News @ M-Media

Blog

  • ချန်ပီယံလိဂ်ဖိုင်နယ်တွင် တည်ငြိမ်ရမည်ဟု ဘေးလ်ပြော

    ချန်ပီယံလိဂ်ဖိုင်နယ်တွင် တည်ငြိမ်ရမည်ဟု ဘေးလ်ပြော

    မေ ၂၆၊ ၂၀၁၆
    M-Media

    bale

    – လာမည့် စနေနေ့ညတွင် ကစားမည့် အက်သလက်တီကိုနှင့် ချန်ပီယံလိဂ်ပွဲတွင် အသင်းသားများအနေဖြင့် မိမိတို့၏ စိတ်ခံစားမှုများကို ထိန်းသိမ်းကာ တည်တည်ငြိမ်ငြိမ်ဖြင့် ယှဉ်ပြိုင်ရမည်ဟု ရီးယဲလ်တိုက်စစ်မှုး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ရီးယဲလ်နှင့် အသလက်တီကိုတို့မှာ ခါးသီးသော မြို့ခံပြိုင်ဘက်များဖြစ်ပြီး ၂၀၁၄ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် တစ်ကြိမ်တွေ့ဆုံဖူးကာ ရီးယဲလ်က အချိန်ပိုသွင်းဂိုးများနှင့် ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဘေးလ်ကမူ ယခုတစ်ကြိမ်တွေ့ဆုံမှုတွင် တည်ငြိမ်ရန်လိုသည်ဟု ဆိုသည်။

    “အဓိကအချက်ကတော့ ကိုယ့်စိတ်ခံစားမှုကို ကိုယ်ထိန်းဖို့ပါ။ အဲဒီလို မထိန်းနိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ရော ပြိုင်ပွဲပါ ထိခိုက်သွားနိုင်ပါတယ်။ ဘောလုံးကိုသာ အာရုံစိုက်ဖို့ အရေးကြီးပါတယ်” ဟု ဘေးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် အက်သသလက်တီကိုအသင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကိုလည်း ၎င်းက ချီးကျူးခဲ့ပြီး အသင်းကောင်းတစ်သင်းဖြစ်သည်ဟု ဆိုသည်။

    “(၂၀၁၃-၁၄ ဖိုင်နယ်ကထက်) သူတို့ ပိုတောင့်တင်းလာလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး စုစည်းမှု တော်တော်လေးကောင်းတယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ကစားရမယ့် ဖိုင်နယ်ဟာ ခက်ခဲတဲ့ပွဲဖြစ်မှာဖြစ်ပြီး ကျွန်တော်တို့ကလည်း ကောင်းကောင်းပြင်ဆင်ထားပါတယ်”

    Ref: Goal

  • အမေရိကန်ရှိ နျူဓာတ်ပေါင်းဖို ၉၀ ကျော် ဘေးအန္တရာယ်ကင်းရေး စိတ်မချရ

    အမေရိကန်ရှိ နျူဓာတ်ပေါင်းဖို ၉၀ ကျော် ဘေးအန္တရာယ်ကင်းရေး စိတ်မချရ

    မေ ၂၆၊ ၂၀၁၆
    M-Media

    nuke

    – အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ နျူကလီးယားစက်ရုံ ၉၆ ခုဟာ လုံခြုံဘေးကင်းမှုအတွက် စိတ်မချရတော့ဘူးလို့ လေ့လာမှုအသစ်တစ်ရပ်အရ တွေ့ရှိရပါတယ်။

    အဲဒီလေ့လာမှုကို အမျိုးသား သိပ္ပံ၊ အင်ဂျင်နီယာနှင့် ဆေးပညာရှင်များအသင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး နျူဓာတ်ပေါင်းဖို့ ၉၆ ခုမှာ ရှိတဲ့ အသုံးပြုပြီးသား ဓာတ်ပေါင်းဖိုလောင်စာ ဒါမှမဟုတ် နျူလောင်စာတွေဟာ ဆိုးရွားတဲ့ ခြိမ်းခြောက်မှုမျိုး ရှိနေတယ်ဆိုတာကို တွေ့ရတာပါ။ ဒါဟာ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အမေရိကန် နျူထိန်းညှိရေး ကော်မရှင်ရဲ့ လေ့လာမှုရလဒ်နဲ့တော့ ကွဲလွဲနေပါတယ်။

    အဲဒီလောင်စာတွေဟာ အကြမ်းဖက်တိုက်ခိုက်မှု ၀န်ထမ်းတွေရဲ့ တမင်တကာ ရည်ရွယ်တိုက်ခိုက်မှု စတဲ့ အန္တရာယ်တွေ ရှိနေတာဖြစ်ပြီး ဒီအန္တရာယ်တွေကို ဂရုမစိုက်ရင်တော့ အမေရိကန်အနေနဲ့ ဒေါ်လာ ၇၀၀ ဘီလီယံအထိ ကုန်ကျနိုင်ဖွယ်ရှိတဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့အတွက် လူပေါင်း ၃.၅ သန်းခန့်ကို နယူးဂျာစီပြည်နယ်ထက်ကြီးတဲ့ နေရာတစ်ခုမှာ ပြန်လည်နေရာချထားပေးဖို့လိုမယ်လို့လည်း သုတေသီတွေက ပြောကြားခဲ့ပါတယ်။

    အဲဒီသုံးစွဲပြီးသား လောင်စာတွေကို ရေကန်တွေအဖြစ် ထားတာထက် ခြောက်သွေ့တဲ့ စည်တွေနဲ့ထားတာက ပိုပြီး ဘေးကင်းတယ်ဆိုတာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။ အမေရိကန်မှာ ဂျပန်က ဖူကူရှီးမား နျူကလီးယားအန္တရာယ်လိုမျိုး ထပ်မဖြစ်အောင်ကာကွယ်နိုင်ဖို့အတွက် အဆိုပါလေ့လာမှုကို အစိုးရက ငွေကြေးထောက်ပံ့တာဖြစ်ပါတယ်။

    Ref: Presstv

  • မော်တော်ယာဉ်မောင်းသည့် သံဃာများကို စောင့်ကြည့်အရေးယူမည့် အစီအစဉ် မကြာမီ စမည်

    မော်တော်ယာဉ်မောင်းသည့် သံဃာများကို စောင့်ကြည့်အရေးယူမည့် အစီအစဉ် မကြာမီ စမည်

    မေ ၂၆၊ ၂၀၁၆
    M-Media

    motor

    – ဗုဒ္ဓဘာသာ ရဟန်းသံဃာများအနေဖြင့် မော်တော်ဆိုင်ကယ်နှင့် အခြား မော်တော်ယာဉ်များ မောင်းနှင်မှုကို တွေ့ရှိပါက အရေးယူသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာဖြစ်သူ ဦးမြင့်ဇော်ဝင်းက ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး ဥပဒေအရ ရန်ဟန်းသံဃာများ မော်တော်ယာဉ်မောင်းနှင်မှုကို တားမြစ်ထားပြီး ဦးမြင့်ဇော်ဝင်းကမူ အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း ထိုအခြေအနေကို စောင့်ကြည့်သွားမည်ဟု ဆိုသည်။

    “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒါကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ မြို့နယ်တိုင်းက သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်ကြီးတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး အသိပေး လျှောက်တင်ပြီးပါပြီ”

    မန္တလေးတိုင်းဒေသကြီးအစိုးရကလည်း မိမိတို့အနေဖြင့် စောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့သည်။ အင်းစိန်မြို့နယ်ရှိ ကျောင်းထိုင်ဆရာတော်တစ်ပါးကမူ ထိုဆောင်ရွက်မှုအား ချီးကျူးခဲ့သည်။

    “ဘုန်းကြီးတွေဆိုတာ ကိုယ်တိုင် ယာဉ်မောင်းလို့မရပါဘူး။ အဲဒီလို ကိုယ်တိုင်မောင်းတဲ့ ဘုန်းကြီးတွေကို အရေးယူမယ့် ဒီစိတ်ကူးကို ဘုန်းကြီးက ကြိုဆိုပါတယ်” ဟု အမည်မဖော်လိုသည့် အဆိုပါ ဆရာတော်က မိန့်ကြားခဲ့သည်။

    မော်တော်ယာဉ်မောင်းနှင့်သည့် ရဟန်းသံဃာများအား အရေးယူမည့် အစီအစဉ်အရ ဇွန်လမှာ သတိပေးကာလဖြစ်ပြီး ဇူလိုင်လတွင် အမှန်တကယ် အရေးယူမည်ဖြစ်သည်။ သို့သော်လည်း မည်သည့်အကြောင်းအရင်းကြောင့် ထို အစီအစဉ် ဆောင်ရွက်ခြင်းနှင့် မည်သည့် ပြစ်ဒဏ် ပေးမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    Ref: yangon.coconuts

  • အစ္စလာမ့်သရုပ်မှန်ပေါ်လွင်ရေး ယူအေအီး၏ ကြိုးပမ်းမှုကို အလ်-အဇ်ဟာရ် အီမာမ်ကြီး ချီးကျူး

    အစ္စလာမ့်သရုပ်မှန်ပေါ်လွင်ရေး ယူအေအီး၏ ကြိုးပမ်းမှုကို အလ်-အဇ်ဟာရ် အီမာမ်ကြီး ချီးကျူး

    မေ ၂၆၊ ၂၀၁၆
    M-Media

    grand

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အထင်မှားအမြင်မှား ခံနေရတဲ့ အစ္စလာမ်သာသနာရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ပေါ်လွင်စေပြီး အလယ်အလတ်ကျမှုကို ပျံ့နှံ့အောင်ဆောင်ရွက်ရာမှာ ကမ္ဘာတစ်ဝှမ်း အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်မှုအတွက် အာရဗ်စော်ဘွားများပြည်ထောင်စု UAE ပြည်သူတွေနဲ့ ခေါင်းဆောင်တွေကို အီဂျစ်နိုင်ငံ အလ်အဇ်ဟာရ် တက္ကသိုလ်ရဲ့ ရှေ့ဆောင်အီမာမ်ကြီး ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်က ချီးကျူးပြောဆိုလိုက်ပါတယ်။

    ဘာသာပေါင်းစုံချစ်ကြည်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေး ဆွေးနွေးမှု မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတဲ့ အရှေ့-အနောက် ဆက်ဆံရေးဆိုင်ရာ ဒုတိယအကြိမ်မြောက်ဖိုရမ်ရဲ့ သီးခြားဆွေးနွေးပွဲတစ်ခုမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အီမာမ်ကြီးက ဒီလို ပြောကြားခဲ့တာပါ။

    “ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ယူအေအီးအစိုးရအဖွဲ့နဲ့ ခေါင်းဆောင်တွေကို ကျွန်တော့်အနေနဲ့ကျေးဇူးတင်စကား ပြောချင်ပါတယ်။ မွတ်စလင်နဲ့ ခရစ်ယာန်တွေအကြား ဆက်ဆံရေးကို ငြိမ်းချမ်းရေးသာ စိုးမိုးနိုင်မှာ ဖြစ်ပါတယ်။ ဒီဘာသာတရားနှစ်ခုအကြားက ၁၄ ရာစုကြာ တည်တံ့ခဲ့တဲ့ ညီရင်းအစ်ကိုဖြစ်မှု၊ အတူယှဉ်တွဲနေထိုင်မှုဟာ သမိုင်းသက်သေ ရှိနေပါတယ်။ ဒီကာလအတွင်းမှာ နှစ်ဖက်စလုံးဟာ ဘာသာရေးအခြေပြုတဲ့ စစ်ပွဲတွေမှာ မပါဝင်ခဲ့ကြပါဘူး။ ဒီအခြေအနေမျိုးပြန်ဖြစ်အောင် နှစ်ဖက်စလုံး ထိန်းသိမ်းရပါမယ်”

    ယူအေအီးဟာ အစ္စလာမ့်သတင်းစကားပြန့်ပွားရေး လုပ်ငန်းမှာ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံအတွင်း နှစ်စဉ် အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာသူအရေအတွက်ဟာ ထောင်ချီ ရှိနေပါတယ်။

    အကြမ်းဖက်ဝါဒရဲ့ သားကောင်ဖြစ်နေရသူတွေထဲမှာ ခရစ်ယာန်တွေထက် မွတ်စလင်အရေအတွက်က အဆမတန် များပြားတယ်လို့လည်း အလ်-တိုင်ယစ်ဘ်က ဆိုပါတယ်။

    “အကြမ်းဖက်ဝါဒရဲ့ သားကောင်ဖြစ်နေရသူ မွတ်စလင်အရေအတွက်ဟာ ခရစ်ယာန်အရေအတွက်ထက် ၁၀ ဆလောက် ပိုများတယ်လို့ ကျွန်တော် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ပြောကြားခဲ့ပါတယ်။ ခရစ်ယာန်နဲ့ မွတ်စလင်တွေ အားလုံးဟာ စက်ဆုပ်စရာကောင်းတဲ့ ဒီဝါဒကို အမြစ်ဖြတ်ရေး လက်တွဲဆောင်ရွက်သွားရပါမယ်”

    အရှေ့-အနောက်ဆက်ဆံရေးဆိုင်ရာ နောက်ထပ်ဖိုရမ်တစ်ခုကိုတော့ ကိုင်ရို ဒါမှမဟုတ် ဗာတီကန်မှာ ကျင်းပဖို့ရှိပါတယ်။

    Ref; IINA

  • ကမ္ဘာ့ မွတ်စလင်အများဆုံးရှိရာ အင်ဒိုနီးရှားတွင် သက်ငယ်မုဒိမ်းမှုများအတွက် သေဒဏ်ပေးတော့မည်

    ကမ္ဘာ့ မွတ်စလင်အများဆုံးရှိရာ အင်ဒိုနီးရှားတွင် သက်ငယ်မုဒိမ်းမှုများအတွက် သေဒဏ်ပေးတော့မည်

    မေ ၂၆၊ ၂၀၁၆
    M-Media

    indo

    – ကလေးငယ်များအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်သတ်မှတ်ရန် အတည်ပြုထားသည့် ဥပဒေ ဖြည့်စွက်ချက်တစ်ခုကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    အဆိုပါ ဥပဒေအရ ကျူးလွန်သူကို ဓာတုဗေဒနည်းဖြင့် သင်းကွပ်ခြင်း၊ ၎င်းတို့၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန်အတွက် အီလက်ထရောနစ် ခြေရာခံစနစ် ထည့်သွင်းခြင်း စသည့် ပြစ်ဒဏ်များကို ချမှတ်နိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားအပြစ်ပေးမှု ပုံစံများတွင် အနည်းဆုံး ထောင်ဒဏ်ကို ၁၀ နှစ်မှ နှစ် ၂၀ အထိ တိုးမြှင့်ခဲ့ကာ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သည်။

    “ကလေးငယ်တွေအပေါ် လိင်အကြမ်းဖက်မှုဟာ စက်ဆုပ်စရာကောင်းတဲ့ ရာဇ၀တ်မှုပါ” ဟု သမ္မတနန်းတော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၀ီဒိုဒို ပြောကြားခဲ့သည်။ ထို့ပြင် ယခု ဥပဒေဖြည့်စွက်ချက်က ကျူးလွန်သူများကို နောက်တွန့်စေမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများကို လျော့ကျစေမည်ဟု သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

    ဧပြီလက ဆူမားတြားကျွန်း အနောက်ပိုင်း ဘန်ကူလူမြို့တွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူများအပေါ် ပိုမိုပြင်းထန်သည့်အပြစ်ပေးရန် ပြည်သူများက အစိုးရကို တောင်းဆိုခဲ့သည်။

    ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် အင်ဒိုနီးရှား၏ လက်ရှိအမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၄ နှစ်ဖြစ်သည်။

    Ref: Channelnewsasia