News @ M-Media

Blog

  • ကိုယ်လက်လေ့ကျင့်ခန်းက ကင်ဆာ ၁၃ မျိုးကို ကာကွယ်ပေး

    ကိုယ်လက်လေ့ကျင့်ခန်းက ကင်ဆာ ၁၃ မျိုးကို ကာကွယ်ပေး

    မေ ၂၀၊ ၂၀၁၆
    M-Media

    exercises

    – ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက သေဆုံးမှုများလေ့ရှိတဲ့ ရောဂါတစ်ချို့ အပါအ၀င် ကင်ဆာရောဂါအမျိုးအစား တော်တော်များများကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ အမေရိကန်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

    အဲဒီလေ့လာမှုကို မြောက်ကယ်ရိုလိုင်းနားက ချက်ပဲဟေးလ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လေ့လာမှုအတွင်း အရွယ်ရောက်ပြီးသူပေါင်း ၁.၄ သန်းလောက်ကို စောင့်ကြည့်ခဲ့ပြီး တစ်ပတ်မှာ နှစ်နာရီစာလောက် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ စတာတွေ အပါအ၀င် ကင်ဆာ ရောဂါ ၁၃ မျိုး ဖြစ်နိုင်ချေကို လျော့ကျစေတယ်လို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    လေ့လာမှုကို ဦးဆောင်သူဖြစ်ပြီး အမေရိကန် ကင်ဆာသုတေသနဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ စတီဗင်မိုးရ်ကတော့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တဲ့ အချိန်အတိုင်းအတာ မြင့်တက်လေလေ၊ ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ် လျော့ကျလေပဲလို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒီတွေ့ရှိချက်ဟာ လေ့ကျင့်ခန်းလုပ်မှုနဲ့ ကင်ဆာလျော့ကျမှုအန္တရာယ်အကြား ဆက်နွယ်မှုကိုပဲ ဖော်ထုတ်နိုင်တာဖြစ်ပြီး ဘာ့ကြောင့် ဒီလိုကျဆင်းတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ သက်သေမပြနိုင်ခဲ့ပါဘူး။

    Ref: INA

  • ဇီဒိန်းမှာ ရီးယဲလ်အတွက် အသင့်တော်ဆုံးဟု ဘက်ခမ်းပြော

    ဇီဒိန်းမှာ ရီးယဲလ်အတွက် အသင့်တော်ဆုံးဟု ဘက်ခမ်းပြော

    မေ ၂၀၊ ၂၀၁၆
    M-Media

    zidane 2

    – ယခုလနှောင်းပိုင်းတွင် ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မည်သည့်ရလဒ် ရသည်ဖြစ်စေ ဇီဒိန်းမှာ ရီးယဲလ်အတွက် အသင့်တော်ဆုံး နည်းပြဖြစ်သည်ဟု အသင်းဖော်ဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။

    ဘင်နီတက်ဇ်အား ထုတ်ပယ်ပြီးနောက် ရောက်ရှိလာသည့် ဇီဒိန်းမှာ ရီးယဲလ်အတွက် အလှည့်အပြောင်း ဖြစ်စေခဲ့ပြီး လာလီဂါချန်ပီယံဘွဲ့အတွက် ဘာစီလိုနာကို နောက်ဆုံးနေ့အထိ စိန်ခေါ်နိုင်ခဲ့သည်။ ထို့ပြင် ချန်ပီယံလိဂ်တွင်လည်း ဗိုလ်လုပွဲသို့ ပို့ဆောင်နိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် အသလက်တီကိုနှင့် တွေ့ဆုံစေခဲ့သည်။

    မေ ၂၈ ရက်နေ့တွင် ကစားမည့် အဆိုပါပွဲတွင် ရှုံးနိမ့်ခဲ့ပါက ရီးယဲလ်မှာ ဖလားလက်မဲ့ရာသီနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဇီဒိန်း၏ အနာဂတ်မှာလည်း မရေရာတော့ပေ။ အသင်းဖော်ဟောင်း ဘက်ခမ်းကမူ ဇီဒိန်းအား ထောက်ခံခဲ့သည်။

    “ကျွန်တော်က နည်းပြလုပ်ဖို့ မွေးလာတာမဟုတ်ပေမယ့် ဇီဒိန်းကတော့ ဟုတ်ပါတယ်။ အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့အပြင် သူဟာ ဘောလုံးအပေါ် အလွန်အမင်းစွဲလမ်းသူ၊ ကျွန်တော်ကစားဖူးသမျှထဲမှာ အကောင်းဆုံး ဘောလုံးသမားလည်း ဖြစ်ပါတယ်။ အသင်းကို နည်းပြကာစ ဖြစ်တာကြောင့် မတည်မငြိမ်တာမျိုးဟာ ဖြစ်တတ်ပါတယ်။ သူရဲ့ နေရာက ဘယ်လိုအခြေအနေမျိုးမှာမှ အတိမ်းအစောင်းမခံတဲ့နေရာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ်မှာ ရီးယဲလ်ဟာ သမိုင်းမှာ အကောင်းဆုံး ဘောလုံးအသင်း (ဘာစီလိုနာ) နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ အခါမျိုးမှာ အရာရာတိုင်းကို မှန်းဆဖို့ မလွယ်ပါဘူး” ဟု ဘက်ခမ်းက ပြောကြားခဲ့သည်။

    ထို့ပြင် ရီးယဲလ်၏ တည်ငြိမ်မှုနှင့် ရှေ့ဆက်နိုင်မှုက ကောင်းလာမည်ဖြစ်ပြီး ဇီဒိန်းမှာလည်း အခွင့်အရေးရပါက အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal

  • အစ္စရေးက ပါလက်စတိုင်းအိမ်ယာများဖြိုချမှုနှင့် အကူအညီများသိမ်းယူ ကုလ ရှုတ်ချ

    အစ္စရေးက ပါလက်စတိုင်းအိမ်ယာများဖြိုချမှုနှင့် အကူအညီများသိမ်းယူ ကုလ ရှုတ်ချ

    မေ ၂၀၊ ၂၀၁၆
    M-Media

    pales 2

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဂျေရုစလင်မှာရှိတဲ့ ဂျာဘာလ် အလ် ဘာဘာ ရပ်ကွက်က ပါလက်စတိုင်း ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြိုချဖျက်ဆီးတာနဲ့ နိုင်ငံတကာက လှူဒါန်းထားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို သိမ်းယူတာတွေအတွက် ကုလသမဂ္ဂက အစ္စရေးကို ရှုတ်ချလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရောဘတ် ပီပါက အခုလို ရှုတ်ချလိုက်တာဖြစ်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာရုံး OCHA က အစ္စရေးအာဏာပိုင်တွေဟာ မေလ ၁၆ ရက်နေ့က ပါလက်စတိုင်းပြည်သူတွေရဲ့ အိမ်ယာ ၇ ခုကို ဖျက်ဆီးခဲ့ပြီး၊ လှူဒါန်းထားတဲ့ ပစ္စည်းတွေကို သိမ်းယူခဲ့တာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    အဲဒီလိုဆောင်ရွက်မှုကြောင့် ကလေးငယ် ၂၂ ဦးအပါဝအင် ပါလက်စတိုင်းပြည်သူ ၄၉ ဦးဟာ အိုမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး မိသားစု ၉ ခုကတော့ အသက်ဆက်ဖို့လိုအပ်နေတဲ့ အစားအသောက်တွေ ဆုံးရှုံးခဲ့ရပါတယ်။ အစ္စရေးက သိမ်းယူခဲ့တဲ့ အဲဒီထောက်ပံ့ရေး ပစ္စည်းတွေဟာ ပါလက်စတိုင်းက ဘဒူအင်လူမျိုး မိသားစုတွေအတွက် ကုလရဲ့ Humanitarian Pooled Fund အဖွဲ့က အခုနှစ်အစောပိုင်းမှာ ထောက်ပံ့ပေးထားတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

    ဂျဘားလ် အလ်ဘာဘာရပ်ကွက်ဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု ခံရဖို့ အန္တရာယ်အများဆုံးရှိနေတဲ့ နေရာပေါင်း ၄၆ ခုထဲက တစ်ခုဖြစ်ပြီး၊ လက်ရှိမှာ အစ္စရေးက တရားမ၀င်အခြေချအိမ်ယာတွေ ဆောက်လုပ်ဖို့လည်း ပြင်ဆင်နေပါတယ်။

    Ref : IINA

  • Goal မှ ဥရောပလိဂ်များ၏ အကောင်းဆုံးကစားသမားများကို ရွေးချယ်

    Goal မှ ဥရောပလိဂ်များ၏ အကောင်းဆုံးကစားသမားများကို ရွေးချယ်

    မေ ၂၀၊ ၂၀၁၆
    M-Media

    goal

    – ကမ္ဘာကျော် ဘောလုံးဝဘ်ဆိုက်တစ်ခုဖြစ်သည့် Goal.com မှ ရွေးချယ်သည့် ဥရောပထိပ်တန်းလိဂ်များ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားများအဖြစ် ရီယာ့ဒ် မဟ်ရက်ဇ်၊ ဆွာရက်ဇ်နှင့် အီဗရာဟီမိုဗစ်တို့က အသီးသီး ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။

    ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်း၏ အလ်ဂျီးရီးယားတိုက်စစ်မှူး မဟ်ရက်ဇ်မှာ အသင်းအတွက် ၁၇ ဂိုး သွင်းယူပေးခဲ့ပြီး ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ မဟ်ရက်ဇ်မှာ PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနှင့် လက်စတာပရိတ်သတ်များ ရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။

    Goal မှ ရွေးချယ်သော လာလီဂါအကောင်းဆုံးကစားသမားဆုကို ယခုနှစ် လာလီဂါဂိုးသွင်းဘုရင် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ရော်နယ်ဒိုကိုကျော်၍ ရရှိခဲ့သည်။ လာလီဂါချန်ပီယံဘွဲ့ကိုထိန်းသိမ်းနိုင်ခဲ့သည့် ဘာစီလိုနာအတွက် လိဂ်ပွဲ ၃၅ ပွဲကစားပြီး ဂိုးပေါင်း ၄၀ သွင်းယူပေးခဲ့သည့် ဆွာရ်ဇက်မှာ Goal ပရိတ်သတ်များ၏ မဲပေးမှု ၄၂ ရာခိုင်နှုန်းကို ရရှိခဲ့သည်။ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို၊ ဆွာရက်ဇ်၏အသင်းဖော် မက်ဆီတို့မှာ ဒုတိယနှင့် တတိယအဖြစ် အသီးသီး ရွေးချယ်ခံခဲ့ ရသည်။

    စီးရီးအေ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် နာပိုလီတိုက်စစ်မှူး ဟီဂူအင်က ရွေးချယ်ခံခဲ့ရပြီး ပြင်သစ်လီဂူးအတွက်မူ ပီအက်စ်ဂျီမှ ထွက်ခွာတော့မည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ရွေးချယ်ခံခဲ့ရသည်။

    Ref: Goal

  • S-300 ဒုံးခွင်းစနစ် အစိတ်အပိုင်းများကို ရုရှားက အီရန်သို့ ပေးပို့မည်

    S-300 ဒုံးခွင်းစနစ် အစိတ်အပိုင်းများကို ရုရှားက အီရန်သို့ ပေးပို့မည်

    မေ ၂၀၊ ၂၀၁၆
    M-Media

    s300

    – ၂၀၁၆ ခုနှစ် အကုန်ပိုင်းမှာ အီရန်သို့ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်းအများအပြားကို ပေးပို့သွားမယ်လို့ ရုရှားသမ္မတရဲ့ အကြံပေးဖြစ်သူ ဗလာဒီမာ ကိုဇင်က အခုတစ်ပတ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

    အဲဒီ လေကြောင်းရန်ကာကွယ်ရေးစနစ် ပထမအသုတ်ကို အခုနှစ် အစောပိုင်းမှာပဲ အီရန်ကို ပေးပို့ခဲ့ပြီးနောက်ပိုင်း နောက်ထပ်လိုအပ်မယ့် အစိတ်အပိုင်းတွေကို ရုရှားက ပေးပို့သွားမှာပါ။ ရုရှားဟာ S-300 ဒုံးခွင်းစနစ် တော်တော်များများကို ရောင်းချဖို့ ၂၀၀၇ ခုနှစ်မှာ အီရန်နဲ့ ကန်ဒေါ်လာ သန်း ၈၀၀ တန်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

    ကုလရဲ့ ပိတ်ဆို့မှုတွေကြောင့် ဒီဒုံးခွင်းစနစ်ပေးပို့ရေး နှောင့်နှေးခဲ့ရပေမယ့် အခုနှစ်မှာတော့ အကောင်အထည်ပေါ်လာခဲ့ပြီး ဒီစနစ်ကို မိမိတို့ရဲ့ စစ်တပ်မှာ တပ်ဆင်ထားလိုက်ပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    Ref: Presstv