News @ M-Media

Blog

  • FWA မှ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆုကို ဗာဒီရရှိ

    FWA မှ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆုကို ဗာဒီရရှိ

    မေ ၂၊ ၂၀၁၆
    M-Media

    vardy 1

    – ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအလိုတွင်ရှိနေသည့် လက်စတာစီးတီးအသင်း၏ တိုက်စစ်မျူး ဂျာမီ ဗာဒီမှာ ဘောလုံးအားကစားကလောင်ရှင်များအသင်း FWA မှ ရွေးချယ်ချီးမြှင့်သော ၂၀၁၅-၁၆ ဘောလုံးရာသီ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုကို ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူး ဗာဒီမှာ PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေး ရရှိထားသည့် အသင်းဖော် ရီယာ့ဒ် မဟ်ရက်ဇ်နှင့် အန်ဂိုလို ကန်တီတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။ ဗာဒီမှာ ယခုနှစ်တွင် လက်စတာအတွက် ၂၂ ဂိုး သွင်းယူပေးထားသည်။

    “ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ဆုကို ရရှိတဲ့အတွက်နဲ့ မယုံနိုင်လောက်အောင်ကောင်းတဲ့ ကစားသမားတွေ ပါဝင်ခဲ့တဲ့ ဒီဆုရဲ့ စာရင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ ဘောလုံးအားကစား ကလောင်ရှင်များအသင်းက အားလုံးနဲ့ မဲပေးခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ အသင်းဖော်တွေကိုလည်း ကျေဇူးတင်ပါတယ်။ သူတို့ကြောင့်ပဲ ဒီလိုဆုမျိုးကို ကျွန်တော် ရရှိနိုင်တာပါ။ ဒီရာသီဟာ လက်စတာက ကျွန်တော်တို့အားလုံးအတွက် အံ့သြစရာကောင်းတဲ့ ရာသီပါပဲ။ ကျွန်တော်တို့ဟာ တစ်ဦးကောင်းမဟုတ်ဘဲ အသင်းလိုက်စားပုံကို အခြေခံထားတာပါ။ နည်းပြ၊ ၀န်ထမ်းအားလုံးနဲ့ ကျွန်တော့်ကို အားပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဗာဒီက ဆုရရှိမှုနှင့်ပတ်သက်၍ ကျေဇူးတင်စကား ပြောကြားခဲ့သည်။

    Ref: Goal

  • ဆီရီးယားတွင် IS က သတ်ဖြတ်သူအရေအတွက်မှာ ၂ နှစ်အတွင်း လေးထောင်ကျော်ရှိ

    ဆီရီးယားတွင် IS က သတ်ဖြတ်သူအရေအတွက်မှာ ၂ နှစ်အတွင်း လေးထောင်ကျော်ရှိ

    မေ ၂၊ ၂၀၁၆
    M-Media

    is 2

    – IS အကြမ်းဖက်အဖွဲ့ဟာ ဆီးရီးယားမှာ ၂ နှစ်အတွင်း လူ ၄၀၀၀ ကျော်လောက် သတ်ဖြတ်ပစ်ခဲ့တယ်လို့ ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (SOHR) က ပြောကြားလိုက်ပြီး ဆီးရီးယားပြည်သူတွေအပေါ် အဲဒီအဖွဲ့က ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက်လည်း ကုလသမဂ္ဂကို တိုက်တွန်းခဲ့ပါတယ်။

    IS က ၎င်းတို့သိမ်းပိုက်ထားတဲ့ နယ်နမိတ်ကို ခလီဖိတ်ပိုင်နက်အဖြစ် ကြေငြာခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လကတည်းက ခေါင်းဖြတ်မှု၊ သေနတ်နဲ့ ပစ်သတ်မှု၊ ကျောက်တုံးနဲ့ပေါက်သတ်မှု၊ မီးရှို့သတ်ဖြတ်မှု စတဲ့ လူသတ်နည်းလမ်းအမျိုးမျိုးနဲ့ သတ်ပစ်ခဲ့တဲ့စာရင်းကို စောင့်ကြည့်အဖွဲ့က စာရင်းပြုစုပြီး အခုလို ထုတ်ပြန်လိုက်တာပါ။

    အဲဒီလိုလုပ်တဲ့ အကြောင်းရင်းတွေကလည်း လိင်တူဆက်ဆံခြင်း၊ အယူမတူခြင်းနဲ့ မူးယစ်သောက်စားတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ခလီဖိတ်စနစ်နဲ့အုပ်ချုပ်တယ်လို့ဆိုတဲ့ IS တွေရဲ့ ၂၂ လမြောက်တဲ့အချိန်မှာတော့ သူတို့ရဲ့ သတ်ဖြတ်ခဲ့တဲ့ အရေအတွက်ဟာ ၄၁၄၄ ယောက် ရှိလာပြီဖြစ်ပါတယ်။

    သတ်ဖြတ်ခံရသူတွေထဲမှာ ဆွန်နီနဲ့ ကာ့ဒ်လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ ခုအပါအ၀င် အရပ်သားအရေအတွက် ၂၂၃၀ ရှိခဲ့ပြီး အမျိုးသမီးတွေ၊ ကလေးတွေလည်း ပါဝင်ခဲ့ပါတယ်။ အခြား သတ်ဖြတ်ခံရသူတွေကတော့ ဆီးရီးယားအစိုးရတပ်သားတွေ၊ အတိုက်အခံ သူပုန်တွေနဲ့ IS အဖွဲ့ဝင်တွေကိုယ်တိုင် ဖြစ်ပါတယ်။

    “ကျောက်တုံးနဲ့ပေါက်သတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတွေ၊ လက်တွေခုတ်ဖြတ်ပစ်တာမျိုးနဲ့ တခြား တော်တော်များများကိုလည်း တွေ့ခဲ့ရပါတယ်” လို့ ဆီးရီးယား IS အဖွဲ့ကနေ ထွက်ပြေးလာပြီး ဂျာမနီမှာ အကြမ်းဖက်စွဲချက်တွေနဲ့ တရားစွဲဆိုခံထးရတဲ့ ဟယ်ရီဆာဖိုး ဆိုသူက ပြောကြားခဲ့ပါတယ်။

    “ပေါက်ကွဲနိုင်တဲ့ခါးပတ်တွေ၊ ရိုင်ဖယ်သေနတ်တွေကိုင်ထားတဲ့ အသက် ၁၃ နှစ်လောက်သာရှိတဲ့ ကလေးစစ်သားတွေကိုလည်း တွေ့ခဲ့ရပါတယ်၊ တစ်ချို့ကလေးတွေဆို ကားတောင်မောင်းနေတဲ့အပြင် လူသတ်တာတွေလည်း လုပ်ပါတယ်”

    Ref : IINA

  • မွတ်စလင်ပရဟိအဖွဲ့က သောက်သုံးရေရှားပါးသည့်ဒေသများသို့ သွားရောက်အကူအညီပေး

    မွတ်စလင်ပရဟိအဖွဲ့က သောက်သုံးရေရှားပါးသည့်ဒေသများသို့ သွားရောက်အကူအညီပေး

    မေ ၂၊ ၂၀၁၆
    M-Media

    1

    – ရန်ကုန်မြို့အခြေစိုက် မွတ်စလင်ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Islamic Youth Foundation (MIYF) အဖွဲ့ဟာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်က သောက်သုံးရေအခက်အခဲတွေ့နေတဲ့ ကြံခင်းမြို့နယ်ကို သွားရောက်ပြီး သောက်သုံးရေနဲ့ ရေရရှိနိုင်ရေး လိုအပ်သည်များကို သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့ရဲ့ Facebook စာမျက်နှာမှတစ်ဆင့် သိရပါတယ်။

    ဧပြီလ ၃၀ ရက်နေ့မှာ အဖွဲ့ရဲ့နာယကဖြစ်ပြီး မြန်မာမွတ်စလင်မ် သာသနာ့ပညာရှင်အဖွဲ့ချုပ်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ မွဖ်သီ အီဒရစ်၊ မြန်မာမွတ်စလင်မ် သာသနာ့ပညာရှင်များအဖွဲ့မှ တာဝန်ရှိသူများမှာ MIYF မှ စေတနာ့ဝန်ထမ်းများ ပါဝင်တဲ့အဖွဲ့ဟာ ကြံခင်းမြို့နယ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြတာပါ။

    မနက်ပိုင်းမှာ ကြံခင်းမြို့နယ် ဘက်ရဲမြို့က ၇ မိုင်အကွာမှာရှိတဲ့ ကျေးရွား ၃ ရွာက အိမ်ခြေ ၁၉၆ အိမ်၊ လူဦးရေ ၆၄၆ ဦးတို့အတွက် သောက်ရေသန့် လီတာ ၅၀၀၀၊ သုံးရေ ဂါလံ ၁၈၀၀ တို့ကို လှူဒါန်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရေငံကျေးရွာအတွက် တစ်နှစ်ပတ်လုံးရေထွက်တဲ့ ‘နှာခေါင်းစမ်း’ ရေထွက်ပင်ရင်းမှ ရွာသို့ ရေသွယ်တန်းနိုင်ရန် ကာလတန်ဖိုး ကျပ်သိန်း ၃၀ တန်ဖိုးရှိ PVC ပိုက်များကို ပေးပို့လှူဒါန်းမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။

    MIYF ရဲ့ အဲဒီခရီးစဉ်အတွင်းမှာ ကြံခင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်များနှင့်လည်း တွေ့ဆုံခဲ့ကြပြီး သောက်သုံးရေ ပြဿ နာကို ရေရှည် ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

    မြန်မာမွတ်စလင်မ် သာသနာ့ပညာရျင်များအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ MIYF အဖွဲ့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရတဲ့ ဒေသတွေအတွက် အဓိကထား အကူအညီပေးဖို့ ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပြီး လတ်တလောမှာတော့ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးက သောက်သုံးရေ ရှားပါးတဲ့ ဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကာ နောက်ထပ်လည်း အခြားဒေသတွေကို သွားရောက်ဖို့ ရှိနေပါတယ်။

    9

  • မိမိတို့မှာ မြန်မာနိုင်ငံရှိ ဘာသာရေးဖိနှိပ်မှု၏ မေ့လျော့ခံသားကောင်များ ဖြစ်နေသည်ဟု ကမန်တိုင်းရင်းသားများ ပြော

    မိမိတို့မှာ မြန်မာနိုင်ငံရှိ ဘာသာရေးဖိနှိပ်မှု၏ မေ့လျော့ခံသားကောင်များ ဖြစ်နေသည်ဟု ကမန်တိုင်းရင်းသားများ ပြော

    မေ ၂၊ ၂၀၁၆
    M-Media

    kaman
    ဆင်တပ်မော် ဒုက္ခသည်စခန်းရှိ အရပ်ဈေး

    – ပြီးခဲ့သည့်လအတွင်းက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ မွတ်စလင်များကို တင်ဆောင်သွားသည့် သင်္ဘောတစ်စီး နစ်မြုပ်စဉ် သေဆုံးသွားသူ ၂၁ ဦးထဲမှ အများစုမှာ မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေသကဲ့သို့ ရိုဟင်ဂျာများမဟုတ်ဘဲ တိုင်းရင်းသားကမန်များ ဖြစ်ကြသည်ဟု ဆွေမျိုးများ၊ အသက်ရှင်လွတ်မြောက်သူများ၏ ပြောပြချက်များအရ သိရကြောင်း Myanmar Times က ဖော်ပြထားသည်။

    ပေါက်တောမြို့နယ် ဆင်တပ်မော်စခန်းရှိ ဒုက္ခသည် ၄၀ မှ ၆၀ ခန့်ကို တင်ဆောင်သွားသော အဆိုပါသင်္ဘော နစ်မြုပ်မှုမှာ ဆိုရှယ်မီဒီယာများနှင့် နိုင်ငံတကာ သတင်းမီဒီယာများတွင် အလျင်အမြန်ပြန့်နှံ့သွားခဲ့သည်။ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးကလည်း ရိုဟင်ဂျာအမည်ကို အသုံးပြု၍ ထိုကိစ္စအတွက် အလွန်အမင်းစိုးရိမ်ကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    သို့သော်လည်း Myanmar Times ကမူ ၎င်းတို့၏ စုံစမ်းမှုအရ ထိုသင်္ဘောတွင် လိုက်ပါသွားသူများမှာ ကျောက်ဖြူမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် ကမန်တိုင်းရင်းသားများဖြစ်သည်ဟု ဖော်ပြထားသည်။ သေဆုံးသွားသူများ၏ မိသားစုများနှင့် ကမန်လူ့အဖွဲစည်းကမူ ၎င်းတို့၏ အခွင့်အရေးကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ကာကွယ်ပေးမှုမရှိခြင်း၊ ၎င်းတို့မှာ ရိုဟင်ဂျာများနှင့် မတူညီသည်ကို မသိရှိခြင်း စသည်တို့အတွက် စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့မှာ မြန်မာနိုင်ငံရှိ ဘာသာရေးဖိနှိပ်မှု၏ မေ့လျော့ခံ သားကောင်များ ဖြစ်နေသည်ဟုလည်း ဖွင့်ဟပြောကြားခဲ့သည်။

    “ကျွန်တော်တို့ကို ရိုဟင်ဂျာလို့ မခေါ်သင့်ပါဘူး။ ကျွန်တော်တို့ဟာ ကမန်လူမျိုးတွေဖြစ်ပြီး၊ ကျွန်တော်တို့ အခွင့်အရေးကို ရရှိခံစားပိုင်ခွင့်ရှိပါတယ်” ဟု ဆင်တပ်မော် ဒုက္ခသည်စခန်းမှ အကြီးအကဲဖြစ်သူ ဦးခင်မောင်လှက ပြောကြားခဲ့သည်။

    ထို့ပြင် သင်္ဘောမှောက်မှုကြောင့် သေဆုံးသွားသူ ၂၁ ဦးတွင် ၉ ဦးမှာ မိမိတို့စခန်းမှဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး ၃ ဦးမှာ အနီးရှိ မွတ်စလင်ရွာမှဖြစ်သည်ဟု ထိုရွာအကြီးအကဲ ဦးကာလုက ဆိုသည်။ ကျန် ၉ ဦးမှာ စစ်တွေတစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများမှဖြစ်ပြီး ဆင်တပ်မော်မှ ထိုစခန်းများသို့ အပြန်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

    ဆွေမျိုးများနှင့် အိမ်နီးချင်းများ၏ ပြောကြားမှုများအရ သေဆုံးသွားသူ ၂၁ ဦးတွင် အများစုမှာ ကျောက်ဖြူဇာတိဖြစ်ပြီး၊ အသက်ရှင်လွတ်မြောက်လာသူ ၅ ဦးနှင့် အလောင်း ၃ ခုရရှိခဲ့သော စစ်တွေအနီး သက်ကယ်ပြင်ရွာမှာ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းကလည်း ၎င်းတို့ ကုသပေးခဲ့သူ အားလုံးမှာ ကမန်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြေပုံမှ လူ ၂၀၀ ၀န်းကျင်ခန့်မှလွဲ၍ ဆင်တပ်မော် ဒုက္ခသည်စခန်းတွင် ရှိနေသည့် ဒုက္ခသည် ၂၂၇၂ ဦးမှ အများစုမှာ ကျောက်ဖြူနှင့် ကမ်းရိုးတမ်းတစ်လျှောက်မှ ကမန်များဖြစ်ကြသည်။

    နိုင်ငံမဲ့ ရိုဟင်ဂျာများအပေါ် ကန့်သတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချကြသော်လည်း လူပေါင်း ၁၂၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုအတွင်း ကမန်များ၏ ထိခိုက်ခံစားရမှုများမှာ မီဒီယာစာမျက်နှာထက်သို့ ရောက်ရှိခြင်းမရှိခဲ့ပေ။

    အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ကမန်များမှာ နေအိမ်များ မီးရှို့ခံရမှုကြောင့် ၎င်းတို့၏ အထောက်အထား စာရွက်စာတမ်းများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး၊ နိုင်ငံသားဖြစ်ခွင့်နှင့် နေထိုင်ခွင့်အခွင့်အရေးများ ရှိနေသော်လည်း ဒုက္ခသည်စခန်းများတွင် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ကန့်သတ်ခံထားရသည်။ ထို့ပြင် ၎င်းတို့၏ နေရပ်တွင် ပြန်လည်အခြေချခွင့်ကိုလည်း ငြင်းပယ်ခံထားရသည်။

    Ref : mmtimes

  • IS ၏ နှိပ်စက်သောင်းကျန်းမှုများမှာ တမန်တော်မုဟမ္မဒ်သခင်၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေကြောင်း သုတေသနတစ်ရပ်က ဖော်ပြ

    IS ၏ နှိပ်စက်သောင်းကျန်းမှုများမှာ တမန်တော်မုဟမ္မဒ်သခင်၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေကြောင်း သုတေသနတစ်ရပ်က ဖော်ပြ

    မေ ၁၊ ၂၀၁၆

    M-Media

    prophet

    – Islamic State အစ္စလာမ့်နယ်ပယ်ဟု အမည်ခံထားသော ဒေသတွင်း၌ ခရစ်ယာန်တို့အား ညှင်းပန်းနှိပ်စက်နေမှုများမှာ တမန်တော်မုဟမ္မဒ်သခင်၏ ရေးသားချက်များနှင့် ကိုက်ညီမှုမရှိကြောင်း သုတေသနတစ်ရပ်က ဖော်ပြလိုက်သည်။

    အေဒီ ၆၂၂ နှင့် ၆၃၂ အကြား မုဟမ္မဒ်သခင်၏ လုပ်ဆောင်ချက်များအပေါ် ထဲထဲဝင်ဝင် လေ့လာချက်တစ်ရပ်က အွမ္မဟ်(လူ့အဖွဲ့အစည်း)အတွင်း အတူတစ်ကွနေထိုင်ကြသည့် ခရစ်ယာန်များမှာ ကာကွယ်စောင့်ရှောက်မှုရရှိခဲ့သည်ဟု ဖော်ပြလျက်ရှိနေသည်။

    သုတေသနစာတမ်းရှင် ဒေါက်တာ Craig Considine က “တမန်တော် ရည်မှန်းသည့် မွတ်စ်လင်မ်တိုင်းပြည်ဟူသည် ဘာသာရေးသင့်မြတ်မှုနှင့် ပြည်သူ့အခွင့်အရေးအပြည့်အ၀ရှိသော တိုင်းနိုင်ငံသာဖြစ်သည်” ဟု သုံးသပ်ထောက်ပြထား၏။

    “သုတေသနပြုချက်အရ ထင်ထင်ရှားရှားတွေ့ရတာကတော့ လက်ရှိခေတ်ပေါ် IS တွေက ခရစ်ယာန်တွေကို ခွဲခြားဆက်ဆံ မတရားပြုမူနေခြင်းဟာ တမန်တော်မုဟမ္မဒ်ရဲ့ ပဋိညာဉ်ပြုထားချက်နဲ့ အလျဉ်းကိုက်ညီအံဝင်မှု ရှိမနေဘူးဆိုတာပါပဲ” ဟူ၍ သူက ဆိုသည်။

    ပြန်လည်ရှာဖွေတွေ့ရှိလိုက်သည့် ဤအထောက်အထားများသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖြေလျော့မှု ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထိုအချက်အလက်များမှာ အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံကြောက်ရောဂါ နှင့် အစ္စလာမ့်လောကထဲမှ အစွန်းရောက်ရောဂါအတွက် ကုစားချက်တစ်မျိုးဖြစ်လာနိုင်ကြောင်း တက္ကဆက်ပြည်နယ် Rice University မှ Dr Considine က ယုံကြည်ထား၏။

    “သူ့ရဲ့(တမန်တော်ရဲ့) သတင်းစကားမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်းတွေ ကွန့်မြူးဖြာထွက်လျက် ရှိပါတယ်။ ဒါဟာ အမေရိကန်လူ့အဖွဲ့အစည်းသာမက ကမ္ဘာလောကတစ်ခုလုံး ထာဝစဉ်လိုအပ်နေတဲ့အရာဖြစ်တယ်”။

    ခရစ်ယာန်လူငယ်ပညာရှင် ဒေါက်တာ ခရိတ် ကွန်စီဒိုင်း၏အဆိုအရ ယင်းသို့အထောက်အထားများမှာ ကမ္ဘာတစ်ဝှမ်း ဘာသာရေးကျောင်းများ၊ ဋ္ဌာနများတွင် တည်ရှိနေပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ရာစုနှစ်များစွာ ပုံနှိပ်ထုတ်ဝေနိုင်ခြင်းနှင့် ဘာသာပြန်ဆို၍ လူထုပရိသတ်သိရှိစေအောင် မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူက ဤသို့ မှတ်ချက်ပြုလိုက်ပါသည်။

    “အီရတ်နဲ့ ဆီးရီးယားလို နေရာဒေသများမှာ ခရစ်ယာန်တွေအပေါ် အကြီးအကျယ် အကြမ်းဖက်မှုတွေ ဖြစ်လာတာကြောင့် လက်ရှိအချိန်အခါမှာတော့ ပညာရှင်တွေ၊ အမှန်ယုံကြည်သူတွေက အဲ့ဒီအရာများဖက်ကို ပြန်လှည့်လာကြပါပြီ။ တမန်တော်မုဟမ္မဒ်က ခရစ်ယာန်တွေအပေါ် ဒုက္ခ၀န်ထုပ် ဖြစ်လာမှာကို မလိုလားခဲ့ပါဘူး။ ဒါ့အပြင် ၀င်ရောက်စွက်ဖက်ခြင်း၊ သူတစ်ပါးရဲ့အတွင်းရေးကို ကျူးကျော်ခြင်း၊ ပုဂ္ဂလပိုင်ဆိုင်မှုကို လက်ဝါးကြီးအုပ်ခြင်း အလျဉ်းမရှိခဲ့ပါဘူး။ လက်ရှိသောင်းကျန်းနေတဲ့အုပ်စုဟာ သက်ဆိုင်ရာလူမျိုးနွယ် သို့မဟုတ် နောက်ခံယဉ်ကျေးမှုပေါ်မူတည်ပြီး ပြည်သူတွေကို တန်ဖိုးမထား ပြုမူလုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ သုံးသပ်မိပါတယ်”

    Ref : The Independent