မေ ၁၄၊ ၂၀၁၆
M-Media
– ဂျာမနီနိုင်ငံရှိ Baden-Wuerttemberg ပြည်နယ် လွှတ်တော်ဥက္ကဌနေရာအတွက် မွတ်စလင်အမျိုးသမီးတစ်ဦး ပထမဆုံး ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။
Green ပါတီမှ အသက် ၅၀ အရွယ်ရှိ မူဟ်သီရမ် အေရက်စ်ဖြစ်ပြီး သူမကမူ မိမိအား ထိုကဲ့သို့ ရွေးချယ်မှုမှာ နိုင်ငံအတွက် သမိုင်းဝင်ခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အေရက်စ်မှာ ပြောင်းရွှေ့အခြေချသူဆန့်ကျင်ရေး ပါတီဝင်တစ်ဦးထံမှ လွှတ်တော် ဥက္ကဌနေရာကို ဗုဒ္ဓဟူးနေ့တွင် လွှဲပြောင်းရယူခဲ့သည်။
“ဒီနေ့ ကျွန်မတို့ သမိုင်းသစ် ရေးထိုးခဲ့ပါပြီ” ဟု အေရက်ဇ်က အမတ်အများစု၏ ထောက်ခံမှုဖြင့် ရွေးချယ်ခံရပြီးနောက် ပြောကြားခဲ့သည်။ ထို့ပြင် သူမ၏ ထိုအောင်ပွဲမှာ ပွင့်လင်းမှု၊ သည်းခံမှုနှင့် အောင်မြင်သော ပူးပေါင်းပါဝင်မှု သတင်းစကားဖြစ်သည်ဟုလည်း ဆိုသည်။
အေရက်ဇ်မှာ တူရကီတွင် မွေးဖွားခဲ့သူဖြစ်ပြီး ကလေးဘ၀ကတည်းက စတုဂတ်မြို့အနီးရှိ မြို့ငယ်လေးသို့ မိသားစုဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် စီးပွားရေးပညာရပ်ကို လေ့လာခဲ့ကာ အခွန်ဆိုင်ရာ အကြံပေးလုပ်ငန်းတစ်ခုကို ဖွင့်လှစ်ထားသည်။
သူမ၏ နိုင်ငံရေးသမားဘ၀မှာ ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး Green ပါတီဝင်အဖြစ် မြိုနယ်ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပါတီ၏ မြို့နယ်ဆိုင်ရာ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပြီး Baden-Wuerttemberg ပြည်နယ်လွှတ်တော်တွင် ကိုယ်စားပြုခွင့် ရရှိခဲ့သည်။
Ref: Independent


Leave a Reply
You must be logged in to post a comment.