News @ M-Media

Blog

  • ဗီယက်နမ်အပေါ် လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှုကို အမေရိကန် ပယ်ဖျက်

    ဗီယက်နမ်အပေါ် လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှုကို အမေရိကန် ပယ်ဖျက်

    မေ ၂၄၊ ၂၀၁၆
    M-Media

    vietnam

    – ဗီယက်နမ်အပေါ် အမေရိကန်က ပြုလုပ်ထားတဲ့ လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှုကို လုံးဝ ဖယ်ရှားပေးလိုက်ပြီလို့ ဟနွိုင်းကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယမန်နေ့မှာ ကြေငြာလိုက်ပြီး နှစ်နိုင်ငံက ဆက်ဆံရေး တိုးမြှင့်ဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။

    တစ်ချိန်က ခါးသီးတဲ့ရန်ဘက်ဖြစ်တဲ့ ဗီယက်နမ်အပေါ် အမေရိကန်ဟာ နှစ် ၅၀ လောက် လက်နက်ကုန်သွယ်ခွင့် ပိတ်ဆို့ထားတာဖြစ်ပါတယ်။

    သူရဲ့ ပထမဆုံးခရီးစဉ်မှာ အိုဘားမားက စစ်အေးတိုက်ပွဲကတည်းက ကျန်ရှိနေတဲ့ အဖုအထစ်တွေကို ပျောက်ပျက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့အတူ အတိုက်အခံဟောင်းဖြစ်တဲ့ ဗီယက်နမ်နိုင်ငံနဲ့ ဆက်ဆံရေးတစ်ခု ပြန်လည်တည်ဆောက်နိုင်ဖို့ အခုလို ဖယ်ရှားပေးလိုက်တာဖြစ်တယ်လို့ ဗီယက်နမ်သမ္မတ ထရန် ဒိုင် ကွမ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒီလိုအခြေအနေမျိုးမှာ နှစ်ဖက်စလုံးဟာ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို တိုးတက်စေလိုက်တာဖြစ်ပါတယ်” လို့ အိုဘားမားကဆိုပြီး နှစ်နိုင်ငံစစ်တပ်တွေအကြား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမယ်လို့ မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Presstv

  • Solar Impulse 2 လေယာဉ်၏ ကမ္ဘာတစ်ပတ်ပျံသန်းမှု ပြီးဆုံးရန် နီးလာ

    Solar Impulse 2 လေယာဉ်၏ ကမ္ဘာတစ်ပတ်ပျံသန်းမှု ပြီးဆုံးရန် နီးလာ

    မေ ၂၃၊ ၂၀၁၆
    M-Media

    solar

    – နေရောင်ခြည်စွမ်းအင်ကို အပြည့်အ၀အသုံးပြုပြီး ကမ္ဘာတစ်ပတ် ပျံသန်းနေတဲ့ Solar Impulse 2 လေယာဉ်ရဲ့ နောက်ဆုံး ခရီးစဉ်အပိုင်းပျံသန်းမှုအတွင်း ယမန်နေ့က အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးမှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါ Solar Impulse 2 လေယာဉ်ဟာ Phoenix Goodyear လေဆိပ်မှထွက်ခွာပြီး ၁၇ နာရီအကြာ ပျံသန်းပြီးတဲ့နာက် ဒေသစံတော်ချိန် ည ၁၀ နာရီမတိုင်ခင် ဒေတန်မြို့ကို ဆိုက်ရောက်ခဲ့တာဖြစ်တယ်လို့ ဒီပျံသန်းမှုအစီအစဉ်ရဲ့ တရားဝင် Twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့ အောင်မြင်ချင်တဲ့ကိစ္စတွေက ဖြစ်နိုင်မှာမဟုတ်ဘူးလို့ လူတွေက ကျွန်တော်တို့ကိုရော၊ ရိုက်ညီနောင် (လေယာဉ်တီထွင်ခဲ့သူ) ကိုပါ ပြောခဲ့ပါတယ်။ သူတို့မှားသွားပါပြီ” လို့ လေယာဉ်မှူး ဘာထရန် ပစ်ကဒ်က လေယာဉ်ဆင်းသက်ပြီးနောက် ပြောကြားခဲ့ပါတယ်။

    အင်ဂျင်လေးလုံးတပ်ထားတဲ့ အဲဒီ Solar Impulse 2 လေယာဉ်ဟာ တောင်ပံတွေမှာရှိတဲ့ ဆိုလာပြား ၁၇၀၀၀ က ရရှိတဲ့ စွမ်းအင်ကိုသာ လုံးဝ မှီခိုတာဖြစ်ပြီး၊ ညဘက်ပျံသန်းနိုင်ဖို့အတွက် ဘက်ထရီလေးလုံး ထည့်သွင်းထားပါတယ်။ အဲဒီ ဘက်ထရီတွေကိုလည်း နေ့ဘက်မှာ ဆိုလာပြားတွေကနေတစ်ဆင့် အားသွင်းတာ ဖြစ်ပါတယ်။

    ဒီလေယာဉ်ဟာ အမြင့်ပေ ၂၈၀၀၀ အထိ ပျံတက်နိုင်ပြီး ညဘက်မှာတော့ စွမ်းအင်ချွေတာဖို့အတွက် ခပ်နိမ့်နိမ့်ကနေပဲ ပျံသန်းတာဖြစ်ပါတယ်။ ဆိုလာလေယာဉ်နဲ့ ကမ္ဘာတစ်ပတ်ပျံသန်းရေး စီမံကိန်း ရည်မှန်းချက်ကတော့ သန့်ရှင်းသောစွမ်းအင်နည်းပညာကို သုံးစွဲဖို့ စည်းရုံးလှုံ့ဆော်ရေး ဖြစ်ပါတယ်။

    ဒီလေယာဉ်ဟာ အမေရိကန်ကနေ ဥရောပကို သွားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ စတင်ထွက်ခွာခဲ့တဲ့ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ကမ္ဘာတစ်ပတ်ခရီးကို အဆုံးသတ်မှာဖြစ်ပါတယ်။

    Ref: Reuters

  • မြင့်မြတ်သောနေရာများတွင် အရိုအသေမဲ့သောလုပ်ရပ်များ မလုပ်ရန် ဆော်ဒီအီမာမ်ကြီး သတိပေး

    မြင့်မြတ်သောနေရာများတွင် အရိုအသေမဲ့သောလုပ်ရပ်များ မလုပ်ရန် ဆော်ဒီအီမာမ်ကြီး သတိပေး

    မေ ၂၃၊ ၂၀၁၆
    M-Media

    makkah

    – မြင့်မြတ်တဲ့နေရာတွေကို အသုံးချပြီး ယုတ်မာတဲ့ နိုင်ငံရေးအကြံအစည်တွေနဲ့ သက်ဝင်သူတွေကြား ဘာသာရေးရှုပ်ထွေးမှုတွေ၊ အငြင်းပွားမှုတွေ၊ အပုပ်ချမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်နေတဲ့သူတွေကို သတိထားဖို့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်သူ ရှိခ် ဆာလေဟ် ဘင် အဘ်ဒူလာ ဟူမိုဒ်က တိုက်တွန်းလိုက်ပါတယ်။

    ပြီးခဲ့တဲ့ သောကြာနေ့ တရားဒေသနာမှာ ဒီလို တိုက်တွန်းလိုက်တာဖြစ်ပြီး မြင့်မြင်တဲ့နေရာတွေမှာ အရိုအသေတန်တဲ့အပြုအမူတွေ၊ ဟဂ်ျနဲ့အွမ္မရာဟ်ပြုလုပ်သူတွေ၊ လာရောက်လည်ပတ်သူတွေရဲ့ လုံခြံရေးနဲ့ဘေးကင်းရေးကို ခြိမ်းခြောက်တဲ့ အပြုအမူတွေ ကျူးလွန်မယ့် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းကိုမဆို ဆော်ဒီအစိုးရက ခွင့်ပြုသွားမှာ မဟုတ်ဘူးဆိုတာကိုလည်း အီမာမ်ကြီးက အလေးထား ပြောကြားခဲ့ပါတယ်။

    ရှိုက်ခ် ဘင် ဟူမိုဒ်ဟာ ဆော်ဒီအတိုင်ပင်ခံကောင်စီ (ရှူရာကောင်စီ) ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူက သက်ဝင်ယုံကြည်သူတွေအကြား ဆူပူအောင်လုပ်ပြီး ရှုပ်ထွေးမှုတွေဖန်တီးဖို့အတွက် မုသားတွေနဲ့ အခြေအမြစ်မရှိတဲ့ ကောလဟလတွေ ဖြန့်ဖို့ ကြိုးစားနေသူတွေ ရှိကြောင်း၊ မီဒီယာနဲ့ တခြားသော နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး အစ္စလာမ်သာသနာတော်က တားမြစ်ထားတဲ့ အရာတွေကို လုပ်ကိုင်ဆောင်ရွက်ဖို့ ကောလဟာလဖြန့်ချီတဲ့သူတွေကို သတိထားရမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • IS လက်မှ ဖာလူဂျာမြို့လွတ်မြောက်ရေး ထိုးစစ်တစ်ခုကို အီရတ်စတင်

    IS လက်မှ ဖာလူဂျာမြို့လွတ်မြောက်ရေး ထိုးစစ်တစ်ခုကို အီရတ်စတင်

    မေ ၂၃၊ ၂၀၁၆
    M-Media

    iraq 2

    – မြိုတော်ဘဂ္ဂဒတ်အနောက်ပိုင်း ကီလိုမီတာ ၅၀ အကွာတွင်ရှိပြီး IS က ထိန်းချုပ်ထားသော ဖာလူဂျာမြို့ သိမ်းပိုက်ရေးအတွက် ထိုးစစ်ကြီး စတင်ပြီဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ကြေငြာလိုက်သည်။

    ထိုကဲ့သို့ ကြေငြာခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု မြို့တွင်းရှိ ရင်းမြစ်များက ဆိုသည်။

    “ဖာလူဂျာမြို့ရဲ့ ကောင်းကင်ယံမှာ အီရတ်အလံ မကြာခင်လွှင့်ထူတော့မယ်လို့ ကျွန်တော်တို့ ကြေငြာလိုက်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ချစ်စရာကောင်းတဲ့ ကျွန်တော်တို့မြို့လေးကို အပိုင်စီးထားတဲ့ စက်ဆုပ်ဖွယ်ကောင်းသူတွေရဲ့ အလံနက်ကို ဆုတ်ဖြဲပစ်မှာပါ။ ဖာလူဂျာလွတ်မြောက်ဖို့ အချိန်ရောက်လာပြီး အောင်မြင်မှုဟာ ကျွန်တော်တို့အတွက် ဖြစ်မှာပါ။ မြို့ကနေ ထွက်သွားဖို့ကလွဲလို့ IS မှာ ပြေးစရာမြေမရှိပါဘူး” ဟု အာဘာဒီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဖာလူဂျာကို IS မှ လွန်ခဲ့သည့် ၂ နှစ်အရင်က သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်များမှာ ပြင်းထန်သည့် ခုခံမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

    Ref: Aljazeera

  • ထိုင်းစာသင်ကျောင်း မီးလောင်မှု မိန်းကလေးငယ် ၁၇ ဦး သေဆုံး

    ထိုင်းစာသင်ကျောင်း မီးလောင်မှု မိန်းကလေးငယ် ၁၇ ဦး သေဆုံး

    မေ ၂၃၊ ၂၀၁၆
    M-Media

    thai 1

    – ထိုင်းနိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသ မူလတန်း ကျောင်းတစ်ကျောင်းရှိ အိပ်ဆောင်တွင် မီးလောင်မှု ဖြစ်ပွားသောကြောင့် မိန်းကလေးငယ် ၁၇ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံး၊ ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။

    ချီယန်ရိုင်းပြည်နယ်ရှိ ပုဂ္ဂလိက မိန်းကလေးကျောင်းဖြစ်ပြီး ယမန်နေ့ည နှောင်းပိုင်း ကျောင်းသူများ အိပ်ပျော်နေစဉ် နှစ်ထပ်ကျောင်းဆောင်၌ မီးလောင်ခဲ့ခြင်းဖြစ်သည်။ ထိုမီးလောင်မှုတွင် ပျောက်ဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၂ ဦးရှိပြီး ဒဏ်ရာရသူများမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။

    အဆိုပါ အိပ်ဆောင်တွင် စုစုပေါင်း ကျောင်းသူ ၃၈ ဦး ရှိပြီး မီးလောင်ချိန်တွင် မအိပ်သေးသူများမှာ လွတ်မြောက်ခဲ့ကာ၊ အိပ်နေသူများခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး အာရ်ကွမ် ဆူကာပန်က ပြောကြားခဲ့သည်။ မီးလောင်ရခြင်းအကြောင်းအရင်းကို မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

    Ref : Aljazeera