News @ M-Media

Blog

  • အစ္စရေးပညာရှင်တစ်ဦးက ၎င်း၏ ဆုကြေးငွေကို အဖိနှိပ်ခံ ပါလက်စတိုင်းများအတွက် သုံးစွဲမည်

    အစ္စရေးပညာရှင်တစ်ဦးက ၎င်း၏ ဆုကြေးငွေကို အဖိနှိပ်ခံ ပါလက်စတိုင်းများအတွက် သုံးစွဲမည်

    မေ ၁၆၊ ၂၀၁၆
    M-Media

    profesor

    – အစ္စရေးနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို ရရှိခဲ့တဲ့ ပါမောက္ခတစ်ဦးက သူရရှိတဲ့ ငွေသားဆုကြေးကို အစ္စရေးရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် ကူညီနေတဲ့ အဖွဲ့တစ်ခုကို လှူဒါန်းမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

    ပါမောက္ခ ဒေးဗစ် ရှူလ်မန်ဆိုသူဖြစ်ပြီး ဂျေရုဆလင် ဟီဘရူးတက္ကသိုလ်က အာရှရေးရာပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်ဖွားဖြစ်တဲ့ သူဟာ ပညာရေးဆိုင်ရာ လုပ်ငန်းတစ်ခုအတွက် အခုလို ဂုဏ်ပြုဆုကို ရရှိခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တဲ့ ကန်ဒေါ်လာ ၂၀၀၀၀ ကို ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ Ta’ayush အဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

    “(အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ) အခြေအနေတွေ ဆိုးရွားနေတဲ့ ဒီလိုအချိန်၊ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေနဲ့ လက်ယာစွန်းရောက်တွေက Ta’ayush နဲ့ အခြားသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဒီဆုကို လက်ခံရမှာ မ၀ံ့မရဲ ဖြစ်မိပါတယ်။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့နဲ့ ဆက်လက်ဖြစ်ပွားနေဆဲ အကြမ်းဖက်မှုဒဏ် ခံစားနေရတဲ့ သူတို့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်လို့ Ta’ayush အဖွဲ့နဲ့အတူ ကျွန်တော်လည်း ခံစားရပါတယ်” လို့ ပါမောက္ခ ရှူလ်မန်က ပြောကြားခဲ့ပါတယ်။

    Ta’ayush အဖွဲ့ဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုစလင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းပြည်သူတွေကို သူတို့ရဲ့ နေအိမ်တွေ၊ စိုက်ပျိုးမြေတွေ ပြန်လည်ရရှိဖို့ လုပ်ဆောင်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    Ref: IINA

  • ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နှင်းရေး နိုက်ဂျီရီးယားတွင် ဆွေးနွေး

    ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နှင်းရေး နိုက်ဂျီရီးယားတွင် ဆွေးနွေး

    မေ ၁၆၊ ၂၀၁၆
    M-Media

    – ဘိုကိုဟာရမ်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပက်သက်ပြီး အာဖရိကဒေသတွင်းနဲ့ အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာမှာ စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီအကြမ်းဖက်အဖွဲ့ကို ချဒ်ရေကန်ကြီး ပတ်ဝန်းကျင်ကနေ မောင်းထုတ်ပစ်ရမယ်လို့ သဘောတူညီခဲ့ကြပါတယ်။

    ဒါပေမယ့် အဲဒီ အကြမ်းဖက်အုပ်စုကို မောင်းထုတ်ဖို့ ဘဏ္ဍာရေးအကူအညီနဲ့ စစ်ရေးအကူအညီတွေ များများပေးဖို့နဲ့ ဒီအဖွဲ့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ဆိုးဆိုးဝါးဝါးခံစားနေရတဲ့ သူတွေကို ကူညီပေးဖို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    ပြင်သစ်သမ္မတ ဖရန်စစ္စကို အော်လွန်းကတော့ ဘိုကိုဟာရမ်အဖွဲ့အပေါ် အကြီးစားစစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ခြိမ်းခြောက်မှုတွေတော့ ရှိနေဆဲလို့ ဒီဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဆွေးနွေးပွဲအဆုံးမှာတော့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီကြေငြာချက်မှာ ဘိုကိုဟရမ်အဖွဲ့ကို နှိမ်နှင်းဖို့ဟာ စစ်ရေးဆိုင်ရာ တစ်ခုတည်းအပေါ်မှာ မူတည်နေတာမဟုတ်ဘဲ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းဖို့ အစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေ ပိုမို လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

    ဘိုကိုဟာရမ်ကြောင့် ၂၀၀၉ ခုနှစ်ကတည်းက အနောက်အာဖရိကတစ်ဝှမ်းမှာ လူပေါင်း ၂၀၀၀၀ လောက် သေဆုံးခဲ့ပြီး ၂.၆ သန်းဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒီအဖွဲ့ကိုတိုက်ထုတ်ဖို့ နိုက်ဂျီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေက တပ်ဖွဲ့ဝင် ၈၅၀၀ လောက်ချထားဖို့ အစီအစဉ်ဟာ နှောင့်နှေးကြန့်ကြာနေပြီး ဒီကိစ္စကိုလည်း အဘူဂျာအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

    Ref: IINA

  • မွတ်စလင်များ၏ ဥပုသ်စောင့်ခြင်းက အသည်းအဆီဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်

    မွတ်စလင်များ၏ ဥပုသ်စောင့်ခြင်းက အသည်းအဆီဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်

    မေ ၁၆၊ ၂၀၁၆
    M-Media

    fasting

    – အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လမှာ ဥပုသ်သီလဆောက်တည်သလို အစာရေစာကို အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ကျဉ်ခြင်းက လူခန္ဓာကိုယ်အပေါ်မှာ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိပြီး အထူးသဖြင့် တစ်ကမ္ဘာလုံးမှာ အဖြစ်များလေ့ရှိတဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ဂျာမန်သိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    အဲဒီ လေ့လာမှုကို Helmholtz Zentrum München သုတေသနဌာနမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ခဏတာ အစာရေစာဖြတ်တောက်ထားခြင်းက အသည်းရဲ့ဇီဝရုပ်ဖြစ်စဉ်ကို ထိန်းညှိပေးတဲ့ ပရိုတိန်းတစ်ချို့ထွက်ရှိစေကြာင်း တွေ့ရှိခဲ့တာဖြစ်ကာ လေ့လာမှုရလဒ်ကိုတော့ EMBO Molecular Medicine ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

    “ဥပုသ်စောင့်ထိန်းခြင်းက ကျွန်တော်တို့ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအပေါ် ဘယ်လို လွှမ်းမိုးနိုင်စွမ်း ရှိလဲဆိုတာကို နားလည်လာတဲ့အခါ ဒီအကျိုးသက်ရောက်မှုကို ရောဂါကုထုံးဆိုင်ရာ လုပ်ငန်းတွေမှာ အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်” လို့ ဌာနရဲ့ ဂျာမန်ကင်ဆာသုတေသနစင်တာမှာ တာဝန်ယူထားတဲ့ ဒေါက်တာ အဒမ် ဂျေ ရို့စ်က ပြောကြားခဲ့ပါတယ်။

    မကြာခင်က ပြုလုပ်ခဲ့တဲ့ အဲဒီလေ့လာမှုမှာ သိပ္ပံပညာရှင်တွေဟာ ဥပုသ်စောင့်ခြင်းကြောင့် အသည်းမှာရှိတဲ့ ဆဲလ်တွေရဲ့ မျိုးရိုးဗီဇဆိုင်ရာလှုပ်ရှားမှု ခြားနားချက်ဖြစ်ပေါ်လာတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။ ဆာလောင်မှုပြင်းထန်လာလေ အသည်းမှာ GADD45β ဆိုတဲ့ ပရိုတိန်းမော်လီကျူးများများ ပိုထွက်လာလေဖြစ်ပြီး ယင်းမော်လီကျူးဟာ DNA ပျက်စီးခြင်းနဲ့ ဆဲလ်သံသရာစက်ဝန်း ပျက်စီးခြင်းကို ပြန်လည်ပြုပြင်ပေးတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။

    GADD45β ဟာ အသည်းမှာ အဆီကို စုပ်ယူမှုလုပ်ငန်းစဉ်ကို ထိန်းချုပ်ပေးတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ပြီး ဒီမော်လီကျူးတွေ နည်းလာပြီဆိုရင်တော့ အသည်းမှာ အဆီဖုံးမှု ပိုမိုများပြားလာစေပါတယ်။ ဥပုသ်စောင့်ခြင်းဟာ GADD45β ပရိုတင်းကို ပိုမိုထွက်ရှိစေတာကြောင့် အသည်းအဆီဖုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: IINA

  • ဘာသာရေး အမုန်းစကား ဖြန့်ဝေသူများကို အရေးယူမည့် ဥပဒေတစ်ရပ် ရေးဆွဲမည်

    ဘာသာရေး အမုန်းစကား ဖြန့်ဝေသူများကို အရေးယူမည့် ဥပဒေတစ်ရပ် ရေးဆွဲမည်

    Hate Speech Law in maynmar

    ရန်ကုန်၊ မေ ၁၅
    The Voice Weekly မှ ကူးယူ ဖော်ပြသည်။
    .
    အစိုးရသစ်လက်ထက်တွင် လူမှုကွန်ယက် စာမျက်နှာများပေါ်၌ ဘာသာရေး အမုန်းစကား ဖြန့်ဝေသူများကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူနိုင်မည့် ဥပဒေတစ်ရပ် ရေးဆွဲမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
    .
    မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာရုံးခွဲတွင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။
    .
    ဘာသာရေး အမုန်းတရား လှုံ့ဆော်မှုများကို လူမှုကွန်ယက်နှင့် အခြားနယ်ပယ်များတွင် တွေ့မြင်နေရပြီး ယင်းလှုံ့ဆော်မှုများကို ထိထိရောက်ရောက် ဟန့်တားနိုင်မည့် ဥပဒေတစ်ရပ် ရေးဆွဲရန် လိုအပ်သောကြောင့် ဥပဒေ ပညာရှင်များနှင့် ဘာသာရေး အသင်းအဖွဲ့များက ဥပဒေ ရေးဆွဲမှုတွင်ပါဝင်ရန် ပြည်ထောင်စုဝန်ကြီးက ဖိတ်ခေါ်ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို)အလုပ်အမှုဆောင် ဦးကျော်ငြိမ်းက ပြောကြားသည်။
    .
    “သူ့အနေနဲ့ ဒီလိုဥပဒေမျိုး ရေးဆွဲဖို့ လိုပါတယ်၊ ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ ဥပဒေပညာရှင်တွေက ရေးဆွဲတင်ပြမယ်ဆိုရင်လည်း အစိုးရအဖွဲ့ကို တင်ပြနိုင်ပါတယ်ဆိုပြီး ဖိတ်ခေါ်ပြောဆိုသွားပါတယ်”ဟု ၎င်းက ပြန်လည်ရှင်းပြသည်။
    .
    ယင်းသို့ အစိုးရသစ် လက်ထက်တွင် အမုန်းစကား ဖြန့်ဝေမှုများကို ထိန်းသိမ်းမည့် ဥပဒေတစ်ရပ်ရေးဆွဲရန် စီစဉ်နေခြင်းနှင့်ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ ဦးကိုနီက “ဘာသာရေးနဲ့ပတ်သက်ပြီး စော်ကားပြောဆိုတာတွေကို ဥပဒေက တိုက်ရိုက် ပြဋ္ဌာန်းထားတာ မရှိဘူး၊ သွယ်ဝိုက်ပြီး တရားစွဲ နေရတာပေါ့၊ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်ရှိဖို့ ဒီဥပဒေက တကယ်ကို လိုအပ်ပါတယ်” ဟု ထောက်ပြပြောဆိုသည်။
    အလားတူ ခေတ်အဆက်ဆက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများတွင် ယင်းကဲ့သို့ ဘာသာရေးတစ်ခုအပေါ် နှိမ့်ချပြောဆိုမှုများနှင့် ပတ်သက်၍ ဥပဒေတစ်ခု ရေးဆွဲပြဋ္ဌာန်းနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း အစိုးရအဆက်ဆက်မှ ရေးဆွဲရန် ပျက်ကွက်ခဲ့ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
    .
    ယင်းသို့ ဘာသာရေး အမုန်းစကား ဖြန့်ဝေသူများကို ထိရောက်စွာ အရေးယူနိုင်မည့် ဥပဒေသည် မည်သည့် ဘာသာကိုမဆို မခွဲခြားဘဲ အညီအမျှ အကာအကွယ် ပေးနိုင်သည့် သမာသမတ်ကျသော ဥပဒေတစ်ခုဖြစ်ရန် လိုအပ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ညီမျှခြင်းမြန်မာ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အကြံပြု ပြောဆိုသည်။
    .
    “တစ်ပြေးညီမျှတတဲ့ ဥပဒေ ဖြစ်သင့်ပါတယ်၊ ဘာသာရေးမီးက တော်တော်ဆိုးပါတယ်”ဟု ၎င်းက ထောက်ပြပြောဆိုသည်။
    .
    နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်စဉ် အများစုတွင် ဒေသတစ်ခုမှ တစ်ခုသို့ မပြန့်ပွားစေရေးအတွက် အချိန်မီ ထိန်းသိမ်းနိုင်ရန် ခက်ခဲခြင်းမှာ လူမှုကွန်ယက် စာမျက်နှာများမှတစ်ဆင့် အမုန်းစကားများ ပါဝင်သော ကောလာဟလ ဖြန့်ဝေမှုသည်လည်း အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။
     
    https://www.facebook.com/thevoiceweekly/posts/1150103595009898
  • ဘာသာပေါင်းစုံက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီးတိုက်တွန်း

    ဘာသာပေါင်းစုံက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီးတိုက်တွန်း

    မေ ၁၅ ၊ ၂၀၁၆
    RFA (မြန်မာပိုင်း)
    Thura Aung Ko.
    တိုင်းပြည်ဖံွ့ဖြိုးတိုးတက်ရေးနဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ကို တိုက်တွန်းလိုက်ပါတယ်။
    .
    ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း သာသနာရေးဝန်ကြီးဌာနရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် ပြော ခဲ့တာဖြစ်တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဌ ဦးညွန့်မောင်ရှိန် က ပြော ပါတယ်။
    .
    “မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဘာသာပေါင်းစုံ၊ ညူမျိုးပေါင်းစုံ သဟဇာတညီဖို့အတွက် ဒါအားလုံးဟာ စိတ်သစ်၊ လူသစ်၊ အသွင်သစ်နဲ့ ဒီဥစ္စာတွေအားလုံးကို ဒီမိုကရေစီအစိုးရရဲ့ အင်္ဂါရပ်တွေနဲ့အညီ အားလုံးကပူးပေါင်းဆောင်ရွက်မယ်၊ အခုက စလုပ်တာဆိုတော့ အရှိန်အဟုန်တော့ မရသေးဘူး၊ ဒါတွေအားလုံးကို စုပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဒီအခက်အခဲတွေ ဟာ ဘယ်တော့မှရှိနိုင်စရာအေကြာင်းတော့ မရှိတော့ဘူးပေါ့၊ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ပဲ အရေးကြီးတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတွေ ဘယ်လိုပဲ ဘာသာယုံကြည်ကိုးကွယ်ရာတွေကို များပြားပေမယ့်လို့ အားလုံးကိုတစ်သဘောတည်းအမြင်နဲ့ တိုင်းပြည်ကောင်းစားရေးကို ဝိုင်းဝန်းလုပ်ကြဖို့ ဆိုတဲ့အကြောင်းတွေပြောတယ်ပေါ့”
    .
    ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ မြိုင်ကြီးငူဆရာတော်ရဲ့ လမ်းညွှန်ချက်နဲ့ စေတီတည်နေတဲ့ကိစ္စတွေ မိတ္ထီလာ၊ ဥက္ကံနဲ့ မန္တလေးမြို့တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ပါတယ်။
    .
    ဒါ့အပြင် မိတ္ထီလာမြို့မှာ ပဋိပက္ခဖြစ်ပြီးနောက် ပိတ်ထားခဲ့တဲ့ ဗလီတွေကို ပြန်ဖွင့်ခွင့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ဦးညွန့်မောင်ရှိန် က ပြောပါတယ်။
    .
    သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ မန္တလေးမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တွေနဲ့လည်း ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က မန္တလေးမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
    .
    http://www.rfa.org/burmese/news/thura-aungko-say-religious-05152016111528.html