News @ M-Media
Blog
  • ကမ်းဘရစ်ခ်ျတက္ကသိုလ်တွင် အစ္စလာမ့်ရေးရာ ဆွေးနွေးပွဲတစ်ခု ကျင်းပ
    ကမ်းဘရစ်ခ်ျတက္ကသိုလ်တွင် အစ္စလာမ့်ရေးရာ ဆွေးနွေးပွဲတစ်ခု ကျင်းပ
    မေ ၁၀၊ ၂၀၁၆
    M-Media
    cambridge
    – အနောက်ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အစ္စလာမ့်ရေးရာအကြောင်းအရာတွေကို ဆွေးနွေးအဖြေရှာဖို့ အင်္ဂလန်နိုင်ငံက ကမ်းဘရစ်ခ်ျတက္ကသိုလ်ဟာ အခမ်းအနားတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
    အဲဒီအခမ်းအနားကို ဒု-ပါမောက္ခချုပ် ဆာ လက်ဇက် ဘော်ရီဆီဝစ်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အလ်ဝါလိဒ်အကယ်ဒမစ်စင်တာ ၆ ခုက ဒါရိုက်တာတွေ တက်ရောက်ခဲ့ကြကာ ကမ်းဘရစ်ခ်ျတက္ကသိုလ်က ပြုလပ်ထားတဲ့ သုတေသနဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
    အမုန်းရာဇ၀တ်မှု၊ ဆေးပညာကျင့်ဝတ်များ၊ မွတ်စလင်အကျဉ်းသားများနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတဲ့ ခေါင်းစဉ်တွေက ဆွေးနွေးမှုရဲ့ အဓိကအကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။
    ဆွေးနွေးပွဲနောက်ပိုင်မှာတော့ အလ်ဝါလိဒ်စင်တာတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကာ ဒီလိုအဆွေးနွေးမှုမျိုး လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
    Ref: IINA
  • Aleppo မြို့စစ်မြေပြင်မှ ခလေးငယ်များ
    Aleppo မြို့စစ်မြေပြင်မှ ခလေးငယ်များ
    မေ ၁၀ ၊ ၂၀၁၆
    မင်းသိန်း ရေးဖွဲ့သည်။
    A Syrian woman comforts her children aft...A Syrian woman comforts her children after their house in the Sahour nieghbourhood of the northern Syrian city of Aleppo was bombed on May 14, 2014. Once home to some 2.5 million residents and considered Syria's economic powerhouse, Aleppo has been divided between government and opposition control since shortly after fighting there began in mid-2012. FP PHOTO / ZEIN AL-RIFAIZEIN AL-RIFAI/AFP/Getty Images
    ဧည့်ခန်းကျယ်ကြီးအတွင်း လူသံတိတ်ဆိတ်နေသည်။တချက်တချက် ခပ်ပြင်းပြင်း နှလုံးခုံသံတစ်ခု ကြားရရုံမှအပ အခန်းတခန်းလုံး တိတ်ဆိတ်လျှက်ရှိသည်။ အာရပ်ကော်ဖီကရား ပူပူကို လက်တဖက်က ကိုင်ရင်း ခွက်ထဲကို ကော်ဖီငှဲ့ထည့်နေတဲ့ အသက် ၄၀ ကျော် အမျိုးသ္မီးတစ်ဦးရဲ့ မျက်နှာပြင်မှာ သူမရဲ့ ရင်တွင်းက ဝေဒနာမီးတောက်ကို အထင်းသားမြင်နေကြရတယ်။
    ” ဒီလို မနက်စောစော ကော်ဖီ သောက်တဲ့အချိန်ဟာ ကျွန်မအတွက် ရူးမတတ်ခံစားရတဲ့ အချိန်တချိန်ပါဘဲရှင်”။
    သား၊သမီး ၄ ယောက်ရဲ့ မိခင် Hala က တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းကို သူမရဲ့ နှလုံးသားထဲက ပွင့်အံထွက်လာတဲ့ စကားလုံးတွေနှင့် ဖြိုခွင်းလိုက်တယ်။ ခရားရေလွှတ်ထွက်လာတဲ့ သူမရဲ့ စကားတွေကို နားထောင်ရင်း ဧည်သည်တစ်စု အသက်ရှူ ဖို့ မေ့နေတဲ့အလား ဖြစ်နေကြတယ်။ ” မနက်စောစော အိပ်ယာထတိုင်း ကျွန်မရဲ့ ပထမဆုံးအလုပ်က ကော်ဖီ အိုးပြေးတည်ရတယ်။ သူနှင့်အတူ ကော်ဖီ ထိုင်သောက်ရတယ်။ သူအလုပ်သွားပြီဆိုမှ အိမ်အလုပ်တွေကို စလုပ်ရတာ။ တခါတခါ အလုပ်ထဲကနေ အလုပ်နားရင် သူ ကော်ဖီလာသောက်မယ်ဆိုပြီး ဖုန်းလှမ်းဆက်တယ်။ သူက ကော်ဖီအရမ်းကြိုက်တာ။ အရသာခံပြီးလဲ တစိမ့်စိမ် သောက်တတ်တယ်။ စားစရာဘာမှမရှိရင် နေပါစေ၊ ကော်ဖီ ခါးခါးလေးတစ်ခွက်ရရင် သူ့အတွက် လုံလောက်ပြီ” ။ Hala ပြောပြနေတဲ့ (သူ) ဆိုတာ အာဏာရှင် Assad ရဲ့ အစိုးရကို ပထမဆုံး လက်နက်ကိုင်တော်လှန်ခဲ့ တဲ့ ပြည်သူထဲက တော်လှန်ရေးခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ သူမရဲ့ခင်ပွန်း Abu Ali အကြောင်းဘဲဖြစ်ပါတယ်။ Abu Ali ဟာ အာဏာရှင် Assad ရဲ့ စစ်တပ်တွေ Aleppo မြို့ကို တိုက်ခိုက်လာတဲ့အချိန် Aleppo မြို့ အာဏာရှင်လက်ထဲ ကျရောက်မသွားအောင် ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။
    ” ဆီးရီးယားမှာ Assad အစိုးရကို ပြည်သူတွေ လက်မခံတော့ မြို့တိုင်းလိုလိုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။ အာဏာရှင် Assad စစ်တပ်က အကြမ်းနည်းနှင့် ဖြေရှင်းလာတော့ ပြည်သူတွေမှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူး။ ရရာလက်နက်စွဲကိုင် ကြရတယ်။ တချို့မိသားစုတွေက ကိုယ်ပိုင်ဆိုင်တာတွေထဲက သယ်နိုင်တာတွေအားလုံးကို ယူပြီးထွက်သွားကြတယ်။ တချို့မိသားစုတွေမှာ ယောက်ျားတွေ ဟာ စစ်မြေပြင်မှာကျန်ခဲ့ပြီး မိသားစုသားသ္မိးအားလုံးကို အန္တရာယ်ကင်းမယ် ထင်တဲ့ နေရာတွေကို ပို့ကြတယ်။ သူများတွေလိုဘဲ ကျွန်မယောက်ျားက ကျွန်မကိုခေါ်ပြီး ခလေးတွေကို ခေါ်ပြီး စစ်မြေပြင်နှင့် ဝေးရာကို ထွက်သွားဖို့ ပြောလာတယ်။ သူကတော့ အာဏာရှင်လက်အောက်ကပြည်သူတွေလွှတ်မြှောက်ရေးအတွက် အသက်ကို စတေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တဲ့အတွက် အာဏာရှင်ပြုတ်ကျသွားတဲ့အထိ ဒီနေရာက ဘယ်မှ မခွာတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောလာခဲ့တယ်”။
    အဆက်မဖြတ်စီးကျလာနေတဲ့ မျက်ရည်တွေကို သုတ်ရင်း သူ့ရဲ့ငိုနေတဲ့ မျက်လုံးတွေနှင့် ဧည့်သည်တွေကို စိုက်ကြည့်ရင်း မေးခွန်း တစ်ခုမေးလိုက်တယ်။
    “တကယ်လို့ ရှင်တို့သာ ကျွန်မနေရာမှာ ဆိုရင် ဘယ်လိုဆုံးဖြတ်ကြမလဲ”
    မမျော်လင့်ဘဲ မေးခွန်းမေးခံလိုက်ရတဲ့ ဧည့်သည်တွေက ဆွံ့အ သလိုဖြစ်နေတဲ့အချိန် အဖြေကိုစောင့်မနေတော့ဘဲ Hala က ပြောလက်စ စကားကိုဆက်ပြောလာတယ်။
    ” ကျွန်မတို့ အိမ်ထောင်သက် ရှစ်နှစ်ပြည့်တဲ့ထိ သား၊သမီး မရနိုင်ခဲ့ဘူး။ ကျွန်မတို့ အမျိုးမျိုး ကြိုးစားကြည့်ခဲ့တယ်။ နောက်ဆုံး အသျှင်မြတ်ရဲ့ သနားကြင်နာမှုနှင့် ဒီခလေး လေးယောက် ရလာခဲ့တယ်။ သူဟာ ကျွန်မတို့မိသားစု အတွက် မရှိမဖြစ်လိုအပ် တဲ့ ဖခင် တစ်ယောက်ဖြစ်တယ်။ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်နှင့် မချတတ်သလို၊လွယ်လွယ်နှင့်မဖျက်တတ်တာ သိနေတဲ့ကျွန်မအတွက် အဲဒီညဟာ ကျွန်မအတွက် တကယ့်ကမ္ဘာပျက်တဲ့ညတညလိုပါဘဲ။ ရှင်တို့စဉ်းစားကြည့်လေ အာဏာရှင် Assad ဟာ ခလေးတွေကိုဘဲ ရှာပြီးသတ်နေသလားလို့ ထင်ရလောက်အောင် Aleppo မြို့နှင့် နိုင်ငံတ၀န်းမှာ သေလိုက်တဲ့ခလေးတွေ။ ကျွန်မခလေး တွေလဲ ဒီမှာနေရင် တနေ့မဟုတ်တနေ့ ဒီအဖြစ်ဆိုးနှင့် ကြုံလာရမှာဘဲ။ ကျွန်မခလေးတွေအားလုံးက လူမမယ်လေးတွေ၊ဘာမှ သိတတ်ကြသေးတာမဟုတ်ဘူး။သူတို့အဖေကတော့ သူပြောချင်တာ ပြောပြီး သေနတ် တစ်လက်ကိုင်ပြီးထွက်သွားလိုက်ပြီ။ အပြစ်ကင်းတဲ့ ကျွန်မခလေးတွေ ရဲ့ မျက်နှာကို အစိမ့်စိမ့်ကြည့်ရင်း ကျွန်မနှလုံးသားထဲမှာ ဘလောင်ဆူနေခဲ့တယ်။ ကျွန်မ ဆုံးဖြတ်ချက်တခု ပီပီပြင်ပြင်ချဖို့ လိုအပ်ပြီလို့ အားတင်းလိုက်ပြီး ခလေးအားလုံးကို ကျွန်မအနားကိုခေါ်လိုက်တယ်။ ကျွန်မအတတ်နိုင်ဆုံး ရင်ထဲကခံစားချက်တွေကို ခလေးတွေမရိပ်မိအောင် မြိုသိပ်ရင်း သူတို့အဖေ ပြောခဲ့တဲ့စကားတွေထဲက လိုရင်းကို ပြောပြလိုက်တယ်။”
    နင်တို့အဖေက ငါတို့အားလုံးကို လုံခြုံတဲ့နေရာကို ထွက်သွားခိုင်းတယ်။ ဒီမှာက တနေ့ထက်တနေ့ အန္တရာယ်က ပိုများလာနေတယ်။ နင်တို့ဘယ်လိုသဘောရလဲလို့မေးလိုက်တော့ ခြောက်နှစ်အရွယ်ကျွန်မသ္မီးလေး Sara က
    “ကျွန်မအဖေနှင့် အတူနေခဲ့မယ်”
    လို့ချက်ချင်းပြောပြီး သူ့အဖေရှိရာကို ထွက်သွားလိုက်တယ်။ ကျွန်မအတန်တန်အော်ခေါ်တာတောင်လှည့်မကြည့်ခဲ့ဘူး။ စဉ်းစားကြည့်ပါရှင် Abu Ali နှင့် ကျွန်မက အဆိုးအကောင်းအားလုံးကို မျှဝေ ခံစားမယ်ဆိုပြီး ဘ၀တစ်ခုကို အတူတူ လက်တွဲတည်ဆောက်ခဲ့ကြတာလေ။ ပြီးတော့ ဒီအာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကို ယောက်ျားတွေဘဲ သီးသန့်ခံနေရတာ မဟုတ်ဘူးလေး၊ ယောက်ျား၊ မိန်းမ၊ ခလေး၊လူကြီး အားလုံးက ခံနေရတာ။ မိန်းမတွေကကော ဘာသားနှင့်ထုထားလို့လဲ ကျွန်မတို့မှာလဲ နိုင်ငံချစ်စိတ်၊ လွှတ်မြှောက်ချင်စိတ် ရှိတာပေါ့ရှင်။
    ” ရိုင်ဖယ်ကိုကိုင်ကာကွယ် နိုင်အောင်သာတိုက်ပါမောင်ရယ်၊ မောင်တို့က ပုခုံးနှင့်ထမ်းလို့ မယ်တို့က ခေါင်းနှင့်ရွက်ပါ့မယ်”
    ဆိုသလို ဒီတော်လှန်ရေးမှာ ကျွန်မတို့လဲ ကိုယ့်ယောက်ျားနှင့်အတူ ကျရာတာဝန်ကို ထမ်းဆောင်ခွင့်ရချင်တာပေါ့ရှင်။ မိခင်တယောက်ဖြစ်နေတဲ့ ကျွန်မအနေနှင့် စဉ်းစားတာတခုဘဲရှိတယ်။ အပြစ်ကင်းစင်တဲ့ ခလေးတွေကို ကျွန်မတို့နှင့်အတူ နိုင်ငံအတွက် အသက်စွန့်ခိုင်းတာဟာ ကျွန်မတို့အတွက် သိပ်များ မတရားရာကျနေမလားလို့ပါ။ Sara လေးပြောလိုက်တဲ့စကားကိုကြားပြီး ကျွန်မမျက်လုံးတွေ လင်းဝင်းလာတယ်။သားကြီးနှင့်သမီးကြီး မျက်နှာကိုလှည့် ကြည့်လိုက်တော့ သားကြီးက သူ့အဖေလို တည်ငြိမ်တယ်။ ကျွန်မပြောနေတာတွေကို တချိန်လုံးခေါင်းငုံ့ပြီးနားထောင်နေရာကနေ ကျွန်မကိုမော့ကြည့်ပြီး “အမေ သားတို့အားလုံး အဖေနှင့်အတူတူ ဒီမှာဘဲ နေရင်ကောင်းမယ်” လို့ ပြောလာတယ်။ ကျွန်မလေ သားကြီးစကားကို ကြားပြီး ၀မ်းသာလွန်းလို့ ချုံ့ပွဲချငိုပြစ်လိုက်မိတယ်။ ဘယ်လိုဝမ်းသာ သွားမှန်းကို မပြောတတ်တော့ပါဘူးရှင်။ ခံတပ်လုပ်ထားတဲ့ နေရာကနေ သူ့အဖေ ပြန်ရောက်လာတော့
    “ရှင့်ခလေးတွေ ရှင်နှင့်ခွဲပြီး ဘယ်မှမသွားဘူးလို့ ပြောကြတယ်။ သွားစေချင်ရင်တော့ ရှင်ကိုယ်တိုင် ရှင့်ခလေးတွေကို စည်းရုံးကြည့်” ပြောပြီး ကျွန်မ အိမ်ထဲဝင်သွားလိုက်တယ်။ သူကတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာထိုင်ပြီး ဒီကိစ္စကို လေးလေးနက်နက် တွေးနေမယ်ဆိုတာ ကျွန်မသိနေတယ်။
    Hala ရဲ့ လင်းဝင်းတက်ကြွလာတဲ့ မျက်နှာကိုကြည့်ပြီး ငြိမ်ပြီးနားထောင်နေကြတဲ့ဧည့်သည်တွေဟာ အနည်းငယ်လှုပ်ရှားလာကြတယ်။ ခွက်ထဲက အေးစက်စက် ကော်ဖီကို မော့သောက်တဲ့သူကသောက်၊ ခန္ဓာကိုယ်သက်တောင့်သက်သာ အနေအထားဖြစ်အောင် နေရာ ရွေ့ထိုင်သူထိုင်နှင့် စကားဝိုင်းက နည်းနည်း လှုပ်ရှားလာတယ်။
    “ISIS တွေ ဘယ်အချိန်လောက်က Aleppo မြို့ထဲကို ရောက်လာတာလဲအမ”
    ဧည့်သည်တယောက်ရဲ့ မေးခွန်းက ပြန့်နေတဲ့အာရုံတွေကို စုစည်းပေးလိုက်သလို ဖြစ်သွားတယ်။ တိုင်ပင်မထားဘဲ ဧည့်သည်အားလုံးရဲ့ မျက်လုံးဟာ Hala ဆီကိုဦးတည်လာပြီး သူမဆီက ထွက်လာမယ့်စကားသံကို နားစွင့်နေကြတယ်။
    “၂၀၁၄ ခုနှစ်အစဟာ ကျွန်မတို့မိသားစု တစ်ခုရဲ့ ကမ္ဘာစပျက်တဲ့ ကာလပါဘဲရှင်။ ISIS တွေဟာ ကျွန်မတို့အိမ်ပေါ်တက်လာပြီး ကျွန်မယောက်ျားကို လက်ပြန်ကြိုးတုတ်ထားတယ်။ ကျွန်မနှင့် ခလေးတွေကို သူနှင့်ခပ်လှမ်းလှမ်းက သူမြင်နိုင်လောက်တဲ့ တနေရာမှာ သေနတ်တွေနှင့် ချိန်ထားတယ်။ ကျွန်မယောက်ျားကို ရိုက်စစ်နေတဲ့လူတွေက မျက်ရိပ်ပြရင် ကျွန်မတို့နားကကောင်တွေက ခလေးတွေရဲ့ခေါင်းကို သေနတ်ပြောင်းနှင့်ထိုးရှိန်တယ်။ အစ္စလာမ်နာမည်ကို အလွှဲသုံးစားလုပ်ပြီး ယုတ်မာနေတဲ့လူတွေပါရှင်။ လူသားစိတ်တစ်စက်မှကို မရှိတဲ့ လူတွေလို့ဘဲ ကျွန်မကတော့ မြင်တယ်။ သူတို့ ကျွန်မယောက်ျားကို ကျွန်မရဲ့ခလေးတွေရှေ့မှာ အမျိုးမျိုးနှိပ်စက်ပြီး နောက်ဆုံးဖမ်းခေါ်သွားတယ်။ဒီမိစ္ဆာတွေအပေါ်ထားတဲ့ ဒေါသစိတ်ကြောင့် ကျွန်မ ခလေးတွေကို ထိမ်းဖို့မေ့နေတယ်။ ခလေးတွေကတော့ရှင့် သူတို့အဖေနှိပ်စက်ခံနေရတာကိုကြည့်ပြီး ကမ္ဘာပျက်နေကြတာပေါ့ရှင်။ ISIS တွေက အချုပ်ခန်းထဲမှာ သူ့ကိုနှိပ်စက်ပြီး သတ်ပြစ်လိုက်ပြီလို့ ပြောကြတယ်။ တချို့ကလဲ မသေသေးဘူး အသက်ရှင်လျှက်ရှိနေသေးတယ်လို့ ပြောကြတယ်။ အတိအကျတော့ အခုထိ ဘယ်သူမှမသိကြဘူး။ သူ့တပ်သားတွေကတော့ သူနှင့်ပတ်သက်တဲ့သတင်းတွေရရင် ကျွန်မဆီပို့ပေးပါတယ်။
    သူမရှိတဲ့နောက်ပိုင်း Aleppo မြို့ထဲကစစ်မြေပြင်မှာ မှတ်တမ်းယူနေတဲ့ ဂျာမန်သတင်းထောက် Marcel Mettelsiefen က ခလေးတွေရဲ့ အနာဂါတ်အတွက် ဂျာမဏီနိုင်ငံကို ရွေးပြောင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းလာတယ်။ ကျွန်မယောက်ျား ရှိစဉ်တုန်းကလည်း အိမ်ကိုရောက်လာတိုင်း Marcel ကကျွန်မကို ဂျာမဏီကိုပြောင်းရွေးဖို့ သူအစစအရာရာကူညီမယ်ဆိုတဲ့အကြောင်းပြောခဲ့တယ်။ ကျွန်မယောက်ျားကိုလဲ သူခဏခဏသွားပြောတယ်။ Abu Ali ကတော့ ဘာမှပြန်မပြော။ကျွန်မကတော့ သူလာပြောတိုင်း ငြင်းတာပါဘဲ။ အခုလို ကျွန်မတို့မိသားစုတွေ ဂျမဏီမှာ အဆင်ပြေပြေနေရတာ၊ ကျွန်မခလေးတွေ ကောင်းကောင်းမွန်မွန် ကျောင်းတက်နေရတာ သူရဲ့ အကူအညီတွေ အများကြီးပါပါတယ်။
    ကျွန်မဟာ ဒီနိုင်ငံမှာအဆင်ပြေပြေ နေရပေမယ့် ကျွန်မ၀ိဥာဏ်က Aleppo မြို့မှာ ကျန်ခဲ့ပါတယ်ရှင်။ ကျွန်မယောက်ျားက ISIS လက်ကလွှတ်လာပြီး အသက်ရှင်နေသေးတယ်ဆိုရင်လဲ သူ့ရဲ့ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း တော်လှန်ရေးကို ဆက်ပြီးလုပ်စေချင် ပါတယ်။ ကျွန်မတို့ဆီးရီးယား ပြည်သူတွေဟာ အာဏာရှင် Assad ကိုတော်လှန်ကြတယ်။အခုက မိစ္ဆာကောင်တွေကိုလဲ တိုက်ထုတ်နေကြရတယ်။ ကျွန်မတို့ပြည်သူတွေ ဘယ်တောများ ငြိမ်းငြိမ်းချမ်းချမ်းနေကြရမလဲ မသိတော့ပါဘူးရှင်။”  Hala ရဲ့ နိဂုံးချုပ်စကားကို ကြားပြီး ဧည့်သည်တွေဟာ တယောက်မျက်နှာတယောက်ကြည့်ရင်း သူတို့ရဲ့ စာနာနားလည်မှုကို ကိုယ်စီဖေါ်ပြကြပြီး Hala ကို နှစ်သိမ့်ကြပါတယ်။ သား၊သ္မီး တွေအတွက်ဘဲ အသက်ရှင်သန်နေရတဲ့ မိခင်တယောက်ရဲ့ ပုံရိပ်ကို Hala ဆီမှာ ပီပီပြင်ပြင်မြင်နေကြရတယ်။
    မင်းသိန်း(မိခင်များနေ့အမှတ်တရ မိခင်အားလုံးအားဂုဏ်ပြုရင်း)
    **** M-Media သို့ စာရေးသူ ဆက်သွယ်ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။
  • ရန်ကုန်တွင် ပန်းခြံနှင့် ကလေးကစားကွင်းအသစ်များ ဆောက်လုပ်မည်
    ရန်ကုန်တွင် ပန်းခြံနှင့် ကလေးကစားကွင်းအသစ်များ ဆောက်လုပ်မည်
    မေ ၁၀၊ ၂၀၁၆
    M-Media
    park
    – ရန်ကုန်မြို့အား ပိုမို စိမ်းလန်းသန့်ရှင်းသော မြို့ဖြစ်အောင် ဆောင်ရွက်ရေးအတွက် ပန်းခြံသစ်နှစ်ခုကို ထပ်မံဆောက်လုပ်သွားမည်ဖြစ်ပြီး ရှိပြီးသား ပန်းခြံ ၁၁ ခုကိုလည်း သန့်ရှင်း၍ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ပြောကြားချက်အရ သိရသည်။
    ထို့ပြင် ကလေးကစားကွင်းသစ် ၆ ခုကိုလည်း ၂၀၁၇ ခုနှစ် ဧပြီလမတိုင်မီ အပြီးဆောက်လုပ်သွားမည်ဟု အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက Global New Light of Myanmar သို့ ပြောကြားခဲ့သည်။
    “ပန်းခြံတွေ၊ ကလေးကစားကွင်းတွေကို အဆင့်မြှင့်တင် ပြင်ဆင်မွမ်းမံဖို့နဲ့ အသစ်တွေ ဆောက်လုပ်သွားဖို့ ကျွန်တော်တို့မှာ ရေတို၊ ရေလတ်၊ ရေရှည် စီမံကိန်းတွေ ရှိနေပါတယ်။ ပြီးတော့ ပြည်သူအားလုံး အသက်အရွယ်မရွေး အပန်းဖြေ၊ အနားယူနိုင်တဲ့ နေရာဖြစ်အောင် ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုတွေကိုလည်း ပြုလပ်နေပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
    စစ်တပ်ကျောထောက်နောက်ခံပြု ယခင်အစိုးရလက်ထက်တွင် ပန်းခြံများ၊ ဘောလုံးကွင်းများကို ပုဂ္ဂလိကသို့ ရောင်းချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ထိုနေရာများကို ပြန်လည်ထိန်းသိမ်းသွားမည်ဟု နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် ကတိပြုခဲ့သည်။
    Ref: yangon.coconuts
  • တာဝေးပစ်ဒုံးကျည်သစ်ကို အီရန်က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
    တာဝေးပစ်ဒုံးကျည်သစ်ကို အီရန်က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
    မေ ၁၀၊ ၂၀၁၆
    M-Media
    missile
    – ၂၀၀၀ ကီလိုမီတာ အကွာအဝေးထိ ပစ်လွှတ်နိုင်ပြီး၊ ပစ်မှတ်လွတ်ချော်နိုင်မှု အကွာအဝေး ၈ မီတာသာ ရှိတဲ့ တာဝေးပစ် ဒုံးကျည်တစ်စင်းကို မကြာသေးခင်က စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အီရန်စစ်တပ်က ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် အလီ အဘ်ဒိုလာဟီက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။
    နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအားကို ဖော်ကျူးတဲ့အနေနဲ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမြဲလိုလို ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်လေ့ရှိပြီး အခုနောက်ဆုံး စမ်းသပ်မှုကို လွန်ခဲ့တဲ့ ၂ ပတ်လောက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဇန်န၀ါရီလက အကျုံးဝင်ခဲ့တဲ့ အီရန်ရဲ့ နျူသဘောတူညီချက်အပြီး အနောက်နိုင်ငံတွေရဲ့ မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ အချိန်မျိုးမှာ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
    စမ်းသပ်မှုတွေဟာ နျူသဘောတူညီချက်ကို ချိုးဖောက်တာမျိုး မဟုတ်ပေမယ့် အနောက်နိုင်ငံတွေကတော့ အီရန်ကို ဒုံးကျည်စမ်းသပ်မှုတွေ ရပ်တန့်ဖို့ ဖိအားတွေ ပေးနေပါတယ်။
    အမေရိကန်နဲ့ ဥရောပအင်အားကြီးနိုင်ငံတွေက ဒီဒုံးကျည်စမ်းသပ်မှုတွေဟာ နျူကလီးယားထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်တွေကို မစမ်းသပ်ဖို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလေးစားရာရောက်တယ်လို့ ဆိုကြပါတယ်။
    ဒါပေမယ့် အီရန်ကတော့ မိမိတို့စမ်းသပ်နေတဲ့ ဒုံးကျည်တွေဟာ နျူထိပ်ဖူးတပ်ဆင်လို့မရတဲ့ ဒုံးကျည်တွေသာဖြစ်ပြီး စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref; Presstv
  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး (ဟာဂျီ ဦးအေးလွင်နှင့် VOA တွေ့ဆုံခြင်း)
    ဘာသာပေါင်းစုံ ချစ်ကြည်ရေး (ဟာဂျီ ဦးအေးလွင်နှင့် VOA တွေ့ဆုံခြင်း)
    13062436_870098113118775_7633061068800214976_n
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    .
    ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ လက်ရှိတည်ဆဲဥပဒေတွေ အတိုင်း လေးစားအကောင်အထည် ဖော်နိုင်ပြီး၊ လူတိုင်းရသင့်ရထိုက်တဲ့ မွေးရပါ အခွင့်အရေးတွေကို လေးစားမယ်ဆိုရင် ဘာသာတိုင်းအတွက် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ အခွင့်အရေးတွေ အပြည့်အဝရမယ်လို့ ယုံကြည်တဲ့အကြောင်း အစ္စလာမ်ဓမ္မဗိမာန် ဆော်သြရေးမှူးလည်းဖြစ်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကို ထူထောင်သူတွေထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ဟာဂျီဦးအေးလွင် က ပြောဆိုလိုက်ပါတယ်။ မတူညီတဲ့ ဘာသာပေါင်းစုံအကြား နားလည်မှုရရေး ကြိုးပမ်းမှုတွေမှာ တိုးတက်မှုတွေ ရှိပေမယ်လို့ အခက်အခဲတွေလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်ဒီစီမြို့ တော်ကို ရောက်ရှိလာတဲ့ ဟာဂျီဦးအေးလွင် ကို VOA မြန်မာအစီအစဉ်က ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ အန်ကယ်ဦးအေးလွင် အခုလို VOA ကို လာပြီးတော့ ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာကတော့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ၊ တင်းမာမှုတွေ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အတော်လေး ပြင်းပြင်းထန်ထန် ရှိခဲ့ပါတယ်။ တစုံတရာ ဖြေရှင်းနိုင်ဖို့အတွက် အစိုးရပိုင်းကပဲ ကိုင်တွယ်တယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းကလည်း ကြိုးပမ်းကြတယ်။ Interfaith အဖွဲ့အစည်းတွေလည်း ပေါ်လာတယ်။ အခြေအနေက တင်းမာနေတုန်းပဲလား။ လျော့ပါးသွားလား။ ဘယ်လိုများ ရှိပါသလဲ။
    .
    ဦးအေးလွင် ။ ။ ကျနော်တို့ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ တော်တော်စိုးရိမ်တယ်။ သို့သော်လဲ မဲပေးတဲ့ ပြည်သူတွေရဲ့  အမျှော်အမြင် ကြီးမားမှုကြောင့် ဘာသာရေးကို အကြောင်းပြုပြီးတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားကြတဲ့ စီမံချက်တွေက တော်တော်လေးကို ပျက်ပြားသွားတယ်။ နိုင်ငံရေးမှာ ဘာသာရေးအသုံးချဖို့ ကြိုးစားတဲ့ လူတွေရဲ့  လုပ်ဆောင်ချက်တွေကို ပြည်သူက လက်မခံဘူးဆိုတာ ရွေးကောက်ပွဲ Result က အတိအကျ ထွက်လာတယ်။ သို့သော်လဲ ဒီဘာသာတရား က လှုံဆော်ရတာ အင်မတန် လွယ်ကူတဲ့အတွက် ဖောက်ခွဲဖို့အတွက် စနက်တံ အဖြစ် ဆက်လက် အသုံးချမယ် ဆိုတာကို ကျနော်တို့က မျှော်လင့်ပြီသာပါ။ ဒါကြောင့်မို့ ရွေးကောက်ပြီးနောက်ပိုင်းမှာလဲ အခွင့်ရေးရရင် ရသလို ဘာသာတရားနဲ့ လှုံဆော်မှုအတွက် ဖောက်ခွဲမှုဖို့အတွက် ကြိုးစားမှုလေးတွေဆိုတာ ရှိနေပါသေးတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ ဒီအမုန်းတရာ မပျံ့ ပွားဖို့အတွက် လှုပ်ရှားနေကြတဲ့ လူငယ်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ တခြားအဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒီကြားထဲမှာပဲ တလောကပဲ ဗုဒ္ဓဘာသာ ကျောင်းကန်နားမှာ ဈေးရောင်းတဲ့ မူစလင်တွေကို တချို့  ဗုဒ္ဓဘာသာ ရဟန်းကိုယ်တော်တွေက သွားပြီးဖမ်းဆီးတာ၊ ပစ္စည်းတွေသိမ်းတာ၊ ရိုက်တာနှက်တာတွေ ကျနော်တို့ ကြားမိပါတယ်။ ဒါပေမဲ့ အဲဒီမှာ ပြဿနာက သူတို့က ရဲစခန်းကို တိုင်ကြားမှုတွေလည်း မလုပ်ကြဘူး။ ဘေးပတ်ဝန်းကျင်ကလည်း ဒါကို တားတာမျိုးလည်း မရှိတော့ ပြောမယ်ဆို မြန်မာလူ့အဖွဲ့အစည်းမှာ ဒီအခြေအနေက တအုံနွေးနွေးလို ဖြစ် မနေဘူးလား။ ကြောက်ရွံမှုတွေ များ ဖြစ်နေကြလား။
    .
    ဦးအေးလွင် ။ ။ ကြောက်ရွံမှုထက် သူတို့က အခြေအနေကို တင်းမာသွားအောင် မလုပ်ချင်တဲ့ ပုံစံလို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေတိဂုံစေတီတော်ကြီးက မေတ္တာရဲ့  ပုံရိပ်လွှာကြီးပဲ။ ဗုဒ္ဓတရားတော်ရဲ့  တကယ့်ကို သရုပ်သဏ္ဍာန် အမှန်ကို ဖော်ကျူးနေတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့  အေးရိပ်စရာအောက်မှာ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တခု ဖြစ်သွားတယ် ဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် ယူကြုံမရ ဖြစ်စရာတခု ဖြစ်တယ်။ သို့သော် အဲဒါကို လက်တွေ့ကျကျ သူတို့က ဝင်ရောက်ဖို့ဆိုတာ သူတို့အနေနဲ့က မြန်မာလူမျိုးတို့ရဲ့  စရိုက်အရ သူများကိစ္စမှာ ဝင်စွက်ဖက်ဆိုတာတွေ သိပ်မလုပ်ချင်ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်လို့ ကျနော်က ထင်ပါတယ်။ သို့သော် ဘယ် ဗုဒ္ဓဘာသာဝင်ကမှ ဒီလုပ်ရပ်ပေါ်မှာ စိတ်ချမ်းမြေ့မှု ရှိမယ်လို့ ကျနော် မထင်ပါဘူး။
    .
    ကိုသားညွှန့်ဦး ။ ။ နောက်တချက်က Interfaith ဘာသာခြားတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုအတွက် ကြိုးပမ်းနေကြတဲ့ ဦးအေးလွင်တို့ အဖွဲ့အစည်းတွေပေါ့။ ဒီအဖွဲ့အစည်းတွေ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ တစုံတရာ ခြိမ်းခြောက်တာ၊ အကြပ်ကိုင်တာတွေ ခံရတာမျိုးတွေ ရှိပါလား။
    .
    ဦးအေးလွင် ။ ။ အဲဒီလို မရှိဘူးဗျ။ မရှိတဲ့အပြင် ကျနော်တို့က Engage လုပ်တယ်။ ကိုယ်နဲ့ အယူအဆချင်း မတူတဲ့လူ၊ ဒါမှမဟုတ် ကိုယ့်ကို အထင်အမြင် လွှဲမှားနေသေးတဲ့ လူတွေကို ကျနော်တို့က Dialogue လုပ်ချင်တယ်။ Dialogue လုပ်တယ်ဆိုတာ အမြင်မတူကြသေးတဲ့ လူတွေကို ညှိနှိုင်းဆွေးနွေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (Religions for Peace Myanmar)၊ ဂျပန်မှာရှိတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့က (Religions for Peace Japan) က ဖိတ်ကြားတဲ့အခါမှာ မဘသအဖွဲ့ကြီးက ဥက္ကဋ္ဌဆရာတော်ကြီးကို ဖိတ်ပါတယ်။ ကျနော်ကိုယ်တိုင်ပဲ ကျောင်းကိုသွားပြီးတော့ ဖိတ်ပါတယ်။ လက်ခံတယ်။ လက်ခံပေမယ့်လဲ အနားကပ်မှာ ဆရာတော်ကြီးရဲ့  ကျန်းမာရေးကြောင့် သူ့ရဲ့  လက်ထောက်ဖြစ်တဲ့ ဒေါက်တာသောဘာဂကို ထည့်လိုက်ပါတယ်။ နောက် ဒေါက်တာဓမ္မပီယလည်း ပါပါတယ်။ ကျနော်တို့ ဂျပန်ကိုသွားတဲ့ ဘာသာပေါင်းစုံ အဖွဲ့ထဲမှာ မဘသ ကို ကိုယ်စားပြုတဲ့ ဆရာတော်နှစ်ပါးလည်း ပါလာတယ်။ မြဝတီဆရာတော်ကြီးလည်း ပါလာတယ်။ ခရစ်ယာန်ကဆို Cardinal ချားလ်စ်ဘို ပါတယ်။ MCC က စောရွှေလင်း ပါတယ်။ ဗုဒ္ဓဘာသာအရပ်ဖက်က ဥက္ကဋ္ဌကြီး ဦးမြတ်ဆွေ ပါတယ် စသဖြင့်၊ အမျိုးသမီးဆိုလည်း ဒေါ်ရင်ရင်မော ခရစ်ယာန်ကျောင်းများကောင်စီ က ပါပါတယ်။ အဲဒီလို Interfaith အဖွဲ့က လူစုံ တော်တော်များများက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေပါ။ ကိုယ်တော်နှစ်ပါးကတော့ မဘသ အဖွဲ့ကြီးကို ကိုယ်စားပြုပြီးတော့ ဂျပန်ပြည်ခရီးစဉ်မှာ ပါလာပြီးတော့ ဆွေးနွေးတာတွေကလည်း ကျနော်တို့အတွက် တော်တော်လေးကို အလားအလာကောင်းတဲ့ ဆွေးနွေးမှုတွေကို လုပ်ခဲ့တာတွေကို ကြားသိခဲ့ရပါတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ ပြည်တွင်းမှာလဲ Interfaith လှုပ်ရှားမှုတွေ ခပ်စိတ်စိတ်လေး တော်တော်လေး လုပ်တာကို ကျနော်တို့ သတိထားမိတယ်။ တကယ်ပဲ ထိရောက်ရဲ့ လား။
    .
    ဦးအေးလွင် ။ ။ တဖြည်းဖြည်းတော့ ထိရောက်လာမယ်။ အခု ရေတွင်းတူး၊ အခု ရေသောက်ဖို့တော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ Trauma ကြီးက စိတ်ပိုင်းဆိုင်ရာ ခံစားမှုကြီးရယ်၊ ဒဏ်ရာတွေက ကြပ်သွားပေမဲ့လဲ Stigma အမာရွတ်တွေက ကျန်နေသေးတယ်။ ဒါတွေက နှစ်ပေါင်းမြောက်မြားစွာထဲကိုက အထင်အမြင် လွှဲမှားမှုတွေအပေါ်မှာ လူတွေက အသုံးချသွားတာ – Manipulate လုပ်သွားတာ။ အသုံးချပြီးတော့ နိုင်ငံရေးအသုံးချခဲ့တာ။ ၁၉၆၂ ခုနှစ်ကတည်းက ဘာသာတရားကို နိုင်ငံရေးမှာ အသုံးချခဲ့တယ်။ အထူးသဖြင့် Islamophobia မဝင်,ဝင်အောင်လို့ မြန်မာနိုင်ငံရဲ့  ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့  အမျိုးသားရေးအတွက် အကြီးဆုံးသော အန္တရာယ်ဟာ အစ္စလာမ် ဖြစ်ပါတယ်ဆိုတဲ့ ပုံရိပ်လွှာပေါ်အောင် သူတို့က ဒါနဲ့ အသုံးချခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက စနစ်တကျ စီမံကိန်းတွေ ဆွဲပြီးတော့ လုပ်ခဲ့တဲ့အတွက် တော်ရုံတန်ရုံ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်များရဲ့  မသိစိတ်ထဲမှာပင် အစ္စလာမ်ဟာ အန္တရာယ်ကြီးသဖွယ်ဆိုတာကို အခုထက်ထိ ကိန်းဝပ်နေသေးတယ်ဆိုတာကို တွေ့ရတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ အခု အစိုးရသစ်နဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ အခြေအနေတွေ တင်းမာမှုတွေ ကြုံခဲ့တယ်။ အစိုးရသစ် ကြုံလာတဲ့ NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာကော အခြေအနေနဲ့ ပတ်သက်လို့ ဘယ်လို မျှော်လင့်ထားလဲ။ ဘာသာရေး အဓိကရုဏ်းတွေ လျော့ပါးသွားနိုင်လား။ တစုံတရာ တင်းမားမှုတွေ ရှိနိုင်သေးလား။
    .
    ဦးအေးလွင် ။ ။ ကျနော်တို့ ယုံကြည်တာက တစ်အချက်က ဘာလဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီးဟာ ဥပဒေ စိုးမိုးရေးနဲ့ ဘယ်လိုမှ ခွဲခြားလို့ မရဘူး။ နှစ်အချက် ဒီမိုကရေစီဆိုတာနဲ့ လူ့အခွင့်အရေးဆိုတာ ရှိတယ်။ လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတာ ရှိတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ ရှိတယ်။ ကျနော်တို့အနေနဲ့က ဘာမှ တောင်းဆိုစရာလဲ မလိုဘူး။ ကျနော်တို့အနေနဲ့ ဘာမှလဲ အဆိုပြုချက်တွေ လည်း ပြုစရာ မလိုဘူး။ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ မတူကွဲပြားမှုများအပေါ် သည်းခံပြီးတော့ကာ မိမိယုံကြည်ရာကို လွတ်လပ်စွာ ယုံကြည်ခွင့်၊ ကျင့်သုံးခွင့်ကို ပေးရမယ်ဆိုတာဟာ ဒါက ပါပြီသားပဲ။ အဲဒါအပြင်ကို အများကြီး ပြင်ဆင်ရန် ကျန်နေသေးတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေသည်ပင် ဘာသာလူမျိုးကို အကြောင်းပြု၍၊ လိင်ကို အကြောင်းပြု၍ ခွဲခြားမှု လုံးဝမရှိစေရဆိုတဲ့ ဥပဒေကြီးက ရှိပြီသား။ အဲဒါ အသက်ဝင်လာဖို့ပဲ လိုတယ်။ အဲဒီတော့ လက်ရှိ အစိုးရသစ်ဟာ အဲဒီ တည်ဆဲဥပဒေကိုပဲ Will လုပ်ချင်တဲ့ဆန္ဒ အပြည့်အဝ၊ စေတနာပြဌာန်းမှု အပြည့်အဝနဲ့ ဒါကို အကောင်အထည်ဖော်မယ်ဆိုရင် မူစလင်တွေဘက်က ဘာမှတောင် တောင်းဆိုနေစရာ မလိုဘူး။ သူတို့ရဲ့  ရသင့်ရထိုက်သော မွေးရာပါ လူ့အခွင့်အရေးတွေက တခါထဲ တထပ်တည်း ကပ်ပါလာမယ်လို့ ဒီလို မျှော်လင့်နေပါတယ်။ ယုံကြည်နေတယ်။ စောင့်ဆိုင်းနေတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ ဒါပေမဲ့ NLD အစိုးရက သူတို့ မဲဆွယ်စည်းရုံးရေးကာလနဲ့ အခုတောက်လျှောက်လည်း ပြောနေပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အာမခံတယ်။ တရားဥပဒေ စိုးမိုးရေး ဖြစ်စေရမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ NLD အစိုးရမှာ တာဝန်ယူနေတဲ့ သာသနာရေးဝန်ကြီး ဦးအောင်ကို တလောက ပြောသွားတဲ့အထဲမှာ ပါပါတယ်။ သူသုံးနှုန်းသွားတဲ့ ဧည့်နိုင်ငံသားနဲ့ ပတ်သက်ပြီး မကျေမနပ်သံတွေ ကြားပါတယ်။ ဒီအခြေအနေအပေါ် ဘယ်လို ယူဆပါသလဲ။
    .
    ဦးအေးလွင် ။ ။ အဲဒါ ကျနော် အခုနပြောတဲ့ စကားနဲ့ ဆက်စပ်ပြောဆိုရမယ်ဆိုရင် မြန်မာမျိုးချစ် အမျိုးသားရေးဝါဒီကြီးများရဲ့  နှလုံးသည်းပွတ်ထဲမှာက ကိုယ်နဲ့မတူတဲ့ လူတွေအပေါ်မှာ သံသယရှိတယ်ဆိုတာ အမျိုးသားရေးဝါဒတိုင်းမှာ ဒီလို ရှိတယ်လေ။ သို့သော်လဲပဲ တချို့ တချို့ သော အမျိုးသားရေးဝါဒီ – ဥပမာ ဗိုလ်ချုပ်အောင်ဆန်း လို အမျိုးသားရေးဝါဒီ က ကိုယ်နဲ့မတူတဲ့ လူတွေအပေါ်မှာ သဘောထားကြီးကြီးနဲ့ ကြိုဆိုထွေးပိုက်ခြင်းဟာ မိမိအမျိုးသားရေးရဲ့  ဂုဏ်သရပ်ကို မြင့်မားစေတယ်လို့ ခံယူထားတဲ့ အမျိုးသားရေးဝါဒီကြီးတွေ ရှိတယ်။ အဲဒါလေးက ကြိုဆိုဖို့ပါ။ အဲဒီတော့ ဧည့်သည်၊ အိမ်ရှင်ဆိုတဲ့ ပြဿနာဟာ ဗုဒ္ဓတရားတော်အရ ကြည့်မယ်ဆိုရင်လဲ ဒါ အင်မတန်ကို အပ်စပ်မှု မရှိဘူး။ ဗုဒ္ဓတရားဟာ ပုဂ္ဂိုလ်သတ္တဝါ လူနတ်ဗြမ္မာဆိုတာ မရှိဘဲနဲ့ ရုပ်နဲ့နာမ်ကိုပဲ ရှုရမယ်လို့ ပြောထားပြီးတော့ ခွဲခြားမှုဆိုတာကိုလည်း လုံးဝလက်မခံတဲ့ ဗုဒ္ဓရဲ့ တရားတော်မှာ ဒီခွဲခြားမှု၊ ခွဲခြားတဲ့ အမြင်လေးတွေ မြင်နေခြင်းသည် ဗုဒ္ဓတရားတော်ဟာ အမျိုးသားရေးအပေါ်မှာ သိပ်မလွှမ်းမိုးသေးဘူးလို့ အဲဒီလို မြင်တယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ် ဒီစကားတွေ ပြောသွားတာ။
    .
    ကိုသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အခုန ဦးအေးလွင် ပြောသွားတဲ့အထဲမှာလဲ ပါပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အများစု ဖြစ်နေတယ်။ တချို့ ဗုဒ္ဓဘာသာဝင်တွေ၊ ဆရာတော်တွေရဲ့  စိုးရိမ်ချက်ကလဲ အခုန ဦးအေးလွင် ပြောသွားတဲ့အထဲမှာ ပါတယ်။ မူစလင်ဘာသာ လွှမ်းမိုးသွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ကျနော် သတိထားမိတာ တွေ့ရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဦးအေးလွင် ဘာများ မှတ်ချက်ပေးချင်ပါလဲ။
    .
    ဦးအေးလွင် ။ ။ ကျနော် ကြုံတိုင်းမှာ ပြောတယ်။ ဘာသာတရားကို လေ့လာချင်ရင် သူ့ရဲ့  ကျမ်းတွေကို သိရမယ်။ ဗုဒ္ဓတရားတော်ဆိုရင် ပိဋကတ်တော်မှာ ဘယ်လို ပြောထားလဲ။ ဗုဒ္ဓရဲ့  ဝါစက က ဘယ်လို ပြောထားလဲ။ Authentic Sources တွေကို ပြောဖို့လိုတယ်။ အစ္စလာမ်မှာက ကိုရန်မှာ ပြတ်ပြတ်သားသား ပြောတယ်။ အားလုံးကို ငါ အယူတခုတည်းဖြစ်အောင် ငါ လုပ်နိုင်တယ်။ ဘယ်သူက ပြောလဲဆိုတော့ အလ္လာရှင်မြတ်ဆိုတဲ့ ဖန်ဆင်းရှင်။ သို့သော် ငါ မလုပ်ဘူး။ အဲဒီ မတူကွဲပြားမှုကို ကျနော်တို့ အလ္လာရှင်မြတ်ရဲ့  စီမံကိန်းမှာကို မှားနေတယ်။ ဘာကြောင့် မလုပ်လဲဆိုတော့ ကောင်းမှုကောင်းရာတွေမှာ ပြိုင်ကြဆိုင်ကြဖို့အတွက် ဖြစ်တယ်။ အားလုံးကို အယူတခုတည်းဖြစ်အောင် ငါ လုပ်နိုင်တယ်ဆိုတာ အကြိမ်ကြိမ် ပြောထားတယ်။ သို့သော် ငါ မလုပ်ပါဘူး။ လွတ်လပ်စွာ ရွေးချယ်ရမယ်။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ ပြပြီးပြီ။ မိမိဟာ လွတ်လပ်စွာ ရွေးချယ်ပြီးတော့ မိမိရဲ့  ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ အမှန်တရားကို လိုက်နာရမယ်ဆိုတဲ့အတွက် သာသနာပြုခြင်းဆိုတဲ့ အယူအဆတောင်မှ အစ္စလာမ်မှာ မရှိဘူး။ မိမိကနေ အမှန်တရားကို ရွေးချယ်လိုက်ပြီဆိုရင် မိမိက လွတ်လပ်သော ဆန္ဒဖြစ် ဒါကို လိုက်နာကျင့်သုံးလို့ ရတယ်။ အကြမ်းဖက်သောနည်းဖြင့်သော် လည်းကောင်း၊ သွယ်ဝိုက်သော နည်းဖြင့် မြူဆွယ်ဖြားယောင်ပြီးတော့ လောကီလာဘ်လဘပေးပြီး လည်းကောင်း သာသနာကြီးထွားအောင် လုပ်ဖို့ဆိုတာ အစ္စလာမ်မှာ လုံးဝမရှိဘူး။ ဒါကြောင့် အိမ်ထောင်ပြုပြီး သာသနာပြုတယ် ဆိုတာလဲ လုံးဝမဟုတ်ဘူး။ အကြမ်းဖက်ပြီးတော့ သာသနာပြုတယ်ဆိုတာလဲ မဟုတ်ပါဘူး။ စီးပွားရေးအရ သာသနာပြုတယ်ဆိုတာလဲ လုံးဝမဟုတ်ပါဘူး။ ကာယကံရှင် ကြည်ဖြူမှု မရှိဘဲနဲ့ ဒီသာသနာဟာ ..
    .
    ကိုသားညွှန့်ဦး ။ ။ အခုန ကျနော် ပြောသလို ဘာသာတိုင်း၊ အယူအဆတိုင်းမှာ အစွန်းရောက်တွေ ရှိနေတယ်ဆိုတော့၊ အစွန်းရောက်တွေနဲ့ ပတ်သက်လို့ကော၊ ဗမာပြည်မှာလည်း ရှိမှာကြုံမှာပါ။ မူစလင်ထဲမှာလည်း အစွန်းရောက် ရှိမှာပေါ့။ ဒါနဲ့ ပတ်သက်လို့ကော ဘယ်လိုများ ကိုင်တွယ်မှုရှိလဲ။
    .
    ဦးအေးလွင် ။ ။ ကျနော်တို့က အခု ဘာပြောနေလဲဆိုရင် ဘာသာပေါင်းစုံ စကားတွေ ပြောတာထက် မပြောခင်မှာ Interfaith ခေါ်တဲ့ ဘာသာဝင်အချင်းချင်း ဆွေးနွေးကြရမယ်။ တယောက်ကိုတယောက် သတိပေး နှိုးဆော်ကြရမယ်။ ဒို့သာသနာရဲ့  တရားတွေကို ပြန်စမ်းစစ်ကြရအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့ နှစ်လလောက်က Morocco မှာ အဲဒီလို အစည်းအဝေးတခု ဖြစ်တယ်။ အဲဒါ ဘာလဲဆိုရင် မဒီနာမြို့ မှာ မဟာတမန်တော်မြတ်က မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဆွဲလိုက်တယ်။ Medina Charter လို့ ခေါ်တယ်။ ကိုယ်နဲ့ အယူမတူတဲ့လူတွေ၊ လူမျိုးခြား၊ ဘာသာခြားတွေကို အစ္စလာမ်ရဲ့  နယ်မြေအောက်မှာ ဘယ်လို အပြည့်အဝ လူ့အခွင့်အရေး ပေးပြီးတော့ တန်းတူရည်တူ၊ နိုင်ငံသား အပြည့်အဝအဖြစ် ကိုယ်လိုချင်တဲ့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးတယ်ဆိုတဲ့ Charter ကြီး။ တခါတည်း မူရင်းစာချုပ်လည်း ရှိတယ်။ လက်မှတ်တွေ ထိုးထားတာတွေလည်း ရှိတယ်။ အဲဒါတွေကို ကိုယ့်လူတွေကို ကိုယ်သိအောင်ဆိုပြီးတော့ Morocco မှာ Marrakesh မှာ ဒီအစည်းအဝေးကြီး လုပ်ပြီးတော့ ကမ္ဘာ့အစ္စလာမ်ဘာသာ ပညာရှင်တွေ အားလုံးကို ဖိတ်ပြီးတော့ ဒါကိုပြန်ပြီးတော့ အသက်သွင်းမယ်။ ဒါတွေကို သဘောပေါက်အောင် လုပ်ရမယ်။ ငါနဲ့မတူ ငါ့ရန်သူ ဆိုတာ ဒို့အစ္စလာမ်မှာ မရှိဘူး။ သို့သော် တချို့ က ဒီသဘောထားတွေ ရှိလိမ့်မယ်။ ဒါတွေ မှားတယ်ဆိုတာကို ပြအောင် အချင်းချင်း ပြန်ပြီးတော့ သတိပေးလှုံဆော်မှုတွေ လုပ်နေပါတယ်။ ဗမာပြည်မှာလည်း လုပ်နေပါတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ ဦးအေးလွင် အခုလို ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
    .
    ဦးအေးလွင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။
    http://burmese.voanews.com/content/burma-democracy-forum-interview-with-alhaj-uayelwin/3321329.html