News @ M-Media

Blog

  • အိန္ဒိယမွတ်စလင်များက အခြားသူများအတွက် စံနမူနာယူစရာဟု ဒုတိယသမ္မတပြော

    အိန္ဒိယမွတ်စလင်များက အခြားသူများအတွက် စံနမူနာယူစရာဟု ဒုတိယသမ္မတပြော

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    – မတူညီတဲ့ ယဉ်ကျေးမှုတွေရှိနေပြီး ဘာသာရေးမနွယ်တဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်နေတဲ့ အိန္ဒိယ မွတ်စလင်လူနည်းစု လူ့အဖွဲ့အစည်းရဲ့အတွေ့အကြုံက အခြားသူတွေ အတုယူစရာ စံပုံစံ ဖြစ်လာနိုင်တယ်လို့ အိန္ဒိယဒုတိယသမ္မတ ဟာမစ် အန်ဆာရီက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

    အမျိုးသား ဘာသာရေးခေါင်းဆောင်မှုဆိုင်ရာအသင်းက ထုတ်ဝေတဲ့ Fikr ဆိုတဲ့ စာအုပ် မိတ်ဆက်ပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး လူသားတစ်ဦးအနေနဲ့ ကမ္ဘာကြီး၊ မိမိနေထိုင်ရာဒေသတို့ တိုးတက်ရေးအတွက် ဆောင်ရွက်ရမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “တွေးခေါ်တတ်သူတွေဟာ ကိုယ်ပိုင်အမှတ်သညာ၊ ဖက်တွယ်ထားရမယ့် ဂုဏ်သိက္ခာ စတဲ့ မေးခွန်းတွေကို ကျော်လွန်ပြီး ကြည့်မြင်တတ်ရပါမယ်။ ပြီးတော့ ပြောင်းလဲနေတဲ့ကမ္ဘာကြီးနဲ့ ပြောင်းလဲနေတဲ့ အိန္ဒိယနိုင် အဲ့ဒီနှစ်မျိုးစလုံး ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း ရှာဖွေတတ်ရပါမယ်”

    အဲဒီ Fikr ဆိုတဲ့စာအုပ်ဟာ အစ္စလာမ်သာသာနာနဲ့ မွတ်စလင်တွေအပေါ်မှာ ရှိနေတဲ့ ယူဆချက်အမှားတွေကို ဖယ်ရှားဖို့အတွက် အိန္ဒိယအစိုးရရဲ့ အားထုတ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    “ဒါဟာ နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်း စတဲ့ အမြင်တွေမရှိဘဲ နိုင်ငံသားအချင်းချင်း ရေရှည်တည်တံ့ပြီး ပွင့်လင်းစွာဆက်ဆံတတ်စေဖို့ လိုအပ်ချက်တွေကို ညွှန်ပြထားတာ ဖြစ်ပါတယ်။ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သဟဇာတဖြစ်မှု စတာတွေကို အမှန်တကယ်အသုံးချမှသာ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ပါမယ်” လို့ ဒုသမ္မတက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • နိုင်​ငံသားစိစစ်​​ရေးကတ်​ပြား(နိုင်​-၆(က))ကိုင်​ထားတိုင်း နိုင်ငံသားလား

    နိုင်​ငံသားစိစစ်​​ရေးကတ်​ပြား(နိုင်​-၆(က))ကိုင်​ထားတိုင်း နိုင်ငံသားလား

    M-Media
    သူ့အမြင်ကဏ္ဍ
    ဧပြီ ၂၉ ၊ ၂၀၁၆

    ဆောင်းပါးရှင် – မောင်သာ.K

    ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂)တွင် နိုင်ငံသားဖြစ်ခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၃ မှ ပုဒ်မ ၂၂ အထိ ပြဌာန်းပါရှိပါသည်။ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၂(ခ)တွင် နိုင်ငံသားဆိုသည့်စကားရပ်မှာ မြန်မာနိုင်ငံသားကို ဆိုလိုကြောင်း အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ ထိုဥပဒေပုဒ်မ-၂(စ)တွင် နိုင်ငံသားလက်မှတ်ဆိုသည်မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေအရဖြစ်စေ၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေအရဖြစ်စေ၊ ဤဥပဒေအရဖြစ်စေ ထုတ်ပေးသော နိုင်ငံသားလက်မှတ်ကို ဆိုသည်ဟုလည်း အဓိပ္ပါယ်ဖွင့်ထားပါသည်။

    မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၇၅(ဤဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်အလို့ငှာ ဝန်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၃/၈၃ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို (၂၀-၉-၁၉၈၃)နေ့က ထုတ်ပြန်ခဲ့ပါသည်။

    ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေမှာ ပြည်သူ့လွှတ်တော်မှ ပြဌာန်းသည့် ဥပဒေအမှတ်-၄/၁၉၈၂ ဖြစ်သော်လည်း ထိုဥပဒေအာဏာတည်သည့်ရက်ကို ထည့်သွင်းပြဌာန်းထားခြင်းမရှိသည့်အပြင် နောင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ဆုံးဖြတ်ချက်များအရလည်း ထိုဥပဒေအတည်ပြုသည့်နေ့ရက်ကို ပြဌာန်းကြေညာထုတ်ပြန်ခဲ့ခြင်းမရှိဘဲ နိုင်ငံသားဆိုင်ရာ နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းတွင်သာ နိုင်ငံသားဥပဒေအာဏာတည်သည့်နေ့ရက်ကို (၁၅-၁၀-၁၉၈၂)နေ့ဟု ဝန်ကြီးအဖွဲ့မှ ထည့်သွင်းကြေညာခဲ့ပါသည်။

    နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် နိုင်ငံသားလက်မှတ်အဖြစ် ပုံစံ(နိုင်-၆)ပန်းရောင်အဖုံးပါ စာအုပ်ကို နမူနာအဖြစ် ထည့်သွင်းဖော်ပြထားပါသည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပြဌာန်းသည့်နေ့ကစ၍ ယနေ့တိုင် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေတွင် ဧည့်နိုင်ငံသားနှင့် ပြုနိုင်ငံသားအခန်း ပါဝင်နေရာ ထိုဥပဒေသည် ထိုစဉ်က အတည်ရှိနေသည့် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်နှင့် အညီအညွတ်မဖြစ်ခဲ့သဖြင့် ဥပဒေပြဌာန်းသည့်၁၉၈၂ မှ ၁၉၈၈ ခုနှစ် နဝတအစိုးရက နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူသည့်နေ့အထိ ၆နှစ်ကျော်တိုင် Dead Law အဖြစ်ရှိနေရာက ၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရမည့်သူများနှင့် မဲဆန္ဒရှင်များ၏စာရင်းများကို ပြုစုမဲဆန္ဒပေးနိုင်ရန်အတွက် ထိုသေနေသော ဥပဒေကို နဝတအစိုးရက ပြန်လည်အသက်သွင်းခဲ့ပြီး နိုင်ငံသားဖြစ်သင့်သူများကို ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြား ပုံစံ(နိုင်-၆(က))ကို ထုတ်ပေးပြီး စိစစ်ခဲ့သည်။

    ပြည်တွင်းနေသူတစ်ဦးသည် မြန်မာနိုင်ငံသားဟုတ်/မဟုတ် သေချာစွာ စိစစ်ပြီးမှ ပုံစံ(နိုင်-၆)ကို ပေးရမည်ဖြစ်ရာ၊ ယခုအဆင့်တွင် ထိုသူနိုင်ငံသားဟုတ်/မဟုတ် စိစစ်နိုင်ရန်အတွက် ပုံစံ(နိုင်-၆(က)) ခေါ် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုသာ လဝကဦးစီးဌာနမှ ယာယီထုတ်ပေးခြင်းဖြစ်ပါသည်။ ထိုပုံစံ(နိုင်-၆(က)) ကိုင်ဆောင်ထားသူသည် နိုင်ငံသားဥပဒေပုဒ်မ-၂(စ)တွင် အတိအလင်းပြဌာန်းထားသော ဤဥပဒေအရ ထုတ်ပေးသောနိုင်ငံသားလက်မှတ်ပုံစံ(နိုင်-၆)ကို ကိုင်ဆောင်ခွင့်မရရှိသေးမီ ထိုဥပဒေပုဒ်မ-၂(ခ)ပါ မြန်မာနိုင်ငံသားဟု တထစ်ချ မှတ်ယူမည်မဟုတ်ပါ။ နိုင်ငံသားဟုတ်/မဟုတ် စိစစ်ခံယူရသည့် အဆင့်သာဖြစ်ပါသည်။

    နိုင်ငံသားလက်မှတ်ပုံစံ (နိုင်-၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပုံစံ (နိုင်-၆(က))ဆိုသည်မှာ တန်ဖိုးအရ အလွန်ကွာခြားသော စာရွက်စာတမ်း(၂)မျိုး ဖြစ်ပါသည်။

    နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်း အပိုဒ်-၃၆တွင် နိုင်ငံသားလက်မှတ်ပုံစံ(နိုင်-၆)ကို အတုပြုလုပ်လျှင် ထောင်ဒဏ်(၁၅)နှစ် ကျခံစေရမည်ဟု သတ်မှတ်ထားပြီး၊ လုပ်ထုံးလုပ်နည်း အပိုဒ်-၃၇ တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပုံစံ (နိုင်-၆(က))ကို အတုပြုလုပ်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ဖော်ပြပါရှိပါသည်။ သာမန်စာရွက်စာတမ်း တစ်စောင်ကို အတုပြုလုပ်သကဲ့သို့သောပြစ်ဒဏ်(၇)နှစ်ထက်မပိုသော ပြစ်ဒဏ်ကျခံကြရပါသည်။

    စီရင်ထုံးများအရဆိုပါလျှင် ပုံစံ (နိုင်-၆(က))ကို အတုပြုလုပ်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၄၆၈ အရ (၇)နှစ်ထက်မပိုသော ပြစ်ဒဏ်နှင့် ငွေဒဏ်ကို ချမှတ်ပြီး၊ ပုံစံ(နိုင်-၆)ကို အတုပြုလုပ်လျှင် နိုင်ငံသားဥပဒေပုဒ်မ-၂၁ အရ ထောင်ဒဏ်(၁၅)နှစ်နှင့် ငွေဒဏ်ကို ကျခံကြရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ပုံစံ(နိုင်-၆)၏ တန်ဖိုးနှင့် ပုံစံ(နိုင်-၆(က))၏တန်ဖိုးမှာ အလွန်ခြားနားပါသည်။

    ပုံစံ(နိုင်-၆)တွင် ၁၉၄၈ ခုနှစ်က ဥပဒေ(၂)ရပ်အရ ထုတ်ပေးထားသည့် UCC ခေါ် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ခွင့်ရရှိသူများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်ဟု ဝင့်ကြွားစွာ ပြောဆိုနိုင်ကြမည်ဖြစ်သော်လည်း ပုံစံ(နိုင်-၆(က))ကိုင်ဆောင်ခွင့် ရရှိထားသူများသည် မိမိတို့ကိုယ်ကိုယ် နိုင်ငံသားများဖြစ်ပါသည်ဟု ဝင့်ကြွားစွာ ပြောဆိုနိုင်မည်မဟုတ်ပါ။

    ဤသို့သောအခြေအနေတွင် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅(ခ)တွင် ဖော်ပြထားသော ‘ဤဥပဒေ အာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည်’ ဟု ပြဌာန်းထားသည့် အခွင့်အရေးကို (၁၉၄၈ခုနှစ်၊ ဥပဒေနှစ်ရပ်အရ ထုတ်ပေးထားသည့် UCC ခေါ် နိုင်ငံသားလက်မှတ် ထုတ်ယူရရှိထားသူများမှအပ) မည်သူမျှ တရားဝင် ရရှိခံစားနိုင်ရမည်မဟုတ်ပါ။

    နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထိုလက်မှတ်ကို ပြသပြောဆိုနိုင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူမှာ နိုင်ငံသားဟုတ်/မဟုတ် စိစစ်သည့်အဆင့်သာရှိသေးသဖြင့် ပုံစံ(နိုင်-၆)ကို ကိုင်ဆောင်ခွင့်ရရှိမှသာ နိုင်ငံသားအစစ်အမှန် ဖြစ်ပါသည်။

    နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူသည် နိုင်ငံသားလက်မှတ် မရရှိသေးမီအချိန်အတွင်း နိုင်ငံသားဖြစ်သည်ဟု လွှတ်တော်နှစ်ရပ်က အသိအမှတ်ပြုလိုပါလျှင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဒီဂရီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က ယာယီပြဌာန်းပေးရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ အမိန့်မရှိဘဲ ပုံစံ(နိုင်-၆(က)) ခေါ် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများသည် မိမိတို့ကိုယ်မိမိ တင်းပြည့်နိုင်ငံသားသယောင်သယောင် ဝင့်ကြွားနေမှုများသည် တည်ဆဲဥပဒေများကို နားမလည်ဘဲ ဂုဏ်မောက်နေမှုသက်သက်သာ ဖြစ်ပေတော့သည်။ ။

  • ယခုနှစ် ပရီးမီးယားလိဂ်မရပါက နောက်ထပ် မျှော်လင့်၍မရတော့ဟု လက်စတာတိုက်စစ်မှူးပြော

    ယခုနှစ် ပရီးမီးယားလိဂ်မရပါက နောက်ထပ် မျှော်လင့်၍မရတော့ဟု လက်စတာတိုက်စစ်မှူးပြော

    ဧပြီး ၂၉၊ ၂၀၁၆
    M-Media

    leis 2

    – လက်စတာအသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားကို ယခုနှစ်တွင် မရရှိပါက နောက်ထပ် မည်သည့်အချိန်မှ ရရှိတော့မည်မဟုတ်ဟု PFA တစ်နှစ်တာအကောင်ဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသည့် တိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။

    ဒုတိယနေရာမှ စပါးအား ၇ မှတ်ဖြတ်ထားနိုင်သည့် လက်စတာမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် ကစားမည့် မန်ယူအ
    သင်းနှင့်ပွဲတွင် အနိုင်ရရှိပါက အသင်း၏ ၁၃၂ နှစ်တာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။

    အသင်းအတွက် ပရီးမီးယားလိဂ်တွင် ၃၄ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုးသွင်းယူပေးထားကာ ၁၁ ဂိုး ဖန်တီးပေးထားသည့် မဟ်ရက်ဇ်ကမူ မိမိနှင့် အသင်းဖော်များအနေဖြင့် ယခုအခွင့်အရေးမှာ နောက်ထပ် မည်သည့်အချိန်တွင်မှ ပြန်လာနိုင်မည်မဟုတ်ဆိုသည်ကို သိရှိသည်ဟု ဆိုသည်။

    “ကျွန်တော်တို့မှာ အကောင်ဆုံးကစားသမားတွေ မရှိသလို၊ ဘက်ဂျက်လည်း မတောင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုက အခရာကျခဲ့တာပါ။ ကျွန်တော်တို့ ကံလည်း နည်းနည်းကောင်းခဲ့ပါတယ်။ ဒီနှစ်မှ ဖလားမရရင်တော့ နောက် ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ဇန်န၀ါရီလအထိ ဖလားရမယ်လို့ ကျွန်တော်တို့ တွေးတောင်မတွေးခဲ့ပါဘူး။ အဲဒါဟာ ဖြစ်နိုင်ခြေတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခေါင်းထဲကို ၀င်ခွင့်မပြုခဲ့ပါဘူး” ဟု မဟ်ရက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မြိုင်ကြီးငူ၏ တရားမ၀င်ဘုရားတည်နေသည့်ကိစ္စ သာသနာရေးဝန်ကြီးဌာနနှင့် သမ္မတရုံးတို့ထံ အမှုတွဲတင်ပြပြီးဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရဆို

    မြိုင်ကြီးငူ၏ တရားမ၀င်ဘုရားတည်နေသည့်ကိစ္စ သာသနာရေးဝန်ကြီးဌာနနှင့် သမ္မတရုံးတို့ထံ အမှုတွဲတင်ပြပြီးဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရဆို

    M-Media
    ဧပြီ ၂၉ ၊ ၂၀၁၆

    မြိုင်ကြီးငူ ဆရာတော် ဦးသုဇန
    မြိုင်ကြီးငူ ဆရာတော် ဦးသုဇန

    .
    ကရင်ပြည်နယ်အစိုးရထံ မြိုင်ကြီးငူဆရာတော်၏ တရားမ၀င်ဘုရားတည်နေသည့်ကိစ္စအား နိုင်ငံတော်အစိုးရ၏ သာသနာရေးနှင့် ယာဉ်ကျေးမှု ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးရန် ၀န်ကြီး သူရဦးအောင်ကိုက ညွှန်ကြားခဲ့သည်ဟု မြန်မာတိုင်းမ်စ်သတင်းတစ်ရပ်က ဖော်ပြထားပါသည်။
    .
    ကရင်ပြည်နယ်အစိုးရက ယင်းကိစ္စကို သမ္မတရုံးနှင့် သာသနာရေးဝန်ကြီးဌာနသို့ ဧပြီလ ၂၆ ရက်နေ့တွင် အမှုတွဲဖိုင်များနှင့်တကွ သတင်းပေးပို့ပြီးဖြစ်ကြောင်းလည်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ ဦးမင်းတင်ဝင်းကမူ ၄င်းတို့အစိုးရအဖွဲ့အနေဖြင့် မြိုင်ကြီးငူကိစ္စကို ကြားဝင်စေ့စပ်ဖျောင်းဖျပေးဖို့ မြို့နယ်နှင့် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့တို့ထံ မေတ္တာရပ်ခံခဲ့သော်လည်း မဟနက စေ့စပ်ညှိုနှိုင်းမပေးနိုင်ဟု ဖြေကြားခဲ့ကြောင်းဆိုထားသည်။
    .
    ဦးမင်းတင်ဝင်းက “(မဟန) ကော်မတီကို ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်မိတယ်။ ဒီကိစ္စကို ကျွန်တော်တို့က ပြည်ထောင်စုအစိုးရရဲ့ တိုက်ရိုက်ညွှန်ကြားချက်မျိုးနဲ့ ဖြေရှင်းချင်တာ မဟုတ်ဘူး။ ဒီလိုလုပ်လိုက်ရင် လူတွေက အစိုးရကို မွတ်စလင်အစိုးရ၊ ခရစ်ယာန်အစိုးရဆိုပြီး စွပ်စွဲကြလိမ့်မယ်လေ။ ခုထိတော့ သမ္မတရုံးက ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ အကြောင်းပြန်လာတာမျိုး မရှိဘူး” ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။
    .
    သမ္မတရုံး ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဌေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း သူက မြိုင်ကြီးငူ၏ တရားမ၀င်ဘုရားတည်နေသည့် ကိစ္စကို တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သည်ဟု သိရသည်။ မြိုင်ကြီးငူဆရာတော်ကမူ ဘာသာခြားပိုင်နက်နှင့် အနီးနားဝန်းကျင်တွင် ဘုရားနှစ်ဆူတည်ပြီးဖြစ်သော်လည်း နောက်ထပ်ဘုရားများတည်ဖို့ စီစဉ်ထားကြောင်း သိရသည်။
    .
    မြိုင်ကြီးငူ၏ ဘာသာရေးအရ ထိလွယ်ရှလွယ်သည့် ယင်းကိစ္စအတွက် ခရစ်ယာန်နှင့်မွတ်စလင်တို့နှစ်ဘက်စလုံးမှ သည်းခံနေကြဖို့ရန် မိမိတို့သာသနာဝင်များကို တိုက်တွန်းနှိုးဆော်ချက်များ အသီးသီးထုတ်ပြန်၍ တိုက်တွန်းနှိုးဆော်ထားသည်။
    .
    ကရင်ပြည်နယ်အစိုးရက ယင်းကိစ္စအတွက် ယမန်နေ့ (ဧပြီ ၂၈) တွင် အစည်းအဝေးကျင်းပခဲ့ကြောင်း၊ မြိုင်ကြီးငူနှင့်နီးစပ်သော အမျိုးသမီးတစ်ဦးက ကြားဝင်ညှိုနှိုင်းပေးမည်ဟု ကမ်းလှမ်းထားကြောင်း မြန်မာတိုင်းမ်စ်သတင်းက ဖော်ပြသည်။
    .
    source:mmtimes

  • ဆီးရီးယားငြိမ်းချမ်းရေး ပိုမိုအားထုတ်ရန် အိုဘားမားနှင့် ပူတင်ကို ကုလ တိုက်တွန်း

    ဆီးရီးယားငြိမ်းချမ်းရေး ပိုမိုအားထုတ်ရန် အိုဘားမားနှင့် ပူတင်ကို ကုလ တိုက်တွန်း

    ဧပြီ ၂၉၊ ၂၀၁၆
    M-Media

    un envoy

    – ၂ လတာ ကြာမြင့်နေပြီး ပျက်ဆီးလုဆဲဆဲဖြစ်နေတဲ့ ဆီးရီးယားအပစ်ရပ်ရေးကို အသက်ဆက်ဖို့နဲ့ ပျက်ဆီးသွားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့အတွက် ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စတက်ဖန် ဒီ မစ်တူရာက အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

    အဲလစ်ပိုမြို့နဲ့ အနည်းဆုံး အခြား ၃ နေရာမှာ အပစ်ရပ်ရေး ပျက်ဆီးသွားတဲ့အတွက်လည်း ကုလအထူးကိုယ်စားလှယ်က အလွန်အမင်းစိုးရိမ်တယ်လို့ဆိုပြီး၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ အမြင်တွေမှာ အစိုးရနဲ့ အတိုက်အခံတွေ အမြင်မတူညီတာကိုလည်း တွေ့ခဲ့ရတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အစကောင်းခဲ့တဲ့ (ဆီးရီးယားအပစ်ရပ်ရေး) ကိစ္စ အောင်မြင်မှုဟာ သမ္မတအိုဘားမား၊ သမ္မတပူတင်တို့ရဲ့ အားထုတ်မှုနဲ့ဆက်နွယ်နေတာကြောင့် နောက်ထပ် အမြင့်ဆုံးအဆင့် အားထုတ်မှုကို ချက်ချင်းဆောင်ရွက်ဖို့ အမေရိကန်ရဲ့ ရုရှားတို့ကို ကျွန်တော်က တောင်းဆိုရခြင်းဖြစ်ပါတယ်”

    ဆီးရီးယားပြဿနာ ဖြေရှင်းရေးအတွက် ဆီးရီးယားဆိုင်ရာ နိုင်ငံတကာပံ့ပိုးကူညီရေးအဖွဲ့ ISSG မှာ ပါဝင်တဲ့ အဓိကနိုင်ငံတွေ၊ ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ ၀န်ကြီးအဆင့် အစည်းအဝေးတစ်ခုကို အမေရိကန်နဲ့ ရုရှားတို့က မဖြစ်ဖြစ်အောင် ပြုလုပ်ဖို့လည်း မစ်တူရာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: IINA