News @ M-Media
Blog
  • IS ၏ နှိပ်စက်သောင်းကျန်းမှုများမှာ တမန်တော်မုဟမ္မဒ်သခင်၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေကြောင်း သုတေသနတစ်ရပ်က ဖော်ပြ
    IS ၏ နှိပ်စက်သောင်းကျန်းမှုများမှာ တမန်တော်မုဟမ္မဒ်သခင်၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေကြောင်း သုတေသနတစ်ရပ်က ဖော်ပြ
    မေ ၁၊ ၂၀၁၆
    M-Media
    prophet
    – Islamic State အစ္စလာမ့်နယ်ပယ်ဟု အမည်ခံထားသော ဒေသတွင်း၌ ခရစ်ယာန်တို့အား ညှင်းပန်းနှိပ်စက်နေမှုများမှာ တမန်တော်မုဟမ္မဒ်သခင်၏ ရေးသားချက်များနှင့် ကိုက်ညီမှုမရှိကြောင်း သုတေသနတစ်ရပ်က ဖော်ပြလိုက်သည်။
    အေဒီ ၆၂၂ နှင့် ၆၃၂ အကြား မုဟမ္မဒ်သခင်၏ လုပ်ဆောင်ချက်များအပေါ် ထဲထဲဝင်ဝင် လေ့လာချက်တစ်ရပ်က အွမ္မဟ်(လူ့အဖွဲ့အစည်း)အတွင်း အတူတစ်ကွနေထိုင်ကြသည့် ခရစ်ယာန်များမှာ ကာကွယ်စောင့်ရှောက်မှုရရှိခဲ့သည်ဟု ဖော်ပြလျက်ရှိနေသည်။
    သုတေသနစာတမ်းရှင် ဒေါက်တာ Craig Considine က “တမန်တော် ရည်မှန်းသည့် မွတ်စ်လင်မ်တိုင်းပြည်ဟူသည် ဘာသာရေးသင့်မြတ်မှုနှင့် ပြည်သူ့အခွင့်အရေးအပြည့်အ၀ရှိသော တိုင်းနိုင်ငံသာဖြစ်သည်” ဟု သုံးသပ်ထောက်ပြထား၏။
    “သုတေသနပြုချက်အရ ထင်ထင်ရှားရှားတွေ့ရတာကတော့ လက်ရှိခေတ်ပေါ် IS တွေက ခရစ်ယာန်တွေကို ခွဲခြားဆက်ဆံ မတရားပြုမူနေခြင်းဟာ တမန်တော်မုဟမ္မဒ်ရဲ့ ပဋိညာဉ်ပြုထားချက်နဲ့ အလျဉ်းကိုက်ညီအံဝင်မှု ရှိမနေဘူးဆိုတာပါပဲ” ဟူ၍ သူက ဆိုသည်။
    ပြန်လည်ရှာဖွေတွေ့ရှိလိုက်သည့် ဤအထောက်အထားများသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖြေလျော့မှု ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထိုအချက်အလက်များမှာ အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံကြောက်ရောဂါ နှင့် အစ္စလာမ့်လောကထဲမှ အစွန်းရောက်ရောဂါအတွက် ကုစားချက်တစ်မျိုးဖြစ်လာနိုင်ကြောင်း တက္ကဆက်ပြည်နယ် Rice University မှ Dr Considine က ယုံကြည်ထား၏။
    “သူ့ရဲ့(တမန်တော်ရဲ့) သတင်းစကားမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်းတွေ ကွန့်မြူးဖြာထွက်လျက် ရှိပါတယ်။ ဒါဟာ အမေရိကန်လူ့အဖွဲ့အစည်းသာမက ကမ္ဘာလောကတစ်ခုလုံး ထာဝစဉ်လိုအပ်နေတဲ့အရာဖြစ်တယ်”။
    ခရစ်ယာန်လူငယ်ပညာရှင် ဒေါက်တာ ခရိတ် ကွန်စီဒိုင်း၏အဆိုအရ ယင်းသို့အထောက်အထားများမှာ ကမ္ဘာတစ်ဝှမ်း ဘာသာရေးကျောင်းများ၊ ဋ္ဌာနများတွင် တည်ရှိနေပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ရာစုနှစ်များစွာ ပုံနှိပ်ထုတ်ဝေနိုင်ခြင်းနှင့် ဘာသာပြန်ဆို၍ လူထုပရိသတ်သိရှိစေအောင် မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူက ဤသို့ မှတ်ချက်ပြုလိုက်ပါသည်။
    “အီရတ်နဲ့ ဆီးရီးယားလို နေရာဒေသများမှာ ခရစ်ယာန်တွေအပေါ် အကြီးအကျယ် အကြမ်းဖက်မှုတွေ ဖြစ်လာတာကြောင့် လက်ရှိအချိန်အခါမှာတော့ ပညာရှင်တွေ၊ အမှန်ယုံကြည်သူတွေက အဲ့ဒီအရာများဖက်ကို ပြန်လှည့်လာကြပါပြီ။ တမန်တော်မုဟမ္မဒ်က ခရစ်ယာန်တွေအပေါ် ဒုက္ခ၀န်ထုပ် ဖြစ်လာမှာကို မလိုလားခဲ့ပါဘူး။ ဒါ့အပြင် ၀င်ရောက်စွက်ဖက်ခြင်း၊ သူတစ်ပါးရဲ့အတွင်းရေးကို ကျူးကျော်ခြင်း၊ ပုဂ္ဂလပိုင်ဆိုင်မှုကို လက်ဝါးကြီးအုပ်ခြင်း အလျဉ်းမရှိခဲ့ပါဘူး။ လက်ရှိသောင်းကျန်းနေတဲ့အုပ်စုဟာ သက်ဆိုင်ရာလူမျိုးနွယ် သို့မဟုတ် နောက်ခံယဉ်ကျေးမှုပေါ်မူတည်ပြီး ပြည်သူတွေကို တန်ဖိုးမထား ပြုမူလုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ သုံးသပ်မိပါတယ်”
    Ref : The Independent
  • နေရောင်ခြည်စွမ်းအင်သုံး Solar Impulse လေယာဉ် အောင်မြင်စွာ ကမ္ဘာပတ်နိုင်
    နေရောင်ခြည်စွမ်းအင်သုံး Solar Impulse လေယာဉ် အောင်မြင်စွာ ကမ္ဘာပတ်နိုင်
    မေ ၁၊ ၂၀၁၆
    M-Media
    solar
    – နေရောင်ခြည်စွမ်းအင်သုံး Solar Impulse လေယာဉ်ဟာ ဟာဝိုင်ယီကျွန်းကနေ ပစိဖိတ်သမုဒ္ဒရာပေါ် သုံးရက်တာပျံသန်းပြီးတဲ့နောက် ကယ်လီဖိုးနီးယားပြည်နယ် ဆီလီကွန်တောင်ကြားမှာ ယမန်နေ့က ဆင်းသက်ခဲ့ကာ ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာတစ်ပတ် ပျံသန်းမှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
    “ပစိဖိတ်သမုဒ္ဒရာကိုတော့ ဖြတ်နိုင်ခဲ့ပြီ” လို့ မဆင်းသက်ခင်မှာ လေယာဉ်မှူး ဘာထရန် ပစ်ကာ့ဒ်က ကြေငြာခဲ့ပြီး လေပြင်းတွေတိုက်ခတ်မှုကြောင့် ဆင်းသက်မှု အနည်းငယ် နောက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လမှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က စတင်ခဲ့တဲ့ Solar Impulse ရဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ်ကို လေယာဉ်မှူးတွေဖြစ်ကြတဲ့ ပစ်ကာ့ဒ်နဲ့ အန်ဒရီ ဘော့ခ်ျဘာ့ဂ်တို့က တစ်လှည့်စီ မောင်းနှင်ခဲ့တာဖြစ်ပါတယ်။
    ကမ္ဘာတစ်ပတ်ပျံသန်းမှုရဲ့ အခုနောက်ဆုံးအပိုင်းဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းမှုမှာ အရေးပေါ် ဆင်းသက်စရာနေရာ မရှိတဲ့အတွက် အန္တရာယ်များဆုံးခရီးစဉ် ဖြစ်ခဲ့ပါတယ်။ လေယာဉ်ဆင်းသက်ပြီး လေယာဉ်မှူး ပစ်ကာ့ဒ် ထွက်လာတဲ့အခါမှာတော့ ဘော့ခ်ျဘာ့ဂ်က ဖက်လှဲတကင်းနဲ့ ခရီးဦးကြို ပြုခဲ့ပါတယ်။
    “ဒီလိုတွေ့ကြုံခံစားနိုင်ခဲ့တဲ့ ဒီဘ၀ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ကျွန်တော်ရရှိခဲ့သမျှအတွေ့အကြုံတွေထဲမှာ ဒီတစ်ခုဟာ အထူးခြားဆုံးပါပဲ” လို့ လေယာဉ်မှူး ပစ်ကာ့ဒ်က ၎င်းရဲ့ခံစားချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
    Solar Impulse လေယာဉ်ဟာ နေရောင်ခြည်စွမ်းအင်ကို ရာနှုန်းပြည့်အသုံးပြုကာ ကမ္ဘာတစ်ပတ်ပျံသန်းတဲ့ ပထမဆုံး လေယာဉ်ဖြစ်ပြီး၊ နေ့ခင်းဘက်မှာ ဆိုလာပြားတွေက ရတဲ့စွမ်းအင်နဲ့ တိုက်ရိုက် မောင်းနှင်တာဖြစ်ကာ တစ်ချိန်တည်းမှာပဲ ဘက်ထရီတွေကို အားဖြည့်ပေးပါတယ်။ ညဘက်မှတော့ အားသွင်းထားတဲ့ ဘက်ထရီကို အသုံးပြုပြီး မောင်းနှင်တာဖြစ်ပါတယ်။
    ပစ်ကာ့ဒ်က ဒီ နေရောင်ခြည်စွမ်းအင်အသုံးပြုတဲ့ လေယာဉ်တွေဟာ နောက်ထပ် အနှစ် ၅၀ အတွင်းမှာ လူ ၅၀ လောက်ကို ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
    Ref : BBC
  • လေကြောင်း ထိပ်တိုက်တွေ့မှုအတွက် ရုရှားက အမေရိကန်ကို စိန်ခေါ်
    လေကြောင်း ထိပ်တိုက်တွေ့မှုအတွက် ရုရှားက အမေရိကန်ကို စိန်ခေါ်
    မေ ၁၊ ၂၀၁၆
    M-Media
    jet
    – ဘောလ်တစ်ပင်လယ်ပြင်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် ထောက်လှမ်းရေးလေယာဉ်ကို မိမိတို့ ထိပ်တိုက် ရင်ဆိုင်ခဲ့တာဟာ မှန်ကန်တယ်လို့ ရုရှားက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
    ယခုတစ်ပတ်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ရုရှားတိုက်လေယာဉ်ဟာ အမေရိကန်ရဲ့ အဲဒီ ထောက်လှမ်းရေးလေယာဉ်အပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်ပျံဝဲခဲ့တာဖြစ်ပြီး ပင်တဂွန်ကတော့ ဒီလုပ်ရပ်ဟာ အန္တရာယ်ရှိပြီး ကျင့်ဝတ်ဖောက်ဖျက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ရုရှားက အမေရိကန်လေယာဉ်ဟာ ဘယ်သူဘယ်ဝါလဲဆိုတာ သိရှိဖို့ အချက်ပြစနစ်ကို ပိတ်ထားခဲ့တာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ ရုရှားတိုက်လေယာဉ်တွေ ဘောလ်တစ်ပင်လယ်ထဲမှာ ထိပ်တိုက်တွေ့ဆုံမှုဟာ ဒီတစ်ကြိမ်ဆို ဒီလအတွင်း ၂ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။
    အမေရိကန်ကတော့ ရုရှားတိုက်လေယာဉ်တွေရဲ့ ပျံသန်းမှုဟာ ရန်လိုတဲ့အနေအထား ရှိနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ရုရှားဘက်ကတော့ သူတို့ရဲ့လုပ်ရပ်တွေဟာ မှတ်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ရုရှားပိုင် လေယာဉ်အားလုံးရဲ့ပျံသန်းမှုဟာ လေကြောင်းအသုံးပြုမှုဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့
    ကိုက်ညီပါတယ်။ အမေရိကန်လေတပ်မှာ လုပ်ရမှာ နှစ်ခုပဲရှိပါတယ်၊ တစ်ခုက ကျွန်တော်တို့နယ်စပ်အနီးတစ်ဝိုက်မှာ မပျံသန်းဖို့နဲ့ နောက်တစ်ခုက ဘယ်သူဘယ်ဝါလဲဆိုတာ သိနိုင်ဖို့အတွက် ရေဒီယိုအချက်ပြစနစ် ဖွင့်ထားပေးဖို့ပါပဲ”” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
    နောက်ပြီး အမေရိကန်တိုက်လေယာဉ်တွေဟာ ရေဒီယိုအချက်ပြစနစ်ကိုပိတ်ပြီး ရုရှားနယ်စပ်နားချဉ်းကပ်ဖို့ အမြဲလိုလိုကြိုးစားလေ့ရှိတယ်လို့လည်း ရုရှားက ပြောကြားခဲ့ပါတယ်။ အမေရိကန်တိုက်လေယာဉ်တွေနဲ့ ရုရှားတိုက်လေယာဉ်တွေ ထိပ်တိုက်တွေ့ဆုံမှုဟာ ပြီးခဲ့ ၁၈ လအတွင်း ဘောလ်တစ်ပင်လယ်နဲ့ ယူကေရေပိုင်နက်အနီးတွေမှာလည်း ထပ်ခါတလဲလဲ ဖြစ်ပေါ်ခဲ့ပါတယ်။
    Ref: BBC
  • သမိုင်းသစ်ရေးထိုးရေး ထပ်စောင့်ရအုံးမယ့် လက်စတာ
    သမိုင်းသစ်ရေးထိုးရေး ထပ်စောင့်ရအုံးမယ့် လက်စတာ
    မေ ၁၊ ၂၀၁၆
    M-Media
    les 2
    – ဒုတိနေရာက စပါးကို ၇ မှတ်ဖြထားတဲ့ လက်စတာတို့ ဒီနေ့ပွဲမှာ မန်ယူကိုအနိုင်ရရင် အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်မှာဖြစ်ပေမယ့် အခွင့်အရေးကို အရမယူနိုင်ခဲ့ပါဘူး။
    အိုးထရက်ဖို့ဒ်မှာ မာရှယ်ရဲ့ ၈ မိနစ်ဦးဆောင်ဂိုးကို လက်စတာတို့ ၉ မိနစ်အကြာမှာ ပြန်လည်ချေပနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကို ထပ်မရတာကြောင့် မနက်ဖြန်မှာကစားမယ့် ချယ်ဆီးနဲ့ စပါးတို့ရဲ့ရလဒ်ကိုစောင့်ပြီး ချန်ပီယံဖြစ်ရေး ရင်ခုန်ရတော့မှာပါ။
    တကယ်လို့ စပါးက သရေ၊ ဒါမှမဟုတ် ရှုံးသွားရင် လက်စတာတို့ ချန်ပီယံဖြစ်မှာဖြစ်ပြီး ချယ်ဆီးအနိုင်ရမယ်ဆိုရင်တော့ လာမယ့်တစ်ပတ် အဲဗာတန်နဲ့ပွဲမှာ လက်စတာက အနိုင်ကစားရမှာ ဖြစ်ပါတယ်။
  • စီစစ်ရမည့် ဆင်းမ်ကဒ်ရောင်းချမှုနှင့် သတိထားရမည့် အွန်လိုင်းရာဇ၀တ်မှုများ
    စီစစ်ရမည့် ဆင်းမ်ကဒ်ရောင်းချမှုနှင့် သတိထားရမည့် အွန်လိုင်းရာဇ၀တ်မှုများ
    မေ ၁၊ ၂၀၁၆
    M-Media
    (ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်) – ရေးသားသည်။)
    sim
    – ယနေ့ကမ္ဘာကြီးဟာ ရွာပုံစံဖြစ်သွားရတာဟာ၊ ဆက်သွယ်ရေးနည်းပညာ အံ့မခန်းတိုးတက်မှုကြောင့်ပါပဲ။ on-line-internet ဆက်သွယ်ရေးနည်းပညာတွေ ပေါ်လာတယ်။ အဲဒီကနေ on-line-media တွေ ခေတ်စားလာတယ်။ ယနေ့ကမ္ဘာပေါ်မှာ လူမှုဆက်သွယ်ရေး on-line-media တွေအများကြီးရှိတဲ့အနက် ဂျာမနီလူမျိုး အမေရိကန်နိုင်ငံသား မားခ် ဇူကာဘာ့ဂ် ထူထောင်ခဲ့တဲ့ Facebook လူမှုရေးကွန်ရက် သုံးစွဲသူပေါင်းဟာ၊ သန်း၂၀၀၀ကျော်အထိ ကမ္ဘာအနှံ့ ပြန့်နှံ့ရောက်ရှိခဲ့ပါတယ်။ Facebook နောက်ကလိုက်နေတဲ့ လူမှုရေးကွန်ရက်တွေကတော့၊ Twitter, Viber, Skype, we-chat, Line, Tango နှင့် Messenger တို့ပဲဖြစ်ပါတယ်။ ဒီလူမှုရေးကွန်ရက်တွေကို Internet သို့မဟုတ် Wifi အကူအညီတွေရယူပြီး၊ တစ်ဦးနှင့်တစ်ဦး စာရေးသားဆက်သွယ်ပြောဆိုရာမှာ အလွန်တွင်ကျယ်လှပါတယ်။
    စာရေးသူတို့ မြန်မာနိုင်ငံမှာ အခုလိုလူမှုရေးကွန်ရက် on-line-media တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ ၀န်ဆောင်မှုပေးနေတဲ့ ပြည်ပကုပ္မဏီကြီး၂ ခု Telenor, Ooredoo နှင့် ပြည်တွင်းကုမ္ပဏီကြီးတစ်ခု MPT တို့ရှိနေပါတယ်။ အဲဒီဆက်သွယ်ရေးကုပ္မဏီကြီး ၃ ခု စလုံးဟာ၊ သူတို့ရဲ့ SIMCARD တွေကို၊ အပြိုင်အဆိုင် ရောင်းချနေကြတာဟာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကမ္ဘာမှာ မရှိတဲ့၊ အရောင်းဈေးကွက်တစ်ခုပါ။ ပမာပြရလျှင် မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီး၊ ပြကြီး၊ အများသူငှာသွားလာနေတဲ့၊ လမ်းဘေးလူစည်ကားရာနေရာတွေမှာ၊ ဘန်းကိုယ်စီလေးတွေနဲ့ Telenor, Ooredoo နှင့် MPT mobile simcard တွေရောင်းချနေတာ တွေ့ရမှာပါ။ နိုင်ငံသားမှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စဉ်၊ နိုင်ငံကူးလက်မှတ် စတဲ့ သက်သေခံ စာရွက်စာတမ်းတို့ ပေးစရာမလို၊ ပြစရာမလိုဘဲ simcard တစ်ကဒ်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ကြိုက်သလောက်ဝယ်ယူနိုင်ခြင်းပင် ဖြစ်ပါတယ်။
    ဒါကြောင့်လည်း ရာဇ၀တ်မှုကျူးလွန်သူတစ်ယောက် ကျကျန်ခဲ့တဲ့ mobile phone တစ်ခုကို ခြေရာခံပြီး၊ simcard ပိုင်ရှင် ရာဇ၀တ်သားကို ရှာဖွေဖော်ထုတ်ဖမ်းဆီးဖို့ရရန် သက်ဆိုင်ရာဆက်သွယ်ရေးကုပ္မဏီကြီးများက အကူအညီပေးနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ သက်သေခံ စာရွက်စာတမ်း၊ အထောက်အထားမပါဘဲ simcard များကို ရောင်းချခဲ့သောကြောင့် ဖြစ်ပါသည်။
    ကိုယ်တိုင်ကြုံတွေ့ရသော on-line-media အတွေ့အကြုံလေးတစ်ခုကို တင်ပြပါ့မယ်။ မကြာခင်ရက်ပိုင်းလေးကဖြစ်တာပါ။ ဖုန်းသရဲတစ်ယောက်ဟာ Telenor simcard ကိုသုံးကာ၊ ကျွန်တော်တူမလေးအား ဖုန်းဆက်လာပါတယ်။ Contact List စာရင်းတွင်မပါ၍ ဖုန်းမှားနေကြောင်း တူမလေးကပြောဆိုပြီး ဖုန်းကိုချလိုက်ပါတယ်။ ဖုန်းသရဲက ဒုတိယအကြိမ် ဖုန်းဆက်ပြန်သည်။ အကြောင်းမဲ့ကိစ္စဖြစ်၍ ဖုန်းမှားနေကြောင်းပြောပြီး ဖုန်းကိုပြန်ချခဲ့ပါတယ်။ နာရီဝက်လောက်အကြာမှာ အခြား Telenor simcard တစ်ခုဖြင့် တတိယ
    အကြိမ်ဖုန်းပြန်ခေါ်ပါတယ်။ အကြောင်းမဲ့သက်သက်ဖြစ်ပါတယ်။ ဖုန်းသရဲမှန်း ပေါ်လွင်သွားမှန်းသိ၍ ထိုနံပါတ်ဖြင့် ခေါ်သောဖုန်းတို့ကိုမကိုင်တော့ပါ။ ထိုအခါ ဖုန်းသရဲ on-line မုဆိုးသည် တူမလေးရဲ့ Viber ထဲသို့ နားမခံသာ ညစ်ညမ်းစကားလုံးများ၊ ညစ်ညမ်းဓာတ်ပုံများကို ဆက်တိုက်ဆိုသလို ပို့နေတော့သည်။ ဒီဖြစ်စဉ်ကို အိမ်သားများက စာရေးသူအားပြောပြလေသည်။
    အိမ်သားများကို စာရေးသူက simcard အသစ်တစ်ခုလှဲထည့်ခိုင်းလိုက်သည်။ ထို့နောက် Telenor Customer Service ထံ on-line မုဆိုးဖုန်းသရဲရဲ့ Viber ကနေ ပြောဆိုသည့် ညစ်ညမ်းစကားများ၊ ဓာတ်ပုံများကို screen shot များရိုက်၍ Telenor ဆက်သွယ်ရေးတာ
    ဒီလိုကိစ္စရပ်များကို နေ့စဉ်ဆိုသလို နေရာအနှံ့ ဖြစ်ပေါ်နေရခြင်းဟာ၊ စာရွက်စာတမ်း၊ သက်သေခံမပါဘဲ၊ ပရမ်းပတာရောင်းချနေသော လမ်းဘေး simcard အရောင်းဈေးကွက်များကြောင့် ဖြစ်ပါတယ်။
    ဒါကြောင့် on-line-media သုံးနေကြတဲ့ မိန်းကလေးများအနေနဲ့ မိမိတို့ရဲ့ ဖုန်းနံပါတ်များကို ကိုယ်မသိတဲ့ သူစိမ်းအမျိုးသားများထံ မပေးမိဖို့ လိုပေလိမ့်မယ်။ on-line-media တွင် မသိတဲ့အမျိုးသားများနှင့် မိတ်ဆွေအလွယ်တကူ မဖွဲ့မိဖို့ အရေးကြီးပါတယ်။ အယုံမလွယ်ဖို့ လိုပါတယ်။ “သူ့ကိုယုံလျှင်၊ သူ့ကျွန်ဖြစ်မယ်” ဆိုတဲ့ ရှေးစကားကို ရင်ဝယ်ပိုက်ဖို့ လိုပါလိမ့်မယ်။
    on-line-media တွင် အမည်အတု၊ ဓာတ်ပုံအတု တို့ဖြင့်လည်းကောင်း၊ အမျိုးသမီးအမည်ဟန်ဆောင်၍ မိမိရဲ့ လျို့ဝှက်အပ်တဲ့၊ ကိုယ်ရေးကိုယ်တာများကို မေးပြီး screen shot ရိုက်ပြီး ငွေညစ်သည့် on-line မုဆိုးများကို၊ အသိ၊ သတိနှင့်ရှောင်ရှားဖို့ လိုပေလိမ့်မယ်။ on-line-mobile ဖုန်းသရဲများ ဖုန်းဆက်လာလျှင်လည်း Black List Software ထဲပို့ဖို့လိုပေလိမ့်မည်။ အိမ်ထောင်ရှင်အမျိုးသမီးများအနေနဲ့ on-line တောကြောင်များမှ အိမ်ထောင်ရှင်အမျိုးသမီးဟန်ဆောင်၍ ကိုယ့်အိမ်ထောင်ရေးအကြောင်းကို အိမ်ထောင်ရှင်အမျိုးသမီး
    အချင်းချင်းပဲဆိုပြီး ရင်တွင်းဖြစ်ခံစားချက်များကို ပြောပြမိခဲ့ပြီး ထိုပြောပြချက်များကို အမျိုးသမီးယောင်ဆောင် on-line မုဆိုးက screen shot များရိုက်ကာ၊ အခြားဖုန်းလိုင်းတစ်ခုကိုသုံး၍ ငွေဖြည့်ခိုင်းသည်။ ငွေညှစ်သည်။ အမည်ရင်း၊ ဓာတ်ပုံရင်းဖြင့် Facebook on-line သုံးသူ အမျိုးကောင်းသမီးများအနေဖြင့် မိမိတို့ရဲ့ အလှရိုက်ဓာတ်ပုံများကို on-line-media မတင်ကြရန် အကြံပြုလိုပါသည်။ on-line-media တင်လိုက်သော မိမိတို့ရဲ့ဓာတ်ပုံများသည် အများနှင့်သက်ဆိုင်သွားပြီဖြစ်သည်။ အများဟုဆိုရာဝယ်၊ လူကောင်းလည်းပါသည်။ လူ
    ယုတ်မာလည်းပါနေသည်ကို သတိချပ်သင့်လှသည်။
    အချိန်ကုန်၊ ငွေကုန်၊ စွမ်းအင်ကုန် on-line-media လူမှုရေးကွန်ရက်သည် “သုံးတက်လျှင်ဆေး၊ မသုံးတက်လျှင် ဘေး” ဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ်စုံအတွက် ဗဟုသုတ အတွေ့အကြုံကောင်းများကို ရှာဖွေလိုသူများအတွက် on-line-media သည် အလွန်အသုံးဝင်သည့် အကူအညီပေးသည့် မိတ်ဆွေကောင်းတစ်ဦးဖြစ်သည်။
    စာရေးသူတို့ငယ်စဉ်က၊ စာသင်ကျောင်းများတွင် သင်ကြားခဲ့ရသည့် အင်္ဂလိပ်စာ ဖတ်စာအုပ်တွင် “Fire: A good servant but a bad master” “မီးဟူသည်သုံးတက်လျှင် မိတ်ဆွေ၊ မသုံးတက်လျှင် ရန်သူသဖွယ်” ဖြစ်သည်။ on-line တောကြောင်များ၊ on-line မုဆိုးများသည် တောမီး၊ ရှို့မီးများသဖွယ် အန္တရာယ်ကြီးသည်။ ဒါကြောင့် အမျိုးကောင်း၊ မိကောင်း၊ ဖခင်မိန်းကလေးများ ရန်သူသဖွယ် အန္တရာယ်ရှိသည့် on-line-media က ဖုန်းသရဲများ တောကြောင်များကို အစဉ်၊ အသိ၊ သတိရှိဖို့လိုပြီဖြစ်ကြောင်း အကြုံပြုတင်ပြလိုက်ပါတယ်။
    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)