News @ M-Media

Blog

  • ချန်ပီယံလိဂ်အရှုံးက ကျဆုံးမှုဟု ဆီမြွန်နီပြော

    ချန်ပီယံလိဂ်အရှုံးက ကျဆုံးမှုဟု ဆီမြွန်နီပြော

    မေ ၂၉၊ ၂၀၁၆
    M-Media

    madrid

    – ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ဖိုင်နယ်တွင် ရီးယဲလ်မက်ဒရစ်အား ရှုံးနိမ့်မှုမှာ ကျဆုံးမှုတစ်ခုဖြစ်သည်ဟု အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။

    ပွဲအစ ၁၅ မိနစ်တွင် ရီးယဲလ်က ရာမို့စ်၏ အဖွင့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၇၉ မိနစ်တွင် ယန်နစ် ဖာရီရာ ကာရက်စ်ကိုက အက်သလက်တီကိုအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးချိန်အထိ ၁ ဂိုးစီသရေကျခဲ့သည်။ ထို့ကြောင့် အချိန်ပို ဆက်ကစားရာ မည်သူမှ ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ပင်နယ်တီတွင် ရီးယဲလ်က ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    ဒုတိယပိုင်းပွဲအစတွင် ဂရီဇ်မန်၏ ပင်နယ်တီကန်သွင်းမှု ဘားထိထွက်ခဲ့ပြီး၊ ဆီမြွန်နီက အသင်း၏ ရလဒ်အတွက် မကျေနပ်ခဲ့ပေ။

    “ဒုတိယရတဲ့သူကို ဘယ်သူမှ မှတ်မထားပါဘူး။ ဖိုင်နယ် ၂ ခုစလုံး ရှုံးနိမ့်ရတာဟာ ကျဆုံးမှုပါပဲ။ အခုတော့ ကျွန်တော်တို့ အိမ်ပြန်ပြီး ဒဏ်ရာတွေကို ကုစားရပါတော့မယ်။ (ရှုံးနိမ့်မှု ၂ ခုမှာ) ဘယ်ရှုံးနိမ့်မှုက အနာကျင်ဆုံးလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော့်အတွက် အနာကျင်ဆုံးက ငွေကုန်ကြေးကျခံပြီး လာကြည့်တဲ့သူတွေကို တွေ့မြင်ရတာပါပဲ” ဟု ဆီမြွန်နီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref : Goal

  • လေထုညစ်ညမ်းမှုက ကလေးအသေမွေးခြင်းရဲ့ အကြောင်းတစ်ခုဖြစ်နိုင်

    လေထုညစ်ညမ်းမှုက ကလေးအသေမွေးခြင်းရဲ့ အကြောင်းတစ်ခုဖြစ်နိုင်

    မေ ၂၈၊ ၂၀၁၆
    M-Media

    air pollution food security

    – လေထုညစ်ညမ်းမှုနဲ့ ကလေးအသေမွေးဖွားမှု မြင့်တက်လာရခြင်းတို့အကြား ဆက်စပ်နေတဲ့ ကွင်းဆက်တစ်ချို့ကို ဖင်လန်နိုင်ငံ Oulu တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ ထုတ်ဖော်နိုင်ခဲ့ပါတယ်။

    ကမ္ဘာ့ ကလေးအသေမွေးဖွားမှုနှုန်းဟာ ပြီးခဲ့နှစ်မှာ ၂.၆ သန်းရှိခဲ့ပြီး အများစုဟာ ကြိုတင်ကာကွယ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ အဲဒီလေ့လာမှုက ဆိုပါတယ်။

    “လေထုညစ်ညမ်းမှုနဲ့ ကလေးအသေမွေးဖွားမှုကြားထဲက ဆက်စပ်နေတဲ့ သက်သေအထောက်အထားကို နောက်ထပ်လေ့လာမှုတွေမှာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင်တော့ အဲ့ဒါဟာ တကယ့်အရေးပါတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လာပါပြီ” လို့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်တက္ကသိုလ် ရောဂါမပြန့်ပွားရေးနဲ့ စောင့်ကြည့်ရေးဌာနက မာရီ ပီဒါဆင်က ပြောကြားခဲ့ပါတယ်။

    အရင်လေ့လာမှုတွေအရ လေထုညစ်ညမ်းမှုနဲ့ ကလေးအသေမွေးဖွားမှုအန္တရာယ်အကြား ဆက်နွယ်မှုကို တွေ့ရှိခဲ့ရပေမယ့် ခိုင်မာမှုတော့ သိပ်မရှိခဲ့ပါဘူး။ အခု လေ့လာမှုအသစ်ကတော့ ၂၀၁၅ ခုနှစ်အထိ အမေရိကန်နဲ့ အာရှတို့မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှု ၃ ခုကို စီစစ်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန် တတိကာလနဲ့ လေထုညစ်ညမ်းမှုရဲ့ ဆက်စပ်မှုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာတိကျတဲ့ အကြောင်းအရင်းကို ထုတ်ဖော်နိုင်ခြင်း မရှိသေးဘဲ ထပ်မံလေ့လာမှုတွေ လိုအပ်နေပါသေးတယ်။

    “ကလေးအသေမွေးဖွားမှုဆိုတာ ယနေ့ကမ္ဘာ့ကျန်းမာရေးကိစ္စမှာ လစ်လျူရှူခံရဆုံးသော အဖြစ်ဆိုးပါပဲ။ လေ့လာသူတွေ တွေ့ရှိခဲ့တဲ့ သက်သေအထောက်အထားတွေဟာ နောက်ထပ်စူးစမ်းမှုတွေပြုလုပ်ဖို့ တွန်းအားဖြစ်စေပါတယ်” လို့ ပီဒါဆင်က ဆိုပါတယ်။

    ကလေးအသေမွေးဖွားခြင်းနဲ့ဆက်စပ်နေတဲ့ တခြားသော အကြောင်းတရားတွေထဲမှာ အ၀လွန်ခြင်း၊ ရောဂါပိုးကူးခြင်း၊ အရက်သောက်ခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ စိတ်ဖိစီးမှုတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

    Ref: IINA

  • အစ္စရေးသပိတ်မှောက်ရေးလှုပ်ရှားမှုကို ပိတ်ပင်ရန် တောင်းဆိုမှုအား နယ်သာလန်ပယ်ချ

    အစ္စရေးသပိတ်မှောက်ရေးလှုပ်ရှားမှုကို ပိတ်ပင်ရန် တောင်းဆိုမှုအား နယ်သာလန်ပယ်ချ

    မေ ၂၈၊ ၂၀၁၆
    M-Media

    boycott

    – နိုင်ငံတကာမှာ ကြီးထွားလာတဲ့ အစ္စရေးကို သပိတ်မှောက်ရေး BDS လှုပ်ရှားမှုကို တရားမ၀င်လို့ ကြေညာချက်ထုတ်ဖို့ အစ္စရေးရဲ့ တောင်းဆိုချက်ကို နယ်သာလန်နိုင်ငံက ပယ်ချလိုက်ပါတယ်။

    အဆိုပါလှုပ်ရှားမှုနဲ့ပူးပေါင်းပါဝင်ကြသူတွေဟာ နိုင်ငံသားတွေကို ပေးအပ်ထားတဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို အသုံးပြုနေခြင်းသာဖြစ်ကြောင်း မိမိတို့အစိုးရက အစ္စရေးကို ရှင်းပြလိုက်တယ်လို့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး ဘာ့သ် ကိုအင်ဒါးစ်က ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

    နယ်သာလန်နိုင်ငံဟာ အစ္စရေး သပိတ်မှောက်ရေး အဲဒီ BDS လှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ခွင့်ကို ထောက်ခံအားပေးတယ်လို့ကြေညာလိုက်တဲ့ ဥရောပသမဂ္ဂက ဒုတိယမြောက် နိုင်ငံတစ်ခု ဖြစ်ပါတယ်။

    “အဲဒီလှုပ်ရှားမှုနဲ့ပက်သက်တဲ့ ကြေညာချက်တွေ၊ တွေ့ဆုံပွဲတွေကို ဒတ်ခ်ျနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပနိုင်ငံများ ကြေညာချက်က ပြဌာန်းထားတဲ့အတိုင်း လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစည်းဝေးပိုင်ခွင့်တွေက ကာကွယ်ပေးထားပါတယ်” လို့ ကိုအင်ဒါးစ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အစ္စရေးဆိုင်ရာ ဒတ်ခ်ျသံအမတ် ဂီးလ် ဘက်စ်ချောရ် ပလဂ်ကလည်း ကိုအင်ဒါးစ်ရဲ့ မှတ်ချက်အပေါ် ကာကွယ်ပြောဆိုလိုက်ပြီး နယ်သာလန်မှာ စည်းရုံးလှုပ်ရှားရေး ကိစ္စတွေဟာ တရားဥပေဒနဲ့မညီညွှတ်တာမျိုး မရှိဘဲ လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုတဲ့ ဘောင်ထဲမှာ အကျုံးဝင်နေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

    “လူတစ်ယောက်ရဲ့ပြောဆိုမှုဟာ တရားဥပဒေနဲ့ညီညွှတ်နေသမျှ အဲ့ဒီလူဟာ လွတ်လပ်စွာပြောဆိုခွင့် ရှိပါတယ်”

    ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်မှုနဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်မှုအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက ၂၀၀၅ ခုနှစ်မှာ BDS လှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်ပြီး အစ္စရေးကတော့ ဒီလှုပ်ရှားမှုကို ပိတ်ပင်ဖို့ အမေရိကန်ရဲ့ ဥရောပနိုင်ငံတွေကို သွေးဆောင်နေပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဂျာမနီနဲ့ ဆွီဒင်တို့မှာ အစ္စရေးကို သပိတ်မှောက်ရေး ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ဥရောပက အဖွဲ့အစည်း ၃၀၀ ကျော်ကလည်း ဥရောပသမဂ္ဂအနေနဲ့ အစ္စရေးရဲ့ ကျူးလွန်မှုတွေကို တာဝန်ခံစေဖို့၊ BDS လှုပ်ရှားမှုမှာ ပါဝင်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စာရေးသား တောင်းဆိုခဲ့ပါတယ်။

    Ref : Presstv

  • မြန်မာနိုင်ငံရှိ ဘာသာရေးလွပ်လပ်ခွင့်မှာ ကြီးမားသည့်စိန်ခေါ်မှုထဲမှ တစ်ခုဖြစ်သည်ဟု ကာဒီနယ် ချားလ်စ်မောင်ဘို ပြော

    မြန်မာနိုင်ငံရှိ ဘာသာရေးလွပ်လပ်ခွင့်မှာ ကြီးမားသည့်စိန်ခေါ်မှုထဲမှ တစ်ခုဖြစ်သည်ဟု ကာဒီနယ် ချားလ်စ်မောင်ဘို ပြော

    မေ ၂၈၊ ၂၀၁၆
    M-Media

    bo

    – မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံးအတွက် ဘာသာရေးလွတ်လပ်ခွင့် သို့မဟုတ် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ကာကွယ်ခြင်းမှာ မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်ဟု ကာဒီနယ် ဆရာတော် ချားလ်စ်မောင်ဘိုက ပြောကြားလိုက်သည်။

    “ခွဲခြားဆက်ဆံမှုမရှိဘဲ မြန်မာနိုင်ငံက ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့၊ လူမျိုးတိုင်း၊ ဘာသာတိုင်း တူညီတဲ့အခွင့်အရေးတွေ ရရှိစေဖို့အတွက် ကျွန်တော်တို့ တော်တော်လေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတာ လူသားတိုင်းအတွက် အခြေခံအကျဆုံး လူ့အခွင့်အရေးဖြစ်ပါတယ်”

    “စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ လွတ်လပ်ခွင့်ဆိုတာ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေနဲ့ ဘာသာတရားတွေ မတူကွဲပြားမှုကို လေးစားရေးဆိုတဲ့ မဖြေရှင်းရသေးတဲ့ ကိစ္စအပေါ် မှီခိုနေပါတယ်။ ကိုယ်ရဲ့ ယုံကြည်မှုကို လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ကျင့်သုံးခွင့်၊ ဖြန့်ဝေခွင့်နဲ့ ပြောင်းလဲခွင့် မရှိဘဲနဲ့တော့ လွတ်လပ်မှုလည်း ရှိမှာမဟုတ်ပါဘူး” ဟု ဆရာတော်က မေလ ၂၅ ရက်နေ့ ယူကေပါလီမန်တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့သည်။

    ထို့ပြင် လက်ရှိ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများကလည်း အဓိက စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟု ထောက်ပြခဲ့သည်။

    “မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကြောင့် လူတော်တော်များများ သေဆုံးခဲ့ရပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေကလည်း သိန်းနဲ့ချီ ရှိနေပါတယ်”

    ဘာသာရေး လွတ်လွပ်ခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေး ဖိတ်ခေါ်ရန်လည်း ကာဒီနယ် ချားလ်စ်မောင်ဘိုက အစိုးရသစ်ကို တိုက်တွန်းခဲ့သည်။ ဘာသာကူးပြောင်းမှုနှင့် ဘာသာမတူသူများအကြား လက်ထပ်မှုအခွင့်အရေးကို ကန့်သတ်ထားသည့် မျိုးစောင့်ဥပဒေကလည်း နိုင်ငံအတွက် ဆိုးရွားသည့်အန္တရာယ် ရှိနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ အထူးသဖြင့် အစွန်းရောက် မဘသအဖွဲ့၏ ခြိမ်းခြောက်မှုကိုလည်း ဆရာတော်က ထောက်ပြပြောကြားခဲ့ပြီး ဘာသာရေးစော်ကားမှုနှင့် ဆက်နွယ်နေသည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅ အတွက်လည်း အလွန်အမင်းစိုးရိမ်မိသည်ဟု ဆိုသည်။

    မြန်မာနိုင်ငံမှ ပထမဆုံး ကာဒီနယ်ဖြစ်သည့် ဆရာတော် ချားလ်စ်မောင်ဘိုမှာ ရိုဟင်ဂျာမွတ်စလင်များ၏ ဒုက္ခသုက္ခများကိုလည်း ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းဖော်ပြခဲ့ပြီး၊ ၎င်းတို့၏ ထိခိုက်ခံစားရမှုများမှာ နိုင်ငံအတွက် ဆိုးရွားသည့် အမာရွတ်ဖြစ်သည်ဟု ဆိုသည်။

    Ref: Worldwatchmonitor

  • တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုအား ကမ္ဘာ့လှည့်ခရီးသွားနေရာအဖြစ် တရုတ်ပြုလုပ်မည်

    တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုအား ကမ္ဘာ့လှည့်ခရီးသွားနေရာအဖြစ် တရုတ်ပြုလုပ်မည်

    မေ ၂၈၊ ၂၀၁၆
    M-Media

    china 2

    – တောင်တရုတ်ပင်လယ်အတွင်းက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုအချို့ကို ကမ္ဘာလှည့်ခရီးသည်များအတွက် အပန်းဖြေနေရာများအဖြစ် ပြုပြင်ပြောင်းလဲဖို့ တရုတ်က စီစဉ်နေတယ်လို့ သိရပါတယ်။

    ပါရာဆဲလ်ကျွန်းစုထဲက ၀ူဒီကျွန်းပတ်လည်ဧရိယာတွေဖြစ်ပြီး မော်လ်ဒိုက်ကျွန်းစုတွေလို အကြီးစား ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာများအဖြစ် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူက ယမန်နေ့မှာ China Daily ကို ပြောကြားခဲ့ပါတယ်။

    အဲဒီလိုပြောင်းလဲရာမှာ ရေပြင်မောင်းလေယာဉ်ခရီးစဉ်တွေ၊ ကျွန်းပေါ်မင်္ဂလာဧည့်ခံပွဲ၊ ငါးမျှားခြင်းနဲ့ ဒိုင်ဗင်ထိုးခရီးစဉ် စတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အကြိုက်တွေ့မယ့် အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ပြီးခဲ့နှစ်က ပါရာဆဲလ်ကျွန်းစုတွေကို ကမ္ဘာလှည့်ခရီးသည် ၁၆၀၀၀ ၀န်းကျင်လောက် ပိုက်ဆံပေး လာရောက်လည်ပတ်ခဲ့ကြောင်း အဆိုပါသတင်းစာက ဖော်ပြထားပါတယ်။

    အမေရိကန်ကတော့ တရုတ်နိုင်ငံဟာ အခြေအနေတွေကို အခွင့်ကောင်းယူကာ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။ တရုတ်က ဒါကို ငြင်းဆန်ထားပြီး အမေရိကန်အနေနဲ့ ဒေသတွင်း ကိစ္စတွေမှာ ၀င်ရောက်နှောက်ယှက်နေကာ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေဖြစ်အောင် တွန်းပို့နေတယ်လို့ ပြောကြားထားပါတယ်။

    Ref; Presstv