News @ M-Media

Blog

  • ဉာဏ်သုံးငှက်များ

    ဉာဏ်သုံးငှက်များ

    မေ၊ ၁၈ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    New Caledonian
    ကျွန်တော်တို့ရဲ့လက်မဝင်နိုင်တဲ့ သစ်ခေါင်းပေါက်ငယ်လေးထဲက ပိုးကောင်တွေကို ကျွန်တော်တို့ ဘယ်လိုဖမ်းမလဲဗျ ။

    အင်း၊ အမြန်ဆုံးနည်းလမ်းကတော့ ချိတ်ရှည်တစ်ချောင်းနဲ့ ကလော်ထုတ်ရမှာပေါ့။

    ဟုတ်ပါတယ်။ New Caledonian ကျီးကန်းတွေရဲ့ နှုတ်သီးမဝင်နိုင်တဲ့ သစ်ခေါင်းထဲက ပိုးကောင် ဖမ်းစားနည်းကလဲ ဒီအတိုင်းပါပဲ။

    သူတို့ဟာ သစ်ကိုင်းစွန်းတွေကို ချိုးယူပါတယ်။ ပြီးရင် ချိတ်ပုံစံဖြစ်အောင် ကွေးပြီး ပိုးကောင်တွေကို ကလော်ထုတ် ဖမ်းတာပါ။

    သူတို့တွေ ဒီနည်းလမ်းကို ဘယ်လိုများသိနေကြပါလိမ့်။ လူတွေ လုပ်တာ မြင်ဖူးကြလို့လား၊ ဒါမှမဟုတ် သူတို့ရဲ့ ကျီးမိဘတွေက သင်ကြားပေးထားလို့လား ။

    ဒီမေးခွန်းကို အဖြေပေးဖို့အတွက် ၂၀၀၅ ခုနှစ်မှာ အောက်စဖို့တ်တက္ကသိုလ် မှ Ben Kenward နဲ့ အဖွဲ့က လက်တွေ့စမ်းသပ်မူ ပြုလုပ်ခဲ့ပါတယ်။

    သူတို့ဟာ ဥမှပေါက်ခါစ New Caledonian ကျီးကန်းငယ် လေးကောင်ကို အောက်စဖို့တ်တက္ကသိုလ်သို့ ယူငင်ပြီး အပြင်နဲ့ လုံးဝထိတွေ့မူ မရှိအောင် ထားပြီး စောင့်ကြည့်မူပြုလုပ်ခဲ့ကြပါတယ်။

    သူတို့ တွေ့မြင်လိုက်ရတာကတော့ ကျီးကန်းငယ်လေးတွေဟာ ၇၉ရက်သားအရွယ် မတိုင်မီအတွင်းမှာ အလိုလို ဒီလိုချိတ်လက်နက် ဖန်တီး အသုံးပြုမူကို ပြသလိုက်တာပါပဲ။

    (The Oxford Handbook of Comparative Cognition By Thomas R. Zentall and Edward A. Wasserman , Pg . 769)
    Woodpecker Finch
    ဒါဖြင့် ဒီကျီးကန်းတွေ ဘာကြောင့်များ ချိတ်လက်နက် ပြုလုပ်တတ်နေကြပါလိမ့်။ ?????

    တကယ်တော့ ဒီကျီးကန်းတွေတင် မကဘူး။ Woodpecker Finch ငှက်ပုတီး တွေဟာလဲ အင်းဆက်တွေကို ကလော်ထုတ်ဖို့ သစ်ကိုင်းကောက်တွေ အသုံးပြုတတ်ကြတယ်။
    (Animal Behavior: How and Why Animals Do the Things They Do [3 volumes]: How and Why Animals Do the Things They Do , By Ken Yasukawa , Pg . 135 )

    ငှက်တစ်ကောင်အနေနဲ့ သစ်ပင်တစ်ပင်ရဲ့ သစ်ခေါက်ကြား အောက်မှာပုန်းနေတဲ့ အင်းဆက် ၊ ပင့်ကူ စတာတွေကို ဖမ်းဖို့ဆိုရင် ဒီသစ်ခေါက်ကို ခွါမှဖြစ်မှာပေါ့။
    သူ ခွါတတ်ပါ့မလား၊

    Brown-headed Nuthatch ငှက်တွေကတော့ ခွါတတ်တယ်။ သူတို့ဟာ သစ်ခေါက်အပိုင်းအစတစ်ခုကို ရှာလာပြီး အင်းဆက်ပုန်းနေတဲ့ သစ်ခေါက်ကြားထဲ သပ်အဖြစ် ထိုးထည့်ကာ ဆွဲလှန်ခွါပြီး ဖမ်းတတ်ကြတယ်။

    ( The Young Birder’s Guide to Birds of Eastern North America , By Bill Thompson, III, Julie Zickefoose , Pg . 181 )
    Brown-headed Nuthatch

  • “ကျောက်ပန်းတောင်းတွင် အမျိုးဘာသာ သာသနာ လှုံ့ဆော်ရေး သီချင်းများဖွင့်ပြီး ရေလှူသောအဖွဲ့ကို ဒေသခံများက နှင်လွှတ်”

    “ကျောက်ပန်းတောင်းတွင် အမျိုးဘာသာ သာသနာ လှုံ့ဆော်ရေး သီချင်းများဖွင့်ပြီး ရေလှူသောအဖွဲ့ကို ဒေသခံများက နှင်လွှတ်”

    7Day News Journal မှ ကူးယူဖော်ပြပါသည်။

    13237816_1161914133870219_8781806301092197112_n

    ကျောက်ပန်းတောင်းမြို့ သို့ အမျိုးဘာသာသာသနာလှုံ့ ဆော်ရေးသီချင်းများဖွင့်၍ ရေလာလှူသော အဖွဲ့ကို မြို့ဒေသခံ များက လက်မခံဘဲ မောင်းထုတ် လိုက်ကြောင်း သတင်းရရှိသည်။

    မေလ ၁၇ ရက်တွင် မိတ္ထီလာ မြို့မှ နေလ ကုန်စည်ရောင်းဝယ် ရေးအမည်ခံ၍ လူ ၂၅ ဦးခန့်သည် ကျောက်ပန်းတောင်းမြို့သို့ ကားကိုးစီးဖြင့် ရေလာလှူခဲ့သည်။ ရေလာလှူသောအဖွဲ့သည် အရက် မူးနေပြီး ၉၆၉ သီချင်းများဖွင့်သော ကြောင့် မြို့ဒေသခံများက လက်မခံဘဲ မောင်းထုတ်လိုက်ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

    ရေလှူသော အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာသို့ သွားရောက်ရေလှူရာတွင် ၉၆၉ သီချင်းများဖွင့်သောကြောင့် ယင်းကျေးရွာရှိ ဒေသခံများကလည်း ရေသယ်ယူခြင်းမရှိခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့ဒေသခံ ကိုဟိန်းဇော်က ပြောသည်။

    ‘‘သူတို့လာတုန်းက နေလ ကုန်စည်နာမည်နဲ့လာတာ။ သူတို့ က ရေလှူချင်တယ်ပြောတယ်။ ဒီက ပရဟိတအဖွဲ့တွေကို ကူညီ ပေးဖို့ အကူအညီတောင်းတာ ပေါ့။ ၉၆၉ သီချင်းဖွင့်ချင်တယ်လို့ ပြောလာတယ်။ ကျွန်တော်တို့က ဒါတော့လက်မခံဘူး မဖွင့်ပါနဲ့လို့ တားတယ်။ အစက လက်ခံတယ်။ အဲဒါနဲ့ လက်ပံပင်ရွာကို လိုက်ပို့ တယ်။ ရွာဘက်ကို ရေသွားလှူ တော့ ၉၆၉ သီချင်းတွေဖွင့်ပြီး က ကြတာ။ အဲဒါနဲ့ ကျွန်တော်တို့က လိုက်တားရတာပေါ့။ ရေလှူတာ ကို လက်မခံဘူးလို့၊ ပြန်ပါလို့ပြော ရတာပေါ့’’ ဟု ကိုဟိန်းဇော်က ပြောသည်။

    ယင်းသို့ ရေလှူခြင်းကိုလက်မခံသောကြောင့် နှစ်ဖက် အပြန်အလှန် စကားများမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

    ‘‘သူတို့က ပဲရုံဆိုက်နဲ့လာတာ။ ရေလှူမယ်လုပ်တော့ ၉၆၉ သီချင်းတွေဖွင့်တာ။ မြို့က လက်မခံဘူးဆိုတော့ နည်းနည်းလေး စကားများကြတာပေါ့။ ဒေသခံတွေကလည်း ရေလာလှူတာကို လူပုဂ္ဂိုလ်ဆိုပြီးတော့ လက်ခံတာ ပေါ့။ ဒီလိုမျိုးသီချင်းတွေဖွင့်ရင် လက်မခံဘူးပြောလို့ ပုပ္ပားတောင် ဘက်ကို မောင်းသွားကြတယ်’’ဟု ကျောက်ပန်းတောင်း မြို့နယ် ဒီချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။

    ပြီးခဲ့သည့် နှစ်ကလည်း ၉၆၉ သီချင်းများနှင့် မဘသ သီချင်းများ ဖွင့်၍ ကျောက်ပန်းတောင်းမြို့ တွင် ခေတ္တနားခိုသော အဖွဲ့တစ် ဖွဲ့ကို ဒေသခံများက လက်မခံဘဲ မောင်းထုတ်ခဲ့သည်။

    https://www.facebook.com/7daynews/photos/a.143690359025940.27935.103865773008399/1161914133870219/?type=3&theater

  • ထိုင်းနိုင်ငံရောက် လက်စတာအသင်းကို ထိုင်းပြည်သူများ တစ်ခဲနက်ကြိုဆို

    ထိုင်းနိုင်ငံရောက် လက်စတာအသင်းကို ထိုင်းပြည်သူများ တစ်ခဲနက်ကြိုဆို

    မေ ၁၈၊ ၂၀၁၆
    M-Mediaြ

    thai

    – ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားသည့် လက်စတာအသင်းမှာ ယနေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ထိုင်းပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

    တစ်ရာသီလုံးတွင် ၃ ပွဲသာ ရှုံးခဲ့သည့် လက်စတာမှာ ရာသီပြီးဆုံးရန် ၂ ပွဲအလိုတွင်ပင် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် ဒုတိယနေရာမှ အာဆင်နယ်အား ၈ မှတ်ဖြတ်နိုင်ခဲ့သည်။ နည်းပြ ရာနီယေးရီနှင့် အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်တို့ ခေါင်းဆောင်သည့် လက်စတာအသင်းမှာ ခြေစမ်းခရီးအဖြစ် ယနေ့တွင် ဘန်ကောက်ရှိ သုဝဏ္ဍဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။

    လက်စတာ၏ ရှယ်ယာအများစုကို ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် King Power က ပိုင်ဆိုင်ထားပြီး လက်စတာအသင်းမှာ ထိုင်းနိုင်ငံတွင်အခြားသော ပရီးမီးယားလိဂ်အသင်းများထက် ပိုမိုအားပေးမှုကို ရရှိသည့်အသင်းဖြစ်သည်။

    “အရင်က ထိုင်းကိုလာတဲ့အခါမှာ ထူးခြားတဲ့ ကြိုဆိုဧည့်ခံမှုကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ကတော့ ဘာနဲ့မှကို မတူပါဘူး။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ကျွန်တော်တို့ ဒီကိုလာရတဲ့အတွက် တော်တော်လေး ဂုဏ်ယူမိပါတယ်။ ပိုင်ရှင်တွေအတွက် ဘယ်လောက်တောင် အဓိပ္ပါယ်ရှိမလဲဆိုတာကိုလည်း ကျွန်တော်တို့သိပါတယ်။ သူတို့တွေဟာ လွန်ခဲ့တဲ့ ၆ နှစ်လုံးလုံး အသင်းအတွက်၊ ကစားသမားတွေအတွက် အများပြီး လုပ်ပေးခဲ့ပါတယ်” ဟု အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်က ပြောကြားခဲ့သည်။

    Ref: Goal

  • ယူရိုပါချန်ပီယံဖြစ်ပါက လီဗာပူးလ်၏ အောင်မြင်မှုခေတ်သစ်အစဖြစ်မည်ဟု ဂျရတ်ပြော

    ယူရိုပါချန်ပီယံဖြစ်ပါက လီဗာပူးလ်၏ အောင်မြင်မှုခေတ်သစ်အစဖြစ်မည်ဟု ဂျရတ်ပြော

    မေ ၁၈၊ ၂၀၁၆
    M-Media

    euro

    – ယနေ့ညတွင်ကစားမည့် ယူရိုပါဖလား ဗိုလ်လုပွဲတွင် လီဗာပူးလ်ဗိုလ်စွဲပါက အသင်းအတွက် ဂုဏ်သိက္ခာနှင့်ပြည့်စုံသည့် ခေတ်သစ်တစ်ခုကို အစပျိုးခြင်းဖြစ်မည်ဟု ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ်က ပြောကြားလိုက်သည်။

    ယခုနှစ်ဘောလုံးရာသီတွင် ဘရန်ဒန်ရော်ဂျာ၏ နေရာအား ဂျာမနီတွင်အောင်မြင်ခဲ့သည့် ယာဂန်ကလော့ပ် ၀င်ရောက်လာပြီးနောက်ပိုင်း လီဗာပူးလ်မှာ ခေတ်သစ်တစ်ခုကို အစပျိုးတော့မည်ဟု အများစုက မျှော်လင့်ထားကြသည်။ လိဂ်ဖလား ဗိုလ်လုပွဲတွင် မန်စီးတီးအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယနေ့ညတွင် ဆီးဗီးလားနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားရမည်ဖြစ်သောကြောင့် လီဗာပူးလ်တွင် ဆုဖလားရယူရန် အခွင့်အရေးတစ်ခု ရှိနေသေးသည်။

    ဂျရတ်ကမူ ကလော့ပ်မှာ အကောင်းဆုံးနည်းပြများထဲမှ တစ်ဦးဖြစ်ပြီး လီဗာပူးလ်၏ အနာဂတ်အတွက်လည်း အကောင်းမြင်နေသည်။

    “ဆီးဗီးလားကို ဖိုင်နယ်မှာနိုင်ရင် ဥရောပဖလားတစ်လုံးကို ရမှာပါ။ ကစားသမားတွေအတွက် သမိုင်းမှာ နေရာတစ်ခု ရမှာဖြစ်ပြီး အခုမျိုးဆက်မှာ အကြီးကျယ်ဆုံးနည်းပြတွေထဲကတစ်ယောက်ဖြစ်တဲ့ နည်းပြတစ်ဦးအောက်မှာ ခေတ်သစ်တစ်ခုကို စတင်တော့မယ်ဆိုတဲ့ ခံစားမှုမျိုးကိုလည်း ရရှိမှာဖြစ်ပါတယ်။ သြဂုတ်လမှာ ပြောရမယ့်စကားတွေကတော့ ယာဂန်ရဲ့ အသင်းအတွက် နောက်ထပ် ဘာလာမလဲ ဆိုတာပါပဲ” ဟု ဂျရတ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ရှမ်းပြည်ရှိ ပဋိပက္ခဖြစ်ရာဒေသများသို့ ဥရောပသံတမန်များ သွားရောက်

    ရှမ်းပြည်ရှိ ပဋိပက္ခဖြစ်ရာဒေသများသို့ ဥရောပသံတမန်များ သွားရောက်

    မေ ၁၈၊ ၂၀၁၆
    M-Media

    shant
    တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ

    – ဥရောပနိုင်ငံများမှ သံအမတ်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့မှာ အချက်အလက်ရှာဖွေရေးခရီးစဉ်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ ယခုတစ်ပတ်အတွင်း သွားရောက်ခဲ့ပြီး တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

    အဆိုပါ ခရီးတွင် ဥရောပ ၁၁ နိုင်ငံမှ သံအမတ်များ ပါဝင်ပြီး သီပေါမြို့နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ကာ မြေမြှုပ်မိုင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကိုယ်စားလှယ်အဖွဲ့မှာ အထွေထွေအုပ်ချုပ်ရေးဌာန၊ စစ်တပ်တို့မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

    ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန် ကိုဘီယာက မိမိတို့ ထိုကဲ့သို့ လာရောက်ခြင်းမှာ မကြာသေးမီလများအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၏ အကြောင်းအရင်းနှင့် အခြေခံအချက်များကို သိရှိရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးကတည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာပြီး ပြည်သူ ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    တိုက်ပွဲများမှာ အပစ်ရပ်ရေး သဘောတူညီချက်တွင် လက်မှတ်မထိုးထားသည့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ရှမ်းတပ်မတော်နှင့် အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားခြင်းဖြစ်သည်။

    ဥရောပအစိုးရများမှာ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးထားသော်လည်း မိုင်းရှင်းလင်းရေးအဖွဲ့များမှာ ပြီးခဲ့သည့် အပစ်ရပ်ရေး သဘောတူညီချက် လက်မှတ်ထိုးပြီးကတည်းက လုပ်ငန်းများကို စတင်နိုင်ခြင်း မရှိသေးပေ။

    Ref: mmtimes