုတ်ပင်လယ်အတွင်းက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုအချို့ကို ကမ္ဘာလှည့်ခရီးသည်များအတွက် အပန်းဖြေနေရာများအဖြစ် ပြုပြင်ပြောင်းလဲဖို့ တရုတ်က စီစဉ်နေတယ်လို့ သိရပါတယ်။
ပါရာဆဲလ်ကျွန်းစုထဲက ၀ူဒီကျွန်းပတ်လည်ဧရိယာတွေဖြစ်ပြီး မော်လ်ဒိုက်ကျွန်းစုတွေလို အကြီးစား ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာများအဖြစ် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူက ယမန်နေ့မှာ China Daily ကို ပြောကြားခဲ့ပါတယ်။
အဲဒီလိုပြောင်းလဲရာမှာ ရေပြင်မောင်းလေယာဉ်ခရီးစဉ်တွေ၊ ကျွန်းပေါ်မင်္ဂလာဧည့်ခံပွဲ၊ ငါးမျှားခြင်းနဲ့ ဒိုင်ဗင်ထိုးခရီးစဉ် စတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အကြိုက်တွေ့မယ့် အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ပြီးခဲ့နှစ်က ပါရာဆဲလ်ကျွန်းစုတွေကို ကမ္ဘာလှည့်ခရီးသည် ၁၆၀၀၀ ၀န်းကျင်လောက် ပိုက်ဆံပေး လာရောက်လည်ပတ်ခဲ့ကြောင်း အဆိုပါသတင်းစာက ဖော်ပြထားပါတယ်။
အမေရိကန်ကတော့ တရုတ်နိုင်ငံဟာ အခြေအနေတွေကို အခွင့်ကောင်းယူကာ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။ တရုတ်က ဒါကို ငြင်းဆန်ထားပြီး အမေရိကန်အနေနဲ့ ဒေသတွင်း ကိစ္စတွေမှာ ၀င်ရောက်နှောက်ယှက်နေကာ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေဖြစ်အောင် တွန်းပို့နေတယ်လို့ ပြောကြားထားပါတယ်။
Ref; Presstv