ဧပြီ ၃၀၊ ၂၀၁၆
M-Media
– အရည်အသွေးမြင့်ကစားသမားများ ခေါ်ယူရာတွင် မိမိတို့အသင်းမှာ လက်စတာစီးတီးအသင်းထက် ပိုမို၍ ခက်ခဲမည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။
မန်ယူမှာ မနက်ဖြန်တွင် လက်စတာအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး ထိုပွဲတွင် လက်စတာအနိုင်ရပါက အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ဗန်ဂါးလ်မှာလည်း ၂၀၀၉ ခုနှစ်က အသင်းငယ် အေဇက် အလ်ခမာအသင်းကို ဒတ်ခ်ျအမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
မန်ယူတွင် ၂ ရာသီ၌ ပြောင်းရွှေ့ကြေး ပေါင်း သန်း ၁၀၀ ကျောက် သုံးစွဲခဲ့ရသည့် ဗန်ဂါးလ်က အသင်းငယ်များမှာ အသင်းကြီးများထက်ပို၍ အရည်အသွေးမြင့်ကစားသမားများကို ခေါ်ယူရာတွင် လွယ်ကူသည်ဟု ပြောကြားခဲ့သည်။
“အေဇက် ဒါမှမဟုတ် လက်စတာတို့လို အသင်းငယ်လေးတွေဟာ ကစားသမားတွေကို ၀ယ်ယူရာမှာ ပိုပြီးတော့ လွယ်ပါတယ်။ မန်ယူလိုအသင်းမျိုးတောင် အဲဒီလောက်မလွယ်ပါဘူး။ ဈေးအများကြီးပေးရတယ်။ အေးဂျင့်ကိုလည်း ပေးရသေးတယ်။ နောက်မှ ကစားသမားကို ရတာပါ။ အသင်းငယ်တွေမှာ ကစားသမားအပြောင်းအရွှေ့အတွက် ဖိအားလည်းနည်းတယ်။ ကစားရတဲ့ ကစားသမားတွေအတွက်လည်း ဖိအားနည်းပါတယ်။ ဒါဟာ ခြားနားမှုပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
ထို့ပြင် လက်စတာအသင်းကိုလည်း ၎င်းက ထည့်သွင်းချီးကျူးခဲ့ပြီး ရာသီကုန်တွင် ချန်ပီယံဖြစ်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal









