News @ M-Media

Blog

  • မြို့ပြများတွင် လေထုညစ်ညမ်းမှု မြင့်တက်လာသည်ဟု WHO သတိပေး

    မြို့ပြများတွင် လေထုညစ်ညမ်းမှု မြင့်တက်လာသည်ဟု WHO သတိပေး

    မေ ၁၇၊ ၂၀၁၆
    M-Media

    – ၀င်ငွေနိမ့်ပါးတဲ့ ဒါမှမဟုတ်၊ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေက မြို့ကြီးပြကြီးတွေမှာ နေထိုင်သူ ၉၈ ရာခိုင်နှုန်းခန့်ဟာ အလွန်အမင်းလေထုညစ်ညမ်းမှုဒဏ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြီးခဲ့တဲ့ တစ်ပတ်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    အဲဒီကြေငြာချက်မှာ မြို့ပြနေပြည်သူ ၅ ဦးမှာ လေးဦးဟာ WHO ရဲ့ လေထုအရည်အသွေး လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ မြို့တွေမှာ နေထိုင်နေရပြီး၊ ၀င်ငွေမြင့်မားတဲ့ နိုင်ငံတွေက လူဦးရေ ၅၆ ရာခိုင်နှုန်းဟာလည်း လေထုညစ်ညမ်းမှုဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။

    လေထုညစ်ညမ်းမှုကို လျော့ချရေး တစ်ချို့ဒေသတွေမှာ တိုးတက်မှုအချို့ ရှိခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ မြို့ပြလေထုညစ်ညမ်းမှုအဆင့်ဟာ ၈ ရာခိုင်နှုန်းလောက် ပိုများခဲ့ကာ၊ လေထုအရည်အသွေး ဆိုးရွားတဲ့အတွက် လေဖြတ်ရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ချေများတယ်လို့လည်း WHO က သတိပေးခဲ့ပါတယ်။

    Ref: IINA

  • တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို လက်စတာနည်းပြ ရရှိ

    တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို လက်စတာနည်းပြ ရရှိ

    မေ ၁၇၊ ၂၀၁၆
    M-Media

    LMA

    – အင်္ဂလန်ရှိ အမှတ်ပေးလိဂ်နည်းပြများအသင်း LMA က ရွေးချယ်ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း၏ နည်းပြ ကလော်ဒီယို ရာနီယေးရီက ရရှိခဲ့သည်ဟု သိရသည်။

    ရာနီယေးရီမှာ ပြီးခဲ့သည့် ၁၂ လအရင်က တန်းဆင်းဇုန်၌ ရုန်းကန်ခဲ့ရသည့် လက်စတာကို ရာသီပြီးဆုံးရန် ၂ ပွဲအလိုတွင်ပင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အားကစားသမိုင်းတွင် အကြီးကျယ်ဆုံး ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    LMA က ရွေးချယ်ပေးအပ်သည့် အဆိုပါဆုကို ရရှိခဲ့ခြင်းကြောင့် ရာနီယေးရီမှာ အာဆင်ဝင်းဂါးနောက်ပိုင်း ထိုဆုကို ရရှိခဲ့သည့် ဗြိတိန်မဟုတ်သော ဒုတိယမြောက် နိုင်ငံခြားနည်းပြ ဖြစ်လာခဲ့သည်။ ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးအဖြစ် Brighton and Hove Albion နည်းပြ ခရစ် ဟူတန်က ရရှိခဲ့သည်။

    မြောက်အိုင်ယာလန်အသင်းအား ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မီခေးလ် အိုနီးလ်ကမူ LMA ၏ အထူးဆုကို ရရှိခဲ့သည်။

    Ref: Goal

  • ယူအေအီး အစ္စလာမ့်မစ်ဘဏ်က ပြင်သစ်ဘဏ်တစ်ခုနှင့် သဘောတူစာချုပ်ချုပ်

    ယူအေအီး အစ္စလာမ့်မစ်ဘဏ်က ပြင်သစ်ဘဏ်တစ်ခုနှင့် သဘောတူစာချုပ်ချုပ်

    မေ ၁၇၊ ၂၀၁၆
    M-Media

    emarati

    – ယူအေအီးက ထိပ်တန်းအစ္စလာမ်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီမရိတ်အစ္စလာမ့်ဘဏ် (EIB) နဲ့ ပြင်သစ်က နာမည်ကြီး Natixis ဘဏ်တို့ဟာ ဒေါ်လာ သန်း ၅၀ တန် သဘောတူညီစာချုပ်တစ်ခုကို တနင်္ဂနွေနေ့မှာ အောင်မြင်စွာ လတ်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

    EIB ရဲ့ အမှုဆောင်အရာရှိချုပ် ဂျမားလ် ဘင် ဂါလိုက်တာက “Natixis ဘဏ်နဲ့ ဒေါ်လာ သန်း ၅၀ တန် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာဟာ EIB ရဲ့ မှတ်တိုင်သစ် စိုက်ထူနိုင်ခြင်းကို ကိုယ်စားပြုတာဖြစ်ပြီး၊ ရှရီအာနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဘဏ္ဍာရေးစနစ်ကို ကျင့်သုံးဖို့ စဉ်စားနေတဲ့ အခြားသော ဘဏ္ဍာရေးအသင်းအဖွဲ့တွေအတွက် ရှေ့ပြေးလမ်းကြောင်းတစ်ခုကို ဖောက်ပေးလိုက်တာလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    “EIB အနေနဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေ အများအပြားကို ဆက်လက်ရှာဖွေသွားမှာပါ၊ ရှရီအာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ ကျင့်ဝတ်တွေ၊ စီးပွားရေးအမြင်စူးရှမှုတွေ၊ နည်းပညာတွေ ပေါင်းစပ်ချဉ်းကပ်ခြင်းဖြင့် အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍမှာ ခေါင်းဆောင်နိုင်သူအဖြစ် ဖော်ဆောင်သွားပါမယ်”

    Natixis ဘဏ်ရဲ့ မန်းနေးဂျင်းဒါရိုက်တာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အကြီးအကဲဖြစ်တဲ့ ဆီမွန် အဒ်လီကတော့ EIB နဲ့ ဒီလို စာချုပ်ချုပ်ဆိုနိုင်တဲ့အတွက် ၀မ်းမြောက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “Natixis ဘဏ်ဟာ EIB နဲ့အတူ ပထမဆုံး ရှရီအာနည်းကျ ဘဏ္ဍာရေးစနစ်ကို စတင်လမ်းဖောက်ပြီး လုပ်ကိုင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ တော်တော်လေး ၀မ်းသာရပါတယ်”

    နောက်ပြီး အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းဟာ လက်ရှိအချိန်မှာ အရေးပါလာပြီး အစ္စလာမ့်မစ် ဘဏ်တွေကလည်း ခေတ်ပေါ် နည်းပညာတွေကို အောင်မြင်စွာ ပေါင်းစပ်အသုံးပြုနိုင်လာကြောင်း၊ မိမိတို့အနေနဲ့ EIB နဲ့ အနာဂတ်မှာလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အဒ်လီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • နိုင်ငံရေးသမားများ အသိနုံနဲ့မှုမှာ အကျင့်ကောင်းမဟုတ်ဟု အိုဘားမားပြော

    နိုင်ငံရေးသမားများ အသိနုံနဲ့မှုမှာ အကျင့်ကောင်းမဟုတ်ဟု အိုဘားမားပြော

    မေ ၁၆၊ ၂၀၁၆
    M-Media

    – ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် ထရမ့်၏ မဲဆွယ်မှုများမှာ ပညာမဲ့လွန်းပြီး ထိုကဲ့သို့ အသိပညာနုံနဲ့မှုက ကောင်းမြတ်သည့် အကျင့်မျိုးမဟုတ်ဟု အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ပြောကြားလိုက်သည်။

    နယူးဂျာစီပြည်နယ် Rutgers တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အိုဘားမားက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထရမ့်၏အမည်ကို မတပ်ခဲ့သော်လည်း Make America Great Again (အမေရိကကို ကြီးကျယ်အောင် ပြန်လုပ်ကြစို့) ဟူသော စကားဖြင့် မဲဆွယ်နေသည့် ထရမ့်အား ရည်ညွှန်းသည်မှာ ထင်ရှားနေသည်။

    ထို့ပြင် အိုဘားမားက ကျောင်းသားများအား အတိတ်တွင် ကျရစ်ခဲ့သည့် အမေရိကန်၏ ရွှေခေတ်များကို ပူဆွေးဝမ်းနည်းစရာမလိုဘဲ လူမျိုးရေးခွဲခြားမှု၊ ဆင်းရဲမွဲတေမှုနှင့် အမျိုးသမီးများ တန်းတူအခွင့်အရေးမရရှိသည့် ထိုခေတ်ကာလများမှာ ထင်သလောက် ကောင်းမွန်ခဲ့ခြင်းမရှိဟု ထည်သွင်းပြောကြားခဲ့သည်။

    မက္ကဆီကိုနယ်စပ်တွင် တံတိုင်းတည်ဆောက်မည်ဟု ထရမ့်၏ ပြောကြားမှုကို ဆန့်ကျင်ခဲ့သည့် အိုဘားမားက လက်တွေ့မကျသည့် စကားများကို ပြောဆိုသော နိုင်ငံရေးသမားများကိုလည်း ဝေဖန်ခဲ့သည်။

    “နိုင်ငံရေးမှာ ဘ၀မှာ အသိပညာနုံနဲ့မှုဟာ ကောင်းအတဲ့ အကျင့်မဟုတ်ပါဘူး။ ငါ့စကားနွားရပြောတာကလည်း သိပ်မကောင်းပါဘူး။ ဒါဟာ နိုင်ငံရေးအရှိတရားကို စိန်ခေါ်နိုင်မှာ မဟုတ်ဘဲ ကိုယ့်ပြောတာ ဘယ်ရောက်လို့ ရောက်မှန်းမသိတာပဲ ဖြစ်ပါလိမ့်မယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    Ref: ABC

  • အစ္စရေးပညာရှင်တစ်ဦးက ၎င်း၏ ဆုကြေးငွေကို အဖိနှိပ်ခံ ပါလက်စတိုင်းများအတွက် သုံးစွဲမည်

    အစ္စရေးပညာရှင်တစ်ဦးက ၎င်း၏ ဆုကြေးငွေကို အဖိနှိပ်ခံ ပါလက်စတိုင်းများအတွက် သုံးစွဲမည်

    မေ ၁၆၊ ၂၀၁၆
    M-Media

    profesor

    – အစ္စရေးနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို ရရှိခဲ့တဲ့ ပါမောက္ခတစ်ဦးက သူရရှိတဲ့ ငွေသားဆုကြေးကို အစ္စရေးရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် ကူညီနေတဲ့ အဖွဲ့တစ်ခုကို လှူဒါန်းမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

    ပါမောက္ခ ဒေးဗစ် ရှူလ်မန်ဆိုသူဖြစ်ပြီး ဂျေရုဆလင် ဟီဘရူးတက္ကသိုလ်က အာရှရေးရာပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်ဖွားဖြစ်တဲ့ သူဟာ ပညာရေးဆိုင်ရာ လုပ်ငန်းတစ်ခုအတွက် အခုလို ဂုဏ်ပြုဆုကို ရရှိခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တဲ့ ကန်ဒေါ်လာ ၂၀၀၀၀ ကို ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ Ta’ayush အဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

    “(အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ) အခြေအနေတွေ ဆိုးရွားနေတဲ့ ဒီလိုအချိန်၊ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေနဲ့ လက်ယာစွန်းရောက်တွေက Ta’ayush နဲ့ အခြားသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဒီဆုကို လက်ခံရမှာ မ၀ံ့မရဲ ဖြစ်မိပါတယ်။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့နဲ့ ဆက်လက်ဖြစ်ပွားနေဆဲ အကြမ်းဖက်မှုဒဏ် ခံစားနေရတဲ့ သူတို့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်လို့ Ta’ayush အဖွဲ့နဲ့အတူ ကျွန်တော်လည်း ခံစားရပါတယ်” လို့ ပါမောက္ခ ရှူလ်မန်က ပြောကြားခဲ့ပါတယ်။

    Ta’ayush အဖွဲ့ဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုစလင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းပြည်သူတွေကို သူတို့ရဲ့ နေအိမ်တွေ၊ စိုက်ပျိုးမြေတွေ ပြန်လည်ရရှိဖို့ လုပ်ဆောင်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    Ref: IINA