News @ M-Media

Blog

  • ချဒ်နိုင်ငံမှ စစ်အာဏာရှင်ဟောင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

    ချဒ်နိုင်ငံမှ စစ်အာဏာရှင်ဟောင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

    မေ ၃၁၊ ၂၀၁၆
    M-Media

    chad

    – အာဏာရှိစဉ်က လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှု၊ ငြှင်းပမ်းနှိပ်စက်မှုနှင့် လိင်ကျွန်ပြုမှုတို့အတွက် ချဒ်နိုင်ငံ၏ စစ်အာဏာရှင်ဟောင်း ဟစ်ဆန်နီ ဟာဘရီမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    ၁၉၉၀ ပြည့်နှစ် အာဏာသိမ်းမှုတွင် ပြုတ်ကျခဲ့ပြီးနောက် ဟာဘရီထွက်ပြေးခဲ့သော ဆီနီဂေါနိုင်ငံရှိ အထူးခုံရုံးက ယမန်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဟာဘရီ၏ ကျူးလွန်မှုကို ခံခဲ့ရသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ ၁၆ နှစ်တာ ကြိုးပမ်းမှု၏ အောင်မြင်မှုလည်းဖြစ်သည်။

    “လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ အဓမ္မပြုကျင့်မှု၊ လိင်ကျွန်ပြုမှု၊ ပြန်ပေးဆွဲမှုနဲ့ စစ်ရာဇ၀မှုတွေအတွက် တရားရုံးက ဟစ်ဆန်နီ ဟာဘရီကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်” ဟု အထူးခုံရုံးဥက္ကဌ ဂျီဘာဒို ဂူစတေ့ဗ် ကမ် က ပြောကြားခဲ့သည်။

    အသက် ၇၂ နှစ်အရွယ်ရှိ ဟာဘရီမှာ ၁၉၈၂ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ၎င်း အာဏာရှိစဉ်အတွင်း လူပေါင်း ၄၀၀၀၀ သေဆုံးမှုအတွက် တာဝန်ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားခဲ့သည်။

    ၎င်း၏ အမှုအား ဆီနီဂေါမြို့တော် ဒါကာရှိ အာဖရိကအထူးခုံအဖွဲ့က ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါခုံအဖွဲ့ကို အနောက်အာဖရိက တရားရေးစနစ်နှင့်အညီ အာဖရိကသမဂ္ဂက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာအစိုးရက ထမင်းဟင်းလျာ ၅ သန်း ဝေငှလှူဒါန်းမည်

    ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာအစိုးရက ထမင်းဟင်းလျာ ၅ သန်း ဝေငှလှူဒါန်းမည်

    မေ ၃၁၊ ၂၀၁၆
    M-Media

    ramadan 2

    – မက္ကာဟ်နဲ့ ဂျစ်ဒါမြို့နေရာတစ်ချို့မှာ ရာမ်ဇာန်ဥပုသ်လအတွင်း ထမင်းဟင်းလျာ ၅ သန်းနဲ့ ရေသန့်ဘူးများကို ဝေငှသွားဖို့ စီစဉ်ထားတယ်လို့ မက္ကာမြို့တော်ဝန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာလိုက်ပါတယ်။

    မက္ကာဟ်အစိုးရနဲ့ ပညာရေးဌာနတို့ ပူးပေါင်းပြုလုပ်တဲ့ အဲဒီအလှူဒါနမှာ လူငယ်ကျောင်းသား ၂၅၀ နဲ့ ကျောင်းဆရာ ၂၀ တို့က စေတနာ့ဝန်ထမ်း ကူညီသွားကြမှာပါ။ ဝေငှမယ့်နေရာတွေကတော့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ၀န်းကျင်၊ အ၀ိုင်းပတ်လမ်းဆုံတွေ၊ ဂိတ်ပေါက်တွေ၊ ဆေးရုံတွေနဲ့ ဘုရင်အဗ္ဗဒူလ်အဇီးဇ် နိုင်ငံတကာလေဆိပ်၊ ဂျစ်ဒါအစ္စလာမ်မစ်ဆိပ်ကမ်းတို့မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ရမ်ဇာန်ဥပုသ်လနဲ့ ဟဂ်ျဘုရားဖူးကာလတွေမှာလည်း ထမင်းဟင်းလျာ ၆ သန်းကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ လှူဒါန်းခဲ့ပြီး၊ ဘုရားဖူးခရီးစဉ် လာရောက်ကြသူတွေကို ရေသန့်ဘူး ၁၇ သန်းနဲ့ အစ်ဟ်ရမ်ဝတ်ရုံ ၃၀၀၀ ကျော်ကိုလည်း ဝေငှခဲ့ကြပါတယ်။ အဲဒီလိုလှူဒါန်းမှုဟာ ဆော်ဒီနိုင်ငံအတွင်းက ပရဟိတအဖွဲ့အမျိုးမျိုးရဲ့ ထောက်ပံ့မှုနဲ့ ပြုလုပ်တာဖြစ်ပါတယ်။

    Ref: IINA

  • ရန်ကင်းတောင်ဆရာတော် ဦးဇောတိကနှင့် တွေ့ဆုံခြင်း

    ရန်ကင်းတောင်ဆရာတော် ဦးဇောတိကနှင့် တွေ့ဆုံခြင်း

    13325714_1195596627125922_3856543233496403635_n

    ရန်ကင်းတောင်ဆရာတော် ဦးဇောတိကသည် ပုသိမ်ကြီးမြို့ ရန်ကင်းတောင်ဥယျာဉ် ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် တစ်ပါးဖြစ်သည်။ ဆရာတော်သည် M.A(Sri Lanka), Ph.D(Thesis) ဘွဲ့ရရှိထားပြီး ပြည်ပနိုင်ငံများမှ ဖိတ်ကြား သော ‘ဘာသာပေါင်းစုံ ညီညွတ်ရေး ဆွေးနွေးပွဲ’များသို့လည်း အခါအားလျော်စွာ တက်ရောက်ခဲ့သူ ဖြစ်သည်။ ဆရာတော် နောက်ဆုံး တက်ခဲ့သော ဆွေးနွေးပွဲမှာ နော်ဝေနိုင်ငံ အော်စလိုမြို့ ငြိမ်းချမ်းရေးသင်တန်းခန်းမတွင် ပြုလုပ်သော နိုင်ငံပေါင်းစုံမှ ဘာသာရေးခေါင်း ဆောင်များ တက်ရောက်ခဲ့သည့် ‘ဘာသာပေါင်းစုံညီညွတ်ရေးဆွေးနွေးပွဲ’ ဖြစ်သည်။

    ဆရာတော်သည် ယင်းအခမ်းအနား၌ ကမ္ဘာ့သဟဇာတသင့်မြတ်ရေးဆု (World Harmony Award) ကို အလှူခံယူ တော်မူခဲ့သည်။ ယင်းဆွေးနွေးပွဲနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမျိုး၊ ဘာသာ၊ သာသနာဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် စပ်လျဉ်း၍လည်း ကောင်း ဆရာတော်ကြီး၏ တပည့်ဒါယိကာမတစ်ဦးဖြစ်သူ ဆရာမကြီး ယောဂီနန္ဒာမာလာမှ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖလားဝါးနယူးစ် ဂျာနယ်မှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

    အော်စလို ဆွေးနွေးပွဲမှာ အရှင်ဘုရားပြော ခဲ့တဲ့ မိန့်ခွန်းကို မြန်မာလို ပြောပြပါလား ဘုရား။

    သြော်… ဒီလိုပါ။ အကျဉ်း ချုပ်ပြီး ပြောပြမယ်။ အားလုံး မင်္ဂလာပါ။ ဒီပွဲမှာ ဘုန်းကြီးက ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး ဖြစ်ပါတယ်။ ဘုန်းကြီးပြောမှာက အမျိုးသားရေးရှုထောင့်၊ နိုင်ငံရေးရှုထောင့် ပြောမှာ မဟုတ်ပါဘူး။ ဘာသာရေးရှုထောင့် ကပဲ ပြောမှာဖြစ်တယ်။ မြတ်ဗုဒ္ဓ၏ အဆို အမိန့်များသည် လူမျိုးခွဲခြားခြင်း၊ ဘာသာ ခွဲခြားခြင်မျိုး မရှိခဲ့ပါဘူး။ မြတ်ဗုဒ္ဓ၏ တရား တော်များဟာ လောက၌ သဘာဝဓမ္မတရား များသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာ ဟုတ်သည် ဖြစ်စေ၊ ဗုဒ္ဓဘာသာ မဟုတ်သည်ဖြစ်စေ လူသားအားလုံး သို့မဟုတ် သတ္တဝါအား လုံးဟာ အဲဒီလောကသဘာဝ ကြောင်းကျိုး ဆက် ရေစီးကြောင်းထဲမှာ သွားလာနေထိုင် နေကြရတာဖြစ်တယ်။ ကိုယ်လုပ်တဲ့ အ ကြောင်းတရားများအတိုင်း ကိုယ်တွေ့ ကြုံ နေရတာ ဖြစ်တယ်။

    မြတ်ဗုဒ္ဓက အဲဒီကြောင်းကျိုးထဲ က ဒါက ကောင်းတဲ့အကြောင်း၊ ဒါက မ ကောင်းတဲ့ အကြောင်းဟု ပိုင်းခြားစိတ်ဖြာ ဖော်ထုတ်ပေးခြင်းပဲ ဖြစ်တယ်။ ထိုတွင် အ စွဲအလမ်းဆိုရင် မည်သည့်အစွဲအလမ်းမှ ကောင်းတဲ့ အစွဲအလမ်း မရှိပါဘူး။ လူမျိုး စွဲ၊ ဘာသာစွဲ၊ အယူစွဲ၊ ဆရာစွဲ၊ ဂိုဏ်းစွဲ၊ နိုင်ငံစွဲ အားလုံးဟာ စိတ်ကျဉ်းမြောင်းမှုကို ဖြစ်စေပြီး ဆင်းရဲဒုက္ခဆီသို့သာ ရှေးရှုနေ ခြင်း ဖြစ်တယ်။

    ဘုန်းကြီးတို့နိုင်ငံ ရခိုင်ပြည်နယ် မှာ အဲဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့တာကို ဘုန်းကြီးတို့ စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။ ဘုန်းကြီး တို့ဟာ အမျိုးသားရေးအစွဲအလမ်း၊ ဘာ သာရေးအစွဲအလမ်း ကြီးစိုးနေခြင်းဟာ လူ သားတစ်ရပ်လုံး ငြိမ်းချမ်းဖို့ရာအတွက် မဖြစ် စေနိုင်ဘူးလို့ ယုံကြည်ကြပါတယ်။ အဲဒီလို ယုံကြည်အားလျော်စွာ လူသားအားလုံး မည် သည့် ခွဲခြားမှုမှမရှိဘဲ ငြိမ်းချမ်းရေး လုပ် ငန်းမှန်သမျှကို လုပ်ခဲ့ပါတယ်။ ယခုလည်း လုပ်နေဆဲ၊ နောင်လည်း ဆက်လက်လုပ် နေမည်ဖြစ်ကြောင်း အားလုံး သိစေပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    အရှင်ဘုရား တပည့်တော်မ သိချင်တာတွေ အများကြီးဖြစ်သွားပြီ။ မေးခွန်းတွေတော့ များတော့မယ်။

    ရပါတယ်။ ဘုန်းကြီးလည်း ကြိုး စားဖြေပေးမယ်။ သိချင်တာ မှန်သမျှမေးပါ။

    အရှင်ဘုရား တစ်တိုင်းပြည်လုံး ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ကောင်းစား ဖို့ဆိုပြီး တက်တက်ြ<ွကြ<ွကနဲ့ ကြိုးစားနေတဲ့ အချိန်မှာ အရှင်ဘုရားတို့က အမျိုးသားရေး ဝါဒ၊ ဘာသာရေးဝါဒတွေ ဘာကြောင့် မရှိ တာလဲဘုရား။

    အဲဒီလို လူမျိုးစွဲ၊ ဘာသာစွဲရှိလာ ရင် ဗုဒ္ဓရဲ့သားတော် ရဟန်းဘဝနှင့် ဆန့် ကျင်နေတယ်လို့ ထင်လို့ပါ။ နောက်တစ် ချက်က အမျိုးသားဝါဒ၊ ဘာသာရေးဝါဒများ သည် လူသားမျိုးနွယ်အားလုံး ငြိမ်းချမ်းစေ မယ်ဆိုတာ မယုံကြည်လို့ပါ။

    ဟုတ်ပါပြီ ဘုရား။ ပထမ ဆန့်ကျင်တယ် ဆိုတာလေးကို ရှင်းပြပါဦးဘုရား။

    ဒီလိုလေ။ မြတ်စွာဘုရားရှင်ကိုယ် တော်မြတ်ကြီးတို့ ပွင့်တော်မူလာရတာကို က သက်ရှိသတ္တဝါအားလုံးအတွက် ကောင်း ကျိုးတွေဖြစ်ဖို့ဖြစ်တယ်။ ဘယ်လူမျိုးကောင်း စားရေး၊ ဘယ်သတ္တဝါ ကောင်းစားဆိုတာ ခွဲခြားပြီး မပါဘူး။ မြတ်စွာဘုရားရဲ့ တရား တော်ဟာလည်း ကျင့်တဲ့သူ မည်သူမဆို ငြိမ်း ချမ်းမှုကို ဖြစ်စေတယ်။ အမျိုးခွဲခြားမှု၊ ဘာ သာခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ လိင် ခွဲခြားမှု မပါ,ပါဘူး။ ကျင့်နိုင်တဲ့သူရဲ့ Óဏ် ရှိသည့် အားလျော်စွာ တစ်ပြေးတည်းညီ တဲ့ အကျိုးကျေးဇူးကို ရရှိခံစားခွင့်ရှိတယ်။ ဗုဒ္ဓရဲ့သားတော်များဖြစ်တဲ့ ဘုန်းကြီးတို့ သံ ဃာတော်တွေကလည်း လူသားမျိုးနွယ် ခွဲ ခြားမှုမရှိဘဲ တစ်ပြေးညီတည်း ငြိမ်းချမ်းစေ တဲ့ တရားတွေကို ဟောရမယ်။ အဲဒီလိုမှ မဟုတ်ဘဲ လူမျိုးစွဲ၊ ဘာသာစွဲနဲ့ ခွဲခြားဆက်ဆံ နေထိုင်ကြမယ်ဆိုရင် လူသားအချင်းချင်း ငြိမ်းချမ်းမှုဆိုတာ ဘယ်လိုဖြစ်စေနိုင်မလဲ။ ဘာသာရေးဝါဒဟာ မြတ်ဗုဒ္ဓရဲ့ အလိုဆန္ဒ နဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်နေတာဖြစ်တယ်။

    အရှင်ဘုရား နောက်တစ်ခုက လူသားမျိုးနွယ် အားလုံးကို ငြိမ်းချမ်းစေမယ်လို့ မယုံကြည် ဘူးဆိုတာရော ဘုရား။ ရှင်းပြပါဦး။

    ဒါဟာလည်း ရှင်းနေပါတယ်။ အမျိုးသားရေးဝါဒ၊ ဘာသာရေးဝါဒ တစ် ဖက်သတ်ရှိနေတဲ့ ပုဂ္ဂိုလ်နဲ့ ငြိမ်သက်မှု၊ သက် သာမှုနဲ့ မသက်သာမှုစသဖြင့် ကွဲပြားနေပါ တယ်။ ဒါကို နည်းနည်းချဲ့ပြောရရင် အမျိုး သားရေးဝါဒ၊ ဘာသာရေးဝါဒ ရှိသူများဟာ ပထမ မိမိတို့ စိတ်ဂနာမငြိမ်ဖြစ်ပြီး ပျက်စီး နေတာကို လက်တွေ့စဉ်းစားပြီး သိနိုင်ပါ တယ်။ ဒီအမျိုးသားရေးစိတ်ဓာတ် တစ်ဖက် သတ်မရှိခင်ကစိတ်နဲ့ ယခု တစ်ဖက်သတ် ရှိနေတဲ့ စိတ်ကို နှိုင်းယှဉ်ကြည့်ရင် ဘယ်စိတ် က ငြိမ်းချမ်းသလဲဆိုတာ သိနိုင်ပါတယ်။

    ဒုတိယ မိမိကို ထောက်ခံသူများ လာအောင် တခြားသူတွေကိုလည်း အမျိုး သားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ် တွေသွင်း၍ စည်းရုံးရပါတယ်။ အစည်းရုံး ခံပုဂ္ဂိုလ်တွေလည်းပဲ ဒီစိတ်တွေ ကိန်းလာ သည်မှစ၍ မငြိမ်မသက်တော့ဘဲ စိတ်ဓာတ် ရေးရာ ပျက်စီးသွားကြတော့တာပဲ။ ကိုယ့် ကိုယ်ကိုယ် အရိုးသားဆုံးစိတ်ဖြင့် စဉ်းစား ကြည့်၊ ဝန်ခံကြည့်ပါ။ လူသားမျိုးနွယ်ခွဲခြား ပြီး အမျိုးသားရေးစိတ်ဓာတ်ရှိသူဟာ ကိုယ့် အမျိုးသားကြီးပွားရင် ဝမ်းသာတယ်။ တ ခြားအမျိုးသား ကြီးပွားရင် မနာလိုဖြစ်တယ်။ အဲဒီလိုပဲ ဘာသာရေးဝါဒ တစ်ဖက်သတ် ရှိတဲ့သူလည်းပဲ ကိုယ့်ဘာသာကောင်းစား တာကိုသာ မြင်ချင်တယ်။ တခြားဘာသာ ကောင်းစားတာကို မမြင်ချင်ဘူး စတဲ့ မလို လားအပ်တဲ့ မကောင်းတဲ့ စိတ်တွေဟာ တိုး ပွားလာတော့တယ်။ ကိုယ့်စိတ်နဲ့ကိုယ် သွား စရာ၊ လာစရာ နေရာကျဉ်းမြောင်းလာတယ်။ လုံခြုံရေးအတွက် စိုးရိမ်လာတယ်။ ဒါဟာ ပုထုဇဉ်တွေရဲ့ သဘာဝပါ။

    အရှင်ဘုရား။ ဒီနေ့ကမ္ဘာမှာ နိုင်ငံတွေအသီး သီး တည်ရှိနေကြတာဟာ အမျိုးသားရေး စိတ်ဓာတ်နဲ့ တည်နေကြတာ။ ရှေးမြန်မာ မင်းများလည်း အမျိုးသားစိတ်နဲ့ နိုင်ငံတည် ထောင်နိုင်ခဲ့တယ်။ နောက်ပြီး ဗိုလ်ချုပ် အောင်ဆန်းလည်း မြန်မာအမျိုးသားစိတ် ဓာတ်ဖြင့် စည်းရုံး၍ လွတ်လပ်ရေးရအောင် ယူနိုင်ခဲ့တာ မဟုတ်လား။

    မှန်တာပေါ့။ ဘုန်းကြီးက ဒီနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပန်းတိုင်ဆီကို သွားနေကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ဗိုလ် ချုပ်တို့စိတ်ကို အတုခိုး မီအောင် လိုက်ကျင့် သုံးစေချင်တယ်။ ဗိုလ်ချုပ်ဟာ မတူကွဲပြား ခြားနားနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ ဘာသာပေါင်းစုံတွေကို တစ်ခုတည်း ‘မြန် မာဟေ့’လို့ဖြစ်အောင် စုစည်းပြီး အားအ ဖြစ် အသုံးပြုနိုင်ခဲ့တယ်။ ဒီမိုကရေစီဆိုတာ မတူကွဲပြားခြားနားနေတာကို အားအဖြစ် နဲ့ စုစည်းနိုင်တာ၊ ရယူနိုင်တာကို ပြောနေ တာ။ အခု မျက်မှောက်ခေတ် အမျိုးသား ရေးဝါဒများ၊ ဘာသာရေးဝါဒများ ပေါ်ထွက် လာခြင်းက ဒီမိုကရေစီပန်းတိုင်သို့ လှမ်းနေ သော ခြေလှမ်းများကို အားအဖြစ် မယူကြ လို့ နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်တယ်။

    မတူကွဲပြား ခြားနားနေခြင်းကို အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ် ဓာတ်တွေ ထပ်ထည့်ပြီး ခွဲခြားနေသရွေ့ ကာလပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းမှု မည် သည့်အခါမျှ ဖြစ်လာမှာ မဟုတ်ဘူး။ ဘုန်း ကြီးဖြစ်စေချင်တာက ဗုဒ္ဓရဲ့သားတော် သံ ဃာတော်များဟာ ဗုဒ္ဓဘာသာတစ်ခုတည်း ၏ ကိုးကွယ်ရာ မဖြစ်ထိုက်၊ တခြားဘာသာ တို့၏ ကိုးကွယ်ရာလည်းဖြစ်အောင် ကျင့် ဆောင်ပေးရမယ်လို့ ဆိုလိုတယ်။

    အရှင်ဘုရား။ တပည့်တော် နိုင်ငံပေါ့နော်။ လူအများစု ဗုဒ္ဓဘာသာများက မခွဲခြားဘဲ အနည်းစု ဘာသာခြားများက ခွဲခြားဆက်ဆံ မှု လုပ်နေတယ်ဆိုရင်ရော ဘယ်လိုဖြေရှင်း မလဲဘုရား။

    ဒီနေ့ ဘာသာတွေထဲက နောက် ဆုံး ပေါ်ပေါက်တဲ့ဘာသာဟာ အစ္စလာမ် ဘာသာဖြစ်တယ်။
    အစ္စလာမ်ဘာသာရဲ့ ပုံစံက ရှေးဘာသာကြီးသုံးခုနဲ့ မတူ အောင် ကျင့်သုံးနေတာဖြစ်တယ်။ ကမ္ဘာမှာ အစ္စလာမ်ဘာ သာကို အမျိုးသမီးတွေ နှိပ်ကွပ်တဲ့ဝါဒလို့ အသိအမှတ်ပြု ထားတယ်။ အစ္စလာမ်ဘာသာက ရှေးဘာသာဝင်ယောက်ျား ပုံစံ၊ မိန်းမပုံစံ၊ အစားအသောက်ပုံစံ၊ ဥပုသ်စောင့်မှုပုံစံ၊ ကု သိုလ် အကုသိုလ်အယူအဆပုံစံကအစ ခွဲခြားထားတယ်။ ဒီနေ့ကမ္ဘာက အစ္စလာမ်လူမျိုးကို မမုန်းပေမယ့် သူတို့ရဲ့ အယူသီးမှုနဲ့ အစွန်းရောက်မှုကို ကြောက်ရွံ့၊ ရွံ့မုန်းစရာ အဖြစ် သတ်မှတ်လာပါတယ်။ ဒါဟာ အစ္စလာမ်တွေရဲ့ ကျဉ်း မြောင်းခြင်း၊ အယူသီးခြင်း၊ အစွန်းရောက်ခြင်း အယူအဆ များရဲ့ တန်ပြန်ဒဏ်ခံနေရခြင်းပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံအတွင်းရှိ မြန်မာပြည်ဖွား အစ္စလာမ်များကို ဗုဒ္ဓ ဘာသာ သံဃာတော်တို့က အကျိုးလိုလားသော မေတ္တာ စိတ်ဖြင့် အကြောင်းအကျိုးထောက်ပြပြီး သူတို့ရဲ့ အယူသီး မှုတွေ၊ ခွဲခြားမှုတွေကို လျော့ပါးသွားအောင် ပြောကြမှာဖြစ် ပါတယ်။

    ဒီထဲက အစ္စလာမ်တွေလည်း အပြင်ဘက်က အစ္စလာမ်တွေလိုပဲကွဆိုပြီး တန်ပြန်ခွဲခြားဆက်ဆံလို့ မရ ပါဘူး။ ညီညွတ်ရေး၊ ပေါင်းစည်းရေး၊ အေးအတူပူအမျှ နေ ထိုင်ရေးကိုသာ ပြောကြားရမှာဖြစ်ပါတယ်။ သူ့မူအကျင့် အတိုင်း ပြန်ကျင့်ရင် ကိုယ်လည်းသူ့လိုပဲဖြစ်သွားမယ်။ အ များစုက သဘောထားကြီးရပါမယ်။ ယဉ်ကျေးပြီးသူတိုင်း ဟာ သဘောထားကြီးကြပါတယ်။ စောစောက ဘုန်းကြီးပြော ခဲ့သလို ဗုဒ္ဓဘာသာရဟန်းတော်များဟာ ဗုဒ္ဓဘာသာလူမျိုး တစ်ခုအတွက်သာ အားကိုးရာမဖြစ်ထိုက်ဘူး။ မြန်မာပြည် ကိုချစ်ရင် မြန်မာတစ်မျိုးသားလုံးရဲ့ အားကိုးရာလည်း ဖြစ် ရပါတယ်။

    အရှင်ဘုရား။ အရှင်ဘုရားပြောတဲ့အတိုင်း မြန်မာပြည်ဖွား အစ္စလာမ်များကို ဟောပြ၊ ပြောပြဖို့လွယ်ကူပါ့မလားဘုရား။

    ဆရာမကြီးတို့လည်း မြန်မာပြည်ဖွားအစ္စလာမ် များကို ဆက်ဆံဖူးပါလိမ့်မယ်။ ပြည်တွင်းအစ္စလာမ်များကို ပြည်ပမှာ အစွန်းရောက်သောင်းကျန်းနေတဲ့ အိုင်အက်စ်တို့၊ ဘိုကိုဟာရမ်တို့နဲ့ နှိုင်းယှဉ်တိုင်းတာလို့မရဘူး။ မြန်မာပြည် ဖွား အစ္စလာမ်များကား နေ့စဉ် ဗုဒ္ဓဘာသာ ရဟန်းသံဃာ တော်များကို တွေ့မြင်နေရတယ်။ ဆက်ဆံနေရတယ်။ ဗုဒ္ဓ ဘာသာ ပြည်သူများနဲ့ အမြဲတမ်း ဆက်ဆံနေရတယ်။ သာ ရေး၊ နာရေးကိစ္စတွေမှာ ကူညီရိုင်းပင်း အတူသွားလာနေကြ တယ်။ သူတို့စိတ်တွေ ကြမ်းတမ်းတာကို မတွေ့ရဘူး။ ထို့ အတူပဲ မြန်မာပြည်ဖွား ခရစ်ယာန်၊ ဟိန္ဒူတို့လည်းပဲ ကြမ်း တမ်းတာမတွေ့ရဘူး။ မြတ်ဗုဒ္ဓဟာ မိမိသိထားတာ တရား တော်များက သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ကျင့်သုံးတဲ့သူမှန်သ မျှ ငြိမ်းချမ်းမှုကိုဖြစ်စေတယ်။ ဒါကြောင့် နူးညံ့သိမ်မွေ့သော လမ်းစဉ်ဖြင့်သာ သာသနာတော်ကို တည်ထောင်ခဲ့တယ်။

    မြတ်ဗုဒ္ဓသားတော် ဘုန်းကြီးများကလည်း မြန် မာပြည်ဖွား လူသားအားလုံးကို လူမျိုးမတူ၊ ဘာသာမတူ အကြောင်းပြပြီး စိတ်ဝမ်းတွေမကွဲအောင် ဟောပြ၊ ပြောပြ စည်းရုံးကြပြီး သာသနာတော်ကြီး ကမ္ဘာ့အလယ်မှာ မျက်နှာ မငယ်ရအောင် နူးညံ့သိမ်မွေ့သောနည်းဖြင့်သာ ပြုကြရမှာ ဖြစ်ပါတယ်။ ဘုန်းကြီးပြောတဲ့နည်းဟာ သူတို့ကိုးကွယ်မှုတွေ ပျောက်သွားအောင် လုပ်ရမှာမဟုတ်ဘူး။ ဗုဒ္ဓရဲ့ အဆုံးအမ တော်တွေကို ကျင့်သုံးလာအောင်လုပ်ရမယ်လို့ ဆိုပါတယ်။ ဒီနေ့ တခြားဘာသာမှ ကမ္ဘာ့ပညာရှင်၊ မြန်မာ့ပညာရှင်များ ဗုဒ္ဓဘာသာကိုပြောင်းလာတာ အများကြီးပါ။ မြန်မာနိုင်ငံမှာ ပင် အစ္စလာမ်ဘုရားဒကာ၊ ကျောင်းဒကာတွေ အများကြီး ရှိနေပြီးသားပါ။

    ကမ္ဘာမှာ မွတ်စလင်လူဦးရေဟာ အများဆုံးဖြစ်နေတယ်။ တစ် နေ့ ကမ္ဘာကိုလွှမ်းမိုးလိမ့်မယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း မွတ်စလင်လူဦးရေ အများကြီးဖြစ်နေတယ်လို့ ပြောနေကြ တယ်ဘုရား။

    မဟုတ်ပါဘူး။ ဒါဟာ စိုးရိမ်ကြတာပါ။ တစ်နည်း အားဖြင့်ပြောရရင် ဒါဟာ မွတ်စလင်လူထုရဲ့ ငါတို့ဟာ ကမ္ဘာ မှာ လူဦးရေအများဆုံးဟေ့လို့ြေ<ွကးကြော်မှုရဲ့ လွှမ်းမိုးမှုကို ခံရတာပါ။ ထိုင်းနိုင်ငံ ဘာသာပေါင်းစုံ အစည်းအဝေးတစ်ခု မှာ ဘုန်းကြီးပြောဖူးတယ်။ မြန်မာနိုင်ငံကိုလည်း အစ္စလာမ် မလွှမ်းမိုးနိုင်သလို ကမ္ဘာကြီးကိုလည်း မလွှမ်းမိုးနိုင်ပါဘူး လို့။ အိုင်အက်စ်၊ ဘိုကိုဟာရမ်တို့ အစွန်းရောက်တွေကြောင့် ဒီနေ့အစ္စလာမ်ဘာသာဟာ ကျဆင်းနေပါတယ်။ အနီးကပ် ဆုံး ကမ္ဘာ့လူဦးရေ အများဆုံးရှိတဲ့ အိန္ဒိယနဲ့ တရုတ်ကိုပင် ကြည့်လိုက်ပါ။ အိန္ဒိယလူဦးရေ သန်းတစ်ထောင့်နှစ်ရာထဲ မှာ နှစ်ဆယ်ရာခိုင်နှုန်းသာ အစ္စလာမ်ဖြစ်တယ်။ တရုတ်နိုင်ငံ လူဦးရေ သန်းတစ်ထောင့်သုံးရာငါးဆယ်ထဲက တစ်ရာမှာ တစ်ယောက်ခွဲသာ အစ္စလာမ်ဖြစ်တယ်။ အမေရိကန်မှာ ရှစ် ရာခိုင်နှုန်း၊ ခရစ်ယာန် ဘယ်လိုလုပ်ပြီးလွှမ်းမိုးနိုင်မလဲ။ ဗုဒ္ဓ ဘာသာနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘော ဒီးယား၊ လာအို၊ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ တွေမှာလည်း ဗုဒ္ဓဘာသာဦးရေကသာ များနေတာပါ။ ဒါ ကြောင့် ကမ္ဘာကိုလွှမ်းမိုးဖို့ အဝေးကြီးပါ။ ဘုန်းကြီးတို့မြန်မာ နိုင်ငံကိုလည်း ကြည့်လိုက် ၂ဝ၁၄ ခုနှစ် စာရင်းဇယားအရ ဗုဒ္ဓဘာသာလူဦးရေ ၅၁၄၂၅၈ဝ၃ (ယခုနိုင်ငံခြားအထွက် များလို့ လျော့သွားတာဖြစ်နိုင်) ခရစ်ယာန်လူဦးရေ ၂၉၈၁၂၉၄၊ အစ္စလာမ်လူဦးရေ ၂၂၇၆၈၈ဝ၊ ဟိန္ဒူလူဦးရေ ၃ဝ၅၇၅၅ ဖြစ်တယ်။
    ခရစ်ယာန်က နှစ်သန်းကိုးသိန်းကျော်ရှိပြီး အစ္စ လာမ်က နှစ်သန်းနှစ်သိန်းကျော်ပဲရှိတယ်။ ဒါဟာ ရခိုင်ပြည် နယ်ရှိအစ္စလာမ် ၉၄၄၈၃၇ကို ထည့်ရေတွက်ထားတာဖြစ် တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်လူဦးရေကို တွက်ကြည့် ရင် ရခိုင်ပြည်နယ်မှာ တစ်ဝက်၊ ကျန်တဲ့ပြည်နယ်နှင့်တိုင်း တွေမှာ တစ်ဝက်လို့ တွက်လို့ရတယ်။ ဒီအချိုးအစားအတိုင်း တက်သွားရင် ဗုဒ္ဓဘာသာဦးရေ သန်းတစ်ရာရှိလာတဲ့အခါ အစ္စလာမ်ဦးရေဟာ လေးသန်းကျော်ရှိတာမို့ ဘယ်လိုမှ မြန် မာနိုင်ငံကိုလည်း မလွှမ်းမိုးနိုင်ပါဘူး။

    အရှင်ဘုရား။ နောက်ဆုံးအနေနဲ့ မြန်မာပြည်သူတွေကို ဘာ များအမိန့်ရှိချင်ပါသလဲ ဘုရား။

    ဟုတ်ပြီဗျာ။ သံဃာတော်တွေကို အထူးအားဖြင့် မဘသဆရာတော်တွေကိုလျှောက်ထားချင်ပါတယ်။
    သုခါ သံဃဿသာမဂ္ဂီ၊ သမဂ္ဂါနံ တပေါသုခေါ၊ သံဃဿ၊ အသင်းအဖွဲ့ အမျိုးအနွယ်အစုအပေါင်း၏ သာ မဂ္ဂီ၊ ညီညွတ်ခြင်းသည် သုခါ၊ ချမ်းသာ၏။ သမဂ္ဂါနံ၊ အေး အတူပူအမျှ ညီညွတ်ခြင်းတို့၏ တပေါ၊ အကျင့်သည် သုခေါ၊ ချမ်းသာ၏၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ စကားလုံးအဓိပ္ပာယ်ကို တပည့်တော် ဤကဲ့သို့ဖွင့်ချင်ပါသည် ဘုရား။

    အမျိုးဟူသည် မြန်မာပြည်နယ် နိမိတ်အတွင်း မွေးဖွားကြသော ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ တရုတ်၊ ကုလား စသော သန်း ၅ဝ ကျော်လူသား မျိုးနွယ်အားလုံးကို ဆိုလိုသည်။ ဘာသာဟူသည် ¤င်းလူသား မျိုးနွယ်တို့အားလုံး ကိုးကွယ်ကြသော ဗုဒ္ဓဘာသာ၊ ခရစ် ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဘဟာကြီး၊ နတ်ကွင်းစသည်ကို ဆို လိုသည်။ သာသနာဟူသည် မဘသဆရာတော်များက ဤ ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆို၍ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ နိုင်ငံသားအသိအမှတ်ပြုပြီး လူသားအားလုံးကို စောင့်ရှောက် ရမည်။ တစ်ဘာသာက တခြားဘာသာကို နှောင့်ယှက်လျှင် ကာကွယ်ပေးရမည်။

    ဘာသာတစ်ခုလိုအပ်သော အကူအ ညီကိုလည်းပေးရမည်။ ဤကဲ့သို့ လုပ်ဆောင်ရွက်နိုင်လျှင် ဗုဒ္ဓဘာသာ တစ်မျိုးတည်းအတွက်သာ အားကိုးရာမဟုတ် တော့ဘဲ မြန်မာပြည်ဖွား မြန်မာနိုင်ငံသားအားလုံးတို့၏ အား ကိုးရာအားထားရာလည်းဖြစ်ပါကြောင်း ရှေးဦးစွာ လျှောက် ထားချင်ပါသည်ဘုရား။

    ဒုတိယ အစိုးရကိုပြောချင်တာပါ။ နိုင်ငံရေးသ မားများဟာ ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးကို လုပ် ရပါမည်။ ပြည်သူက ယုံကြည်လို့ မဲပေးပြီး နိုင်ငံတော်ကို အပ်ထားတဲ့အတိုင်း မိမိတို့အရေးထက် နိုင်ငံတော်အရေး ကို အလေးပေးစောင့်ရှောက်ပေးရမည်။ အထူးအားဖြင့် နယ် စပ်လုံခြုံရေးကို အထူးအလေးပေး စောင့်ရှောက်ရမည်။ ရောက်နှင့်ပြီးသား ဒီမြေပေါ်ဖွားမြင်တဲ့ ပုဂ္ဂိုလ်များကို နိုင်ငံ တကာ စံချိန်စံညွှန်းနဲ့အညီ တဖြည်းဖြည်း နိုင်ငံသားဖြစ်သည် အထိ လက်ခံပေးနိုင်ရမယ်။ အခု အစိုးရလုပ်ပေးနေတဲ့အ တိုင်း မှန်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားအဖြစ် စိစစ်ပြီး ပုဂ္ဂိုလ် တို့ကို ဒုက္ခသည်စခန်းတွင် ရေရှည်မထားသင့်ပါ။ မလှ ရွာ လည်ပြသဘော ဖြစ်နေတတ်ပါတယ်။ အလုပ်အကိုင်များဖန် တီးပေးပြီး ဒုက္ခသည်စခန်း တဖြည်းဖြည်း ပပျောက်အောင် လုပ်ဆောင်ရပါမယ်။ ထိုဒုက္ခသည်စခန်းဟာ နိုင်ငံတော်ကို သိက္ခာကျစေတာ အမှန်ဖြစ်နေတယ်။ ဆိုလိုတာက ရောက်ပြီး သားပုဂ္ဂိုလ်များကိုတော့ လူသားချင်းစာနာပေးရမယ်။ နောက် ထပ် တိုးမဝင်အောင်ဘဲ စောင့်ရှောက်ပါ။

    တတိယ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီတွေကိုပြောချင် တာပါ။ အမည်နာမစွဲပြီး မနေသင့်ဘူး။ နိုင်ငံတော်က လက်ခံ တဲ့ ဘင်္ဂါလီနာမည်နဲ့ပဲ နိုင်ငံသားလျှောက်သင့်တယ်။ အခု အစိုးရလုပ်နေတဲ့ပုံစံဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ညီ ပါတယ်။ ဘယ်နိုင်ငံသွားသွား ပထမ-ဝှိုက်ကတ်၊ ဒုတိယ ဂရင်းကတ်စသဖြင့် အဆင့်ဆင့်လျှောက်ရပါတယ်။

    နောက်တစ်ချက်က မြန်မာနိုင်ငံကို နေချင်ရင် မြန်မာလူမျိုးကိုလည်း ချစ်ရမယ်၊ မြန်မာ့ဗုဒ္ဓဘာသာ ယဉ် ကျေးမှုကိုလည်းလေးစားရမယ်။ ဒါဟာ အလွန်အရေးကြီးပါ တယ်။ အထူးသဖြင့် ဗလီဆရာများဟာ မြန်မာ့ယဉ်ကျေးမှု နဲ့ သဟဇာတဖြစ်အောင် သင်ပေးရပါမယ်။
    စတုတ္ထ ဗုဒ္ဓဘာသာဝင်အများစုကို ပြောချင်ပါ တယ်။ ဘုန်းကြီးရှင်းပြပြီးတဲ့အတိုင်း အစ္စလာမ်လူဦးရေ ဟာ ထင်သလောက် ဘုန်းကြီးတို့နိုင်ငံမှာ မများပါ။ အားလုံး ဟာ လူသားတွေပဲဖြစ်ပါတယ်။ ရွှေပင်နားတော့ ရွှေကျေး၊ ငွေပင်နားတော့ ငွေကျေးဆိုသလို ရာခိုင်နှုန်း ၉ဝ ရှိသော မြန်မာ့ဗုဒ္ဓဘာသာဝင်တို့ဟာ ရွှေပင်ငွေပင်များ ဖြစ်ကြပါ တယ်။ မိမိတို့ထံလာနားတဲ့ မည်သည့်ဘာသာဝင်မဆို နား ဖန်များရင် ရွှေကျေးငွေကျေးများ ဖြစ်သွားပါလိမ့်မယ်။

    ဗုဒ္ဓဘာသာဝင်တိုင်းကျင့်သုံးတဲ့ ငါးပါးသီလအ ကျင့်နဲ့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ် အကျင့်များကိုင်ထားလျက် လူမျိုးခွဲခြား၊ ဘာသာခွဲခြားစိတ် များ ဖျောက်ဖျက်ပစ်ရပါမယ်။ အားလုံးမြန်မာပြည်တစ်လွှား တစ်ပြည်ထောင်စုသားများ အေးအတူပူအမျှ အတူတကွယှဉ် တွဲ နေထိုင်နိုင်ရေးကို ဦးစားပေးကြရန် တိုက်တွန်းချင်တယ်။

    အရှင်ဘုရား။ ကျေးဇူးတင်ပါတယ်ဘုရား။

    ဘုန်းကြီးကလည်း ကျေးဇူးတင်ပါတယ်။ မြန်မာ့ မြေပေါ်ရှိလူသားမျိုးနွယ်အားလုံးဟာ အချင်းချင်း မေတ္တာ မျှကြ၍ တည်ငြိမ်အေးချမ်းတဲ့ ဘဝကိုယ်စီကို တည်ဆောက် နိုင်ကြပါစေလို့ မေတ္တာပြုတယ်။ ဆရာမကြီး။

    သာဓု သာဓု သာဓုပါ အရှင်ဘုရား။ ။

    (Flower News Journal, 12-20) မှကူးယူဖော်ပြပါသည်။

  • အခြားဘာသာများကို ရှုံ့ချပုတ်ခတ်ခြင်းသည် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ကြောင်း သံဃာတော်များ မိန့်ကြားခဲ့

    အခြားဘာသာများကို ရှုံ့ချပုတ်ခတ်ခြင်းသည် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ကြောင်း သံဃာတော်များ မိန့်ကြားခဲ့

    flyer
    အိအိသူ

    အခြားဘာသာများကို ရှုံ့ချပုတ်ခတ်သော သံဃာများအား ဆန့်ကျင်ကြောင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော ဘာသာ ပေါင်းစုံညီလာခံသို့ တက်ရောက်ပြီး ပြန်အလာတွင် နိုင်ငံတော်သံဃနာယက ကော်မတီ အတွင်းရေးမှူး ဦးစန္ဒိမာဘိဝံသ က မြန်မာတိုင်းမ်သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။
    .
    ဗုဒ္ဓဘုရားသည် အခြားသော ဘာသာများ၊ လူမျိုးများကို ပုတ်ခတ်တိုက်ခိုက်ခဲ့ခြင်း မပြုခဲ့သော်လည်း အချို့ရဟန်းသံဃာများက ဝေဖန်ရေးစကားများ ပြောကြားကာ နိုင်ငံရေးနယ်ပယ်ထဲသို့ ၀င်ရောက်နေကြ သည်ကို တွေ့ရှိရကြောင်းနှင့် ထိုကဲ့သို့သော ရန်စမှုမျိုးသည် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းရေးအတွက်လည်း အထောက်အကူ မပြုကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။
    .
    မေလ ၁၉ရက်နေ့က ဘောရောဘူဒါဘုရားကျောင်းတွင် ကျင်းပခဲ့သော ဗုဒ္ဓဘာသာညီလာခံသို့ ဆရာတော်အပါအ၀င် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် သီရိလင်္ကာနိုင်ငံများမှ ကိုယ်စားလှယ်ဘုန်းကြီးများတက်ရောက်ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံသည် မွတ်ဆလင်ဘာသာဝင်အများစုနေထိုင်သော နိုင်ငံဖြစ်သော်လည်း ဗုဒ္ဓဘာသာကို လေးစားပြီး အစွန်းမရောက်ကြ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ၇ ရာစုနှင့် ၉ရာစုအတွင်းက ဗုဒ္ဓဘာသာထွန်းကားခဲ့ပြီး ယူနက်စကို အမွေအနှစ်စာရင်းဝင် ဗုဒ္ဓဘာသာဘုရားကျောင်းများနှင့် သမိုင်းဝင်အဆောက်အအုံများ ရှိနေသေးကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။
    .
    မြန်မာနိုင်ငံတွင်လည်း အခြားဘာသာများကို ထိပါးစော်ကားခြင်းမရှိဘဲ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်နိုင်ကြောင်း၊ ဘာသာပေါင်းစုံကိုးကွယ်သူများသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြလျှင် ဘာသာရေးအစွန်းရောက်မှုများ ပေါ်ပေါက်လာ မည် မဟုတ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံကို အတုယူသင့်ကြောင်း ဆရာတော်က ဆိုသည်။
    .
    မူရင်း-မြန်မာတိုင်း(မ်)
    https://www.facebook.com/themyanmartimes/posts/10153552376830976

  • တဘက်စွန်းရောက်မှုများနှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှု

    တဘက်စွန်းရောက်မှုများနှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှု

    မေ ၃၀ ၂၀၁၆
    M-Media
    နှင်းဆီခင်ရေးသည်။
    our-brand
    ကိစ္စရပ်တိုင်းဟာ ဖြစ်ရိုးဖြစ်စဉ်ဆိုရင် အကြောင်းမဟုတ်ပေမယ့် သာမန်ထက် လွန်ကဲလာမယ်ဆိုရင်ပေါ့။ ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ လွန်ကြူးတယ်ဆိုတာကတော့ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်နေတတ်တာမျိုးပါ။ ဆိုပါစို့။ သံယောဇဉ်ဆိုတာကို သာမန်ထက် လွန်လွန်ကဲကဲထားတဲ့အခါ ရင်နဲ့အမျှ ပူလောင်ပြင်းပြရတတ်တာ သဘာဝလို့ပဲ ဆိုရမလားမသိ။

    အချစ်လွန်၊ သောကလွန်နဲ့ အစိုးရိမ်လွန်တာဟာ ခံစားရသူအတွက် စိတ်ပင်ပန်းလွန်းလှပါတယ်။ ဒါပြင် အချစ်လွန်၊ သောကလွန်နဲ့ အစိုးရိမ်လွန်ခံရသူတွေအနေနဲ့လည်း မလူးသာမလွန့်သာအောင် စိတ်ကျဉ်းကျပ်ရတတ်ပြန်ပါတယ်။

    တကယ်တော့ ရင်ထဲကဆန္ဒကို ဆင်ခြင်အသိနဲ့ ထိန်းကြရစမြဲမို့ ဆင်ခြင် ဥာဏ်အားနည်းလာတာနဲ့အမျှ သောကပိုပြီး စိတ်ပင်ပန်းဆင်းရဲမှုတွေကို ကြုံတွေ့လာရော။ တစ်ခုရှိတာက ရင်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားလာရမယ်ဆိုရင် ကိုယ့်ကိုကိုယ် လေ့လာဆန်းစစ်ကြည့်မှသာ အဖြေမှန်ကို သိလာနိုင်မှာပါ။ ဆိုလိုတာက ကိုယ်ဟာသာမန်ထက် လွန်နေသလားလို့ပေါ့။ အချိန်မီသိနားလည်ခဲ့ရင်တော့ ဆင်ခြင်ဥာဏ်နဲ့ အမှန်ကိုမြင်အောင် ကြိုးပမ်းလို့ ရနိုင်ပါတယ်။ ဒါဟာ စိတ်ရဲ့ထွက်ပေါက်တစ်ခုလို့ ဆိုရမှာပါ။

    ဘဝမှာ သိကျွမ်းခင်မင်ခဲ့ဖူးတဲ့ မိသားစုတစ်စုရှိတယ်။ အိမ်ထောင်ဦးစီးယောင်္ကျားဖြစ်သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး။ နိုင်ငံရပ်ခြားကို ဥဒဟိုသွားလာရင်း ကုန်သွယ်နေတာမို့ အိမ်မှာမိသားစုအနေနဲ့ အနေနည်းတယ်။ ဇနီးသည် ဒေါ်ခင်သက်ထားက ဘွဲ့တွေတသီကြီးရထားတဲ့ ပညာတတ်အမျိုးသမီး။

    အသက်အရွယ်ကြီးခါမှ  အိမ်ထောင်ပြုခဲ့ကြတာမို့ သမီးကလေးတစ်ယောက်ပဲ ရှားရှားပါးပါး ထွန်းကားခဲ့တယ်။ တစ်ဦးတည်းသော သမီးလေး မာလာကို အဖေ၊ အမေက အချစ်ပိုတာ မဆန်းပါဘူး။ ဒါပေမယ့် အဖေက အမြဲတမ်းလိုလို ခရီးထွက်နေရတာမို့ အမေရဲ့အုပ်ထိန်းမှုအောက်မှာ ဗိုင်းကောင်းကျောက်ဖိ ကြီးပြင်းရသည်ပေါ့။ ဒေါ်ခင်သက်ထားက သမီးလေးမာလာကို အချစ်ပိုတယ်ဆိုတာထက် အချစ်လွန်တယ်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

    ကလေးဘဝကတည်းက ဆိုပါတော့။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကိုပဲ ကျွေးတယ်။ အပြင်စာ လုံးဝလုံး မစားစေရ။ ကျွမ်းကျင်တဲ့ ကလေးထိန်းတွေနဲ့ပဲ အချိန်မလပ် ဂရိုစိုက်ခဲ့တယ်။ ပတ်ဝန်းကျင်က ကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံခွင့် လုံးဝမပေးဘူး။ အဆင့်အတန်ူမတူသူတွေနဲ့ အဆက်အဆံ မလုပ်ခိုင်းတဲ့သဘော။

    ကျောင်းနေတဲ့အရွယ်ရောက်တော့လည်း အိမ်ကထည့်ပေးတဲ့ အစားအသောက်ကလွဲလို့ အပြင်သရေစာမုန့်တွေ ဝယ်စားခွင့်မရှိဘူး။ မုန့်ဖိုး လုံးဝမပေးဘူး။ အဆင့်တူသူငယ်ချင်း တစ်ယောက်၊ နှစ်ယောက် ယောက်ပဲရှိသလို အများနဲ့မတူပဲ တသီးတခြားဖြစ်နေတာက အကျင့်လိုဖြစ်လာတယ်။ အစစအရာရာ အမေ့ရဲ့အစိုးရိမ်ကြီးမှုအောက်မှာ ကြီးပြင်းလာတာမို့ မာလာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလောက်ပါပဲ။ မာလာဟာ သူ့ကိုယ်သူ မချင့်မရဲဖြစ်သလို ခံစားလာရတယ်။ ပိုက်ဆံကိုင်ပြီး ကိုယ်တိုင်ဝယ်စားခွင့်မရှိတဲ့ သူငယ်ချင်းတွေကို အားကျလာတယ်။ သူငယ်ချင်းတွေကျွေးရင်သာ ကိုယ်ကစားနိုင်ပြီး ဘာမှပြန်ပြီး ကျွေးနိုင်ခွင့်မရှိတာကို မာလာက ဝမ်းနည်းသလို ခံစားရတယ်။ အမေကိုလည်း ဘာမှတောင်းဆိုခွင့်မရှိတာမို့ ရင်ထဲက မွန်းကျပ်မှုတွေကတစ်ဆင့် စိတ်ဝေဒနာခံစားရတဲ့အထိ ဖြစ်လာရော။ အဲဒီအခါမှာ  အစိုးရိမ်ကြီးစွာနဲ့ အဖေရောအမေပါ မာလာ့ကို ဆေးဝါးကုဖို့ ကြိုးစားခဲ့ကြတယ်။ ငယ်ငယ်လေးကတည်းက ပြုစုထိန်းကျောင်းမှုလွဲချော်ခဲ့တဲ့ အကျိုးဆက်ခောင့် အခုလိုဖြစ်ရတာပါလို့ အထူးကုဆရာဝန်ကြီးက မှတ်ချက်ချတယ်။

    မာလာ့ရဲ့အမေ အပြောကတော့ “ကျွန်မသမီးလေးကို သူများထက်ထူးချွန်အောင် အချိန်အားမထားဘဲ ပညာရေးမှာ အချိန်ကုန်အောင် လုပ်ခဲ့ပါတယ်။ တခြားဘယ်သူနဲ့မှ မရောဘဲ ကိုယ့်အိမ်မှာပဲ ဆရာခေါ်ပြီး ဘာသာရပ်အားလုံး သင်ခဲ့တယ်။ ကွန်ပျူတာကအစ စကားပြောအဆုံး သင်တန်းတွေမှန်သမျှ သမီးကို သီးသန့်ပဲသင်ပေးခဲ့တာ။ အပေါင်းအသင်းများရင် သူတို့ဆီက မကောင်းတဲ့အကျင့်တွေ ကူးကုန်မှာဆိုးရိမ်တာကြောင့်ပါပဲ” ဆရာဝန်ကြီးက မာလာ့အမေကို ရှင်းပြတယ်။

    “လူဆိုတာ သူ့အသက်သူ့အရွယ်၊ သူ့သဘာဝနဲ့လိုက်ဖက်တဲ့ ပတ်ဝန်းကျင်ဆိုတာ လိုတယ်။ ပတ်ဝန်းကျင်ဆိုတာကလည်း အဆိုးချည်းပဲလို့ ယူဆလို့မရနိုင်ပါဘူး။ ချင့်ချိန်ပြီးပေါင်းသင်းတတ်ရင် ကိုယ့်အတွက် အကျိုးရှိနိုင်ပါတယ်။ အဓိကတော့ အချစ်လွန်လို့ စိုးရိမ်စိတ်နဲ့ ဟန့်တားခဲ့တာတွေဟာ သဘာဝနဲ့ဆန့်ကျင်နေရင် စိတ်ဖိစီးမှုတွေဖြစ်လာရော။ မခံနိုင်တဲ့အဆုံး စိတ်ရောဂါခံစားရတဲ့အထိ ဖြစ်သွားတတ်တာပါပဲ” မာလာ့ကို သူ့မိဘတွေ မျှော်လင့်ထားသလို ထူးချွန်ထက်မြက်တဲ့ မိန်းကလေးမျိုး ဖြစ်မလာတဲ့အပြင် ကျန်းမာရေးထိခိုက်တဲ့အထိ ဖြစ်လာရတာမို့ မိဘတွေ ယူကျုံးမရဖြစ်ပြီး တော်တော်လေး ခံစားကြရပါတယ်လို့ သူငယ်ချင်းတစ်ယောက်ကတစ်ဆင့် သိရတယ်။ သူတို့မိသားစုအတွက် စိတ်မကောင်း ဖြစ်မိရပါသေးတယ်။

    သားသမီးအပေါ် အချစ်လွန်တာကြောင့် စိတ်ဒုက္ခရောက်ရတဲ့ မိဘတွေရှိသလို အိမ်ထောင်ဖက်ချင်း အချစ်လွန်တာကြောင့် အိမ်ထောင်ရေးမှာ အက်ကြောင်းထင်ရတာမျိုးတွေကိုလည်း ရံဖန်ရံခါ ကြုံရတတ်ပါတယ်။

    ကိုမောင်မောင်နဲ့ မထားတို့ကို တက္ကသိုလ်ရောက်စကတည်းက ခင်မင်ရင်းနှီးခဲ့တယ်။ သူတို့နှစ်ယောက်က အထက်တန်းကျောင်းသားကျောင်းသူဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းချစ်သူတွေပါတဲ့။ ကိုမောင်မောင်က ပျော်ပျော်နေတတ်တယ်။ အပေါင်းအသင်း မင်တယ်။ မထားက ငယ်ငယ်ကတည်းက မိဘမရှိဘူး။ အဒေါ်အပျိုကြီးတွေနဲ့ ကြီးပြင်းခဲ့ရတာမို့ သိပ်ပြီးစနစ်ကျတယ်။ စည်းကမ်းကြီးတယ်။ ကိုမောင်မောင်နဲ့ ခဏခဏဆိုသလို စိတ်ကောက်လိုက်ကြ ပြန်ချော့လိုက်ကြပေါ့။

    ကျောင်းပြီးတော့ ကိုမောင်မောင်က စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာပြီး မထားက ကျောင်းဆရာမအလုပ်ဝင်ဖြစ်တယ်။ ကျွန်မတို့သူငယ်ချင်းတစ်စု သူတို့အိမ်ကို မကြာခဏဆိုသလို ရောက်ကြတယ်။ ရောက်တဲ့အခါတိုင်း မထားက ကိုမောင်မောင်ကို မျက်စိအောက်က အပျောက်မခံတာမျိုး၊ သိပ်ကို ဂရုစိုက်လွန်းပုံရပါတယ်။ ကျွန်မတို့ စကားပြောဆိုနေရင်းကပဲ
    “ကိုမောင် ရေကိုအကြာကြီးမချိုးနဲ့၊ အအေးမိလိမ့်မယ်”
    “ကြည့်စမ်း ခေါင်းကဆံပင်တွေကို ရေစင်အောင်မသုတ်ပြန်ဘူး။ အအေးမိပြီးဖျားရင် ဘယ်လိုလုပ်မလဲ”
    “ရေလဲလုံချည်ကို အဝတ်တန်းမှာ တင်ထားလေကိုမောင်၊ ဘယ်နှယ့် ကြမ်းပေါ်မှာ ပုံထားရတာလဲလို့”
    “အဲဒါသာကြည့်တော့ဟေ့။ ငါ့မှာ တစ်နေ့တစ်နေ့ အာညောင်းအောင် ပြောနေရတယ်။ ကိုမောင်က တကယ့်ကိုကလေးလေးကျနေတာပဲ။ သူ့အိမ်မှာ အငယ်ဆုံးသားဆိုတော့ စည်းမရှိ ကမ်းမရှိ ကြီးလာခဲ့ရတာ”
    ကျွန်မတို့လည်း ကိုယ့်အလုပ်နဲ့ကိုယ်မို့ မထားတို့ဆီ မရောက်ဖြစ်တာ ကြာသွားတယ်။

    တစ်နေ့ သတင်းစာကြော်ငြာတစ်ခုကို ဖတ်မိလို့ တအံ့တသြဖြစ်ခဲ့ရတယ်။ ကိုမောင်မောင်နဲ့ မထားတို့ ကွာရှင်းပြတ်စဲခြင်းကြော်ငြာလေ။ နောက်ပိုင်းကြားတာက မထားကိုယ်တိုင် ပြောင်းရွှေ့ခွင့်တင်ပြီး ကချင်ပြည်နယ်က ကျောင်းတစ်ကျောင်းကို အလုပ်ပြောင်းသွားပြီဆိုတာပါပဲ။ သူငယ်ချင်းတွေလည်း တော်တော့်ကို စိတ်မကောင်းဖြစ်ကြရတယ်။ စိတ်မကောင်းဖြစ်ဆို သူတို့နဲ့ တကယ့်မောင်နှမရင်းချာတွေလို ခင်မင်ရင်းနှီးခဲ့ကြတာကိုး။ နောက်ပြီး သူတို့ချစ်သက်တမ်းင နည်းမှမနည်းဘဲ။ အဲဒီကမှ အိမ်ထောင်သက်တမ်း ဘာမှမကြာလိုက်ဘူး။ လမ်းခွဲကြတယ်ဆိုတော့ စိတ်မကောင်းဖြစ်ကြရတာပေါ့။

    နှစ်တွေအတော်ကြာသွားခဲ့ပါပြီ။ တစ်နေ့မှာ ကုမ္မဏီတစ်ခုရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲကို သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားခဲ့တယ်။ အဲဒီအခမ်းအနားမှာ ကိုမောင်မောင်နဲ့ဆုံတယ်။ ကျွန်မတို့ကိုတွေ့ရတော့ သူတော်တော်လေး ဝမ်းသာသွားတယ်။ စကားစမြည်ပြောကြတဲ့အခါ သူ့အကြောင်းတွေ ပြောပြခဲ့တယ်။

    ကျွန်တော်က ထားကို သံယောဇဉ်ရှိခဲ့တာ အမှန်ပါပဲ။ ရည်းစားဘဝကတည်းက သူကကျွန်တော့်ကို ဟိုမလုပ်နဲ့ ဒီမလုပ်နဲ့ဆိုပြီး စည်းကမ်းပေးတယ်။ ကျွန်တော်ကလည်း အိမ်မှာဗိုလ်ဆိုတော့ ခပ်ပေါ့ပေါ့နေတတ်ခဲ့တာကိုး။ နောက်ပြီး ထားကိုလျှော့တွက်ခဲ့မိတယ်။ အိမ်ထောင်ကျတဲ့အခါ ကျွန်တော့်ကို နားလည်လာမှာပါလို့။ နောက်ပြီး သူစည်းကမ်းကြီးတာကို သိပ်ပြီးအလေးအနက်မထားခဲ့မိဘူး။

    ဟော အိမ်ထောင်လည်းကျရော ကျွန်တော့်ကို အမျိုးမျိုးချုပ်ကိုင်ပါလေရော။ ဟိုပစ္စည်းထားတာ နေရာမကျဘူး။ ဒီဟာကဒီလိုနဲ့ အသေးအဖွဲ့ကအစ လိုက်ပြောရော။ အစပိုင်းတော့ ကျွန်တော်က တဟားဟားရယ်ရင်း ရယ်စရာလို သဘောထားပစ်လိုက်တယ်။ ဒါပေမယ့်ဗျာ ကြာလာတော့ သူကသူ့စကားကို အလေးအနက်မထားဘူးလို့ ယူဆလာတယ်။ ကျွန်တော့်ကို အချစ်လွန်တာ၊ ကျွန်တော့်ကိုအစိုးရိမ်လွန်တာကြောင့်ပဲဆိုတာ ကျွန်တော်မသိလို့ မဟုတ်ဘူး။ သိပါတယ်။ ခက်တာက လွတ်လွတ်လပ်လပ်နေတတ်ခဲ့တဲ့ ကျွန်တော့်ငယ်ကျင့်ကို လွယ်လွယ်နဲ့ဖျောက်မရတာ ဆိုးတယ်။ ကြာလာတော့ ကျွန်တော်က ကိုယ့်ကိုကိုယ် ကျဉ်းကျပ်နေသလို ခံစားလာရတယ်။ အိမ်ရောက်ရင် ဘာအမှားများလုပ်မိမလဲလို့ တွေးလာရော။ နောက်ဆုံးတော့ဗျာ ကျွန်တော်တို့ လမ်းခွဲကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ပေါ့။

    ကျွန်မတို့လည်း ကိုမောင်မောင်တို့ သတင်းကြားရတော့ စိတ်မကောင်း ဖြစ်ကြရပါတယ်။ အင်း အခုတော့ ကျွန်တော် အိမ်ထောင်သစ် ထူထောင်လိုက်ပါပြီ လို့ ကိုမောင်မောင်က ဆက်ပြောတယ်။

    ကျွန်တော့်ကို နားလည်ပေးနိုင်တဲ့သူ။ နောက်ပြီး နားပူနားဆာမလုပ်ဘဲ ကျွန်တော့်ကို ဖျောင်းဖျပြီး နားဝင်အောင် ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ပေါ့။ တခြားတော့ မဟုတ်ပါဘူး။ ကျွန်တော့်ကုမ္မဏီက စာရင်းကိုင် မိန်းကလေးပါပဲ တဲ့။

    ဖြစ်ရိုးဖြစ်စဉ်ထက် လွန်ကဲလာခြင်းရဲ့ အကျိုးဆက်ဟာ မလှမပတဲ့ အဆုံးသတ်လားဆိုတာ တွေးမိရင်း။

    စာကြွင်း။    ။ သူဖတ်မိလိုဖတ်ငြားပေါ့ဗျာ၊ ကျွန်တော်တို့အကြောင်း စာတစ်ပုဒ်လောက် ရေးစမ်းပါဆိုလို့။

    နှင်းဆီခင်