မေး – အင်္ဂလိကန်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီတည်တဲ့ကိစ္စကို ဒေသခံတွေကလည်း ကန့်ကွက်မှုရှိနေတော့ ၀န်ကြီးတို့ အစိုးရအဖွဲ့အနေနဲ့ဘာတွေများ စီစဉ်ဆောင်ရွက်သွားဖို့တွေများ ရှိနေပါသလဲရှင်။
.
ဖြေ – ကွမ်းတောကျေးရွာမှာကို အင်္ဂလိကန် ဘုရားရှိခိုးကျောင်းမှာ စေတီတော်တည်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့က ပြည်နယ်သံဃာ့နာယကအဖွဲ့၊ မြို့နယ်သံဃာ့နာယကအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့၊ အဲ့ဒီကနေပြီးတော့ ဆရာတော်ဆီကို မေတ္တာရပ်ခံစာ ပေးပို့ပါတယ်။ သင်္ကြန်မတိုင်ခင်အချိန်ကပေါ့။ သူနဲ့အလွန်ရင်းနှီးတဲ့ဒကာနဲ့ စာတစ်စောင် ပေးခိုင်း ပါတယ်။ စာရောက်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဆရာတော်ဘုရားဆီက ဘာအကြောင်းပြန်ချက်မှ မရပါဘူး။ မရဘဲနဲ့ အခုလို ၂၃ ရက်နေ့မှာ ဘုရားထီးတင်လိုက်တယ်ဆိုတဲ့ အခြေအနေအထိကို ရောက်သွားပါတယ်။ ရောက်သွားတော့ ကျွန်တော်တို့က တျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သဘောထားကို သွားပြောပြတယ်။ ကျွန်တော်တို့ကတော့ ပွတ်တိုက်မှု မဖြစ်စေချင်ဘူး၊ ခရစ်ယာန်ကရင်နဲ့ ဗုဒ္ဓဘာသာကရင်နဲ့ကြားထဲမှာ ပဋိပက္ခတစ်စုံတစ်ရာဖြစ်တဲ့အဆင့်ကို ရောက်သွားရင် လမ်းလွဲကုန်မယ်။ အဲ့ဒါမျိုး မဖြစ်အောင် ထိန်းသိမ်းလုပ်ဖို့ ကျွန်တော်တို့ပြောတဲ့နေရာမှာ ဆရာတော်က မရှိဘူး။ ကျွန်တော်တ့က အကျူးကျော်ခံနေရတဲ့ ခရစ်ယာန် ဘာသာဝင်တွေနဲ့ သူတို့ရဲ့ဆရာကိုပဲ ကျွန်တော်တို့ပြောရတဲံသဘောမျိုး ဖြစ်နေတယ်။ အစိုးရအဖွဲ့သဘောထားကတော့ ဘယ်ကြိုက်မလဲလေ။ ဒီလိုလုပ်ငန်းမျိုးက ကျွန်တော်တို့ပြည်နယ်အတွင်းထဲမှာ ဘာသာရေးအရ ပဋိပက္ခဖြစ်မယ့်အလုပ်တွေကို ကျွန်တော်တို့ သဘောတူမှာမဟုတ်ပါဘူး။ ကြိုတင်ကာကွယ်တဲ့ကြားက မဖြစ်ဖြစ်အောင်ဖြစ်သွားတာပါ။ ကျွန်တော်တို့ပြည်ထောင်စု အစိုးရဆီကိုတော့ အစီရင်ခံစာတင်ထားပြီးတော့ ပြည်ထောင်စုအစိုးရရဲ့လမ်းညွှန်မှုကို စောင့်နေပါတယ်။
.
မေး – ဒီ မြိုင်ကြီးငူဆရာတော်အနေနဲ့ပေါ့နော်။ ဒီလှိုင်းဘွဲ့မြို့နယ် အမှတ် ၅ ရပ်ကွက်က မွတ်စ်လင်မ်တွေနေတဲ့ လမ်းအလယ်မှာ လည်း စေတီတည်ဖို့ စီစဉ်နေတယ်ဆိုပြီးတော့လည်း ကျွန်မတို့ ကြားရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရော ၀န်ကြီးတို့ အစိုးရဖက်က ဆောက်လုပ်ခွင့်ပေးသွားဖို့များ ရှိသလားရှင့်။
.
ဖြေ – အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝင်းထဲမှာ ဘုရားဆောက်တည်ခွင့် ကျွန်တော်တို့ မပေးပါဘူး။ မပေးတဲ့အပြင် အဲ့ဒီဗလီဘေးမှာ ဆိုက်ကားတစ်စင်းလောက်သွားနိုင်တဲ့လမ်းကြားလေးတစ်ခုရှိတယ်။ အဲ့ဒီလမ်းကြားထဲမှာ ဘုရားဆင်းတုမြှုပ်ထားတယ်ဆိုတဲ့ သဘောမျိုး။ အဲ့ဒါ ဗလီအဖွဲ့တွေကရော ရွှေဂွန်းက ဗုဒ္ဓဘာသာတွေကရော တိုင်ပါတယ်။ ခုလောလောဆယ် အဲ့ဒီနေရာကို ရွေဂွန်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက အဲ့ဒီအပေါ်ကို တိုင်ကီပြတ်နှစ်လုံး၊ အဲ့ဘေးနားက သစ်သားတိုင်တွေနဲ့ သေချာ အကာအရံလုပ်ထားတယ်။ ဆိုလိုတဲ့သဘောက အဲ့ဒီမှာရှိတဲ့ဆင်းတုတော်ကို တစ်ယောက်ယောက်က ဖော်သွားလိုက်ရင် – ဒီကုလားတွေ ဖော်တယ် ဆိုပြီးတော့မှ ပြဿနာရှာကြပြန်ရင် ဒီအခါ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ရောပေါ့။
.
မေး – ၀န်ကြီးတို့လည်းပေါ့နော်။ ဒီလှိုင်းဘွဲ့မြို့နယ်အတွင်းမှာ ဒီခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီတည်တဲ့ကိစ္စ၊ မွတ်စ်လင်မ်တွေနေတဲ့လမ်းထဲမှာ စေတီတည်ဖို့ စီစဉ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မလုပ်ဖို့လည်း မြိုင်ကြီးငူဆရာတော်ကို လျှောက်ထားတာရှိတယ်။ ဒါပေမယ့် ဒီကွမ်းတောကျေးရွာက ဒီခရစ်ယာန်ကျောင်းဝင်းအတွင်းမှာဆိုရင် ထီးတင်ပွဲတောင် ပြီးသွားပြီဆိုတော့ ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်သွားဖို့တွေများ ရှိမလဲရှင်။
.
ဖြေ – ကျွန်တော်တို့ ဒီမနက်မှာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစည်းအဝေးလုပ်ပါတယ်။ ကျွန်တော်တို့ ထုတ်ဖော်ပြောခွင့် မရှိသေးလို့ပါ။ ကျွန်တော်တို့ကတော့ ဒါနဲ့ပတ်သက်ပြီးတော့ တော်တော်လေး အပူတပြင်း ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်မြို့တော့ အများအားဖြင့် ခွင့်လွှတ်စာနာသနားတတ်တဲ့ စိတ်ထားမျိုးတွေ ရှိကြတယ်။ ပဋိပက္ခအသွင်ဆောင်တဲ့ အဆင့်အထိတော့ ရောက်ဖို့ နည်းနည်း နည်းမယ်ထင်တယ်။ အဲ့ဒါ သူတို့စိတ်ဓာတ်အခံက ကောင်းလို့ပါ။ ကျွန်တော်တို့လည်း ၀ိုင်းဝန်းကြမှာပါ။
.
မေး – လက်ရှိအစိုးရမတိုင်ခင်ကပေါ့၊ ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်းကလည်း ဒီဖားအံမြို့နယ်က ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ ဒီလိုစေတီတည်တဲ့ကိစ္စမျိုးတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။
.
ဖြေ – ကြားကြမှာပါ။ ဟုတ်ပါတယ်။
.
မေး – အဲ့ဒီအခြေအနေကရော ခုလက်ရှိအနေအထားမှာ ဘယ်လိုများရှိသလဲ။
.
ဖြေ – ဒီကိစ္စကတော့ အဲ့ဒီမြေတွေကို မြိုင်ကြီးငူဆရာတော်က စေတီတည်သွားပြီးတော့ အဲ့ဒီတစ်ခြမ်းခြမ်း လိုက်ပြီးတော့ စေတီကို လှူလိုက်တယ်။ နေရာကိုဖယ်ထုတ်လိုက်တယ်။ အဲ့လိုမှမလုပ်ရင်လည်း ဘယ်လိုမှ ပြတ်နိုင်တဲ့ အခြေအနေမရှိလို့ပါ။ အဲ့ဒါ ကျွန်တော်တို့လုပ်ခိုင်းတာမဟုတ်ဘူး။ သူတို့ဖာသာသူတို့ လုပ်ကြတာပါ။ အခု ဘာသာပေါင်းစုံအဖွဲ့ကလည်း ဘယ်လိုလုပ်ရမလဲလို့ အကြိတ်အနယ်ကြိုးစားနေကြတယ်။ သူတို့အားလုံးက ပဋိပက္ခကို မဖြစ်စေချင်ပါဘူး။
.
မေး – အစိုးရအဖွဲ့ကရော ဒါတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေများ ရှိလာနိုင်မလားရှင့်။
.
ဖြေ – ကျွန်တော်တို့ အဲ့ဒီလို အရေးယူလို့ရတဲ့အနေအထားမျိုးက ကျွန်တော်တို့မှာ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ရှိပေမယ့် ကျွန်တော်တို့လုပ်လိုက်တဲ့ပြဿနာကို ကျွန်တော်တို့ကြောင့် ပွတ်တိုက်မှု ပိုပြီးတော့ကြီးလာတာမျိုး မဖြစ်အောင်လို့တော့ ကျွန်တော်တို့ သတိကြီးကြီးထားပြီးတော့ ကိုင်ဆောင်နေပါတယ်။
.
မေး – ၀န်ကြီး အခုလို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် RFA က ကျေးဇူးတင်ပါတယ်ရှင်။
.
ဖြေ – ဟုတ်ကဲ့ပါ။
Blog
-
လတ်တလော ဘာသာရေးပြသနာများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းနှင့် RFA ဆက်သွယ်မေးမြန်းချက်
-
နိုက်ဂျီးရီးယားတွင် ပြန်ပြည့်ဖြိုးမြဲစွမ်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပမည်
ဧပြီ ၂၄၊ ၂၀၁၆
M-Media– ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်နဲ့ ကုန်စည်ပြပွဲတစ်ခုကို နိုက်ဂျီးရီးယားနိုင်ငံရဲ့ မြို့တော် အဘူဂျာမှာ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကဏ္ဍ၊ ပြည်တွင်းနဲ့နိုင်ငံတကာက လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ နည်းပညာတီထွင်သူတွေ၊ ထုတ်လုပ်သူတွေနဲ့ သက်ဆိုင်ရာ ရှယ်ယာရှင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
နှစ်ရက်တာကျင်းပမယ့်အဲဒီဖိုရမ်ကို ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ချုပ် (UNIDO)၊ နိုက်ဂျီးရီးယားအစိုးရ၊ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ၀န်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သွားမှာ ဖြစ်ပါတယ်။
“ဒီဖိုရမ်ကနေ နိုက်ဂျီးရီးယားရဲ့ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှာ အခွင့်အလမ်းတွေ၊ ဖြစ်နိုင်ချေတွေနဲ့ အလားအလာတွေအကြောင်းကို အသိပညာ ပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ ပြည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးရေးတွေမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကို အားပေးပံ့ပိုးသွားဖို့၊ လက်တွေ့စီမံချက်တွေကို တွက်ချက်နိုင်ဖို့ ကူညီပေးသွားမှာပါ။ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဒီနယ်ပယ်မှာ ဘဏ္ဍာရေးအခွင့်အလမ်းတွေနဲ့ ထိတွေ့စေမှာပါ” လို့ UNIDO ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ချုမား အီဇီဒင်းမား က ပြောကြားခဲ့ပါတယ်။
အဲဒီဖိုရမ်မှာ ခေတ်ပေါ်ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို ခင်းကျင်းပြသသွားမှာ ဖြစ်ပြီး နိုက်ဂျီးရီးယားမှာ ပြည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွေကို ငွေကြေးထာက်ပံ့နိုင်ဖို့ စီးပွားရေးတွေ့ဆုံမှုတွေအတွက် အခွင့်အလမ်းလည်း ဖြစ်လာနိုင်ပါတယ်။
Ref: IINA
-
ဆီးရီးယားပဋိပက္ခကြောင့် သေဆုံးသူ ၄ သိန်းရှိလာ
ဧပြီ ၂၄၊ ၂၀၁၆
M-Media– ပြည်ပက ထောက်ပံ့ပေးထားပြီး ငါးနှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ လေသိန်းအထိရှိလာပြီလို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က စတာဖန် ဒီ မစ်တူရာက ပြောကြားလိုက်ပါတယ်။
သောကြာနေ့က ဂျီနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပြီး ဒီအချက်အလက်ဟာ ၎င်းရဲ့ ကိုယ်ပိုင်သုံးသပ်ချက်အပေါ် အခြေခံထားတာ ဖြစ်ကာ အတိအကျမဟုတ်ဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အချက်အလက်အတိအကျရဖို့အတွက် ကောက်ယူနိုင်တဲ့အခြေအနေမရှိလို့ လူသေဆုံးမှုအရေအတွက်ကို တရားဝင်မပြောကြားတော့ဘူးလို့ ကုလက ဆုံးဖြတ်ပြီးနောက်မှာ မစ်တူရာရဲ့ ဒီကိန်းဂဏန်း ပေါ်ထွက်လာတာပါ။
ဒီအရေအတွက်ဟာ ဆီရီးယားရဲ့ မူဝါဒဆိုင်ရာသုတေသနဌာနက ဖေဖော်ဝါရီလမှာ တွက်ချက်ထားတာနဲ့ နီးစပ်ပါတယ်။ အဲဒီဌာနက ဆီးရီးယားပဋိပက္ခကြောင့် လူသေဆုံးမှုဟာ ၄၇၀၀၀၀ ကျော်ရှိပြီလို့ ဆိုပါတယ်။
ဆီးရီးယားမှာ ၂၀၁၁ မတ်လကတည်းက အာဆတ်အစိုးရတပ်တွေနဲ့ နိုင်ငံရပ်ခြား ကျောထောက်နောက်ခံပြု အတိုက်အခံတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအချိန်အထိတော့ ပြီးဆုံးမယ့်အလားအလာ မရှိသေးပါဘူး။
Ref: Presstv
-
ထိုင်းတက္ကသိုလ်တစ်ခုတွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖွင့်လှစ်
ဧပြီ ၂၄၊ ၂၀၁၆
M-Media– တိုင်းနိုင်ငံ နာရာသီဝပ်ပြည်နယ်ရှိ နာရာသီဝပ်မင်းသမီး တက္ကသိုလ် (PNU) ပရ၀ုဏ်အတွင်း ဗလီဝတ်ကျောင်းတော်တစ်လုံးကို ယမန်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ထိုင်းအစ္စလာမ်ဘာသာရေးဆိုင်ရာ အကြီးအကဲ အဇစ် ဖီသက်ကမ်ပွန် တက်ရောက်ခဲ့သည်ဟု သိရသည်။
အဆိုပါတက္ကသိုလ်တွင် တက်ရောက်သူ ကျောင်းသားအများစုမှာ အစ္စလာမ်ဘာသာဝင်မျာဖြစ်ကြပြီး ယခုဖွင့်လှစ်လိုက်သည့် ဗလီဝတ်ကျောင်းတော်မှာ တက္ကသိုလ်အတွင်းရှိ ကျောင်းသားများနှင့် အနီးအနားပတ်ဝန်းကျင်ရှိ မွတ်စလင်ပြည်သူများ ၎င်းတို့၏ ဘာသာရေးဆိုင်ရာ တာဝန်ကို ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေလိ့မ်မည်ဟု Thailand National News Bereau သတင်းဌာနက ဖော်ပြခဲ့သည်။
အကြီးအကဲ အဇစ် ဖီသက်ကမ်ပွန်ကမူ ဗလီဝတ်ကျောင်းတော်ဆိုသည်မှာ မွတ်စလင်များ စုဝေးကာ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်သည့်နေရာဖြစ်ပြီး PNU တက္ကသိုလ်ရှိ ကျောင်းသားများ၏ ၈၀ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်သောကြောင့် ယခုကဲ့သို့ ဗလီတည်ဆောက်ပေးသည့် လုပ်ရပ်မှာ မှန်ကန်ကြောင်း၊ အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ့်သွန်သင်များနှင့် လျော်ညီသည့် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာရေး ကျောင်းသားများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“တက္ကသိုလ်ပရ၀ုဏ်အတွင်းမှာ ဗလီဝတ်ကျောင်းတော် တည်ရှိခြင်းက လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားစွာ ညီညွတ်မှုကို မြှင့်တင်ပေးပြီး၊ အတူတကွ သဟဇာတဖြစ်စွာနေထိုင်ဖို့ ပြည်သူတွေကို တိုက်တွန်းအားပေးမှုလည်း ဖြစ်လာမှာပါ။ ပြီးတော့ တောင်ဘက်နယ်ခြားဒေသတွေမှာ ကာလရှည်ဖြစ်ပွားနေတဲ့ အခြေအနေအတွက်လည်း အကျိုးကျေးဇူး ဖြစ်ထွန်းမှာပါ” ဟု အဇစ် ဖီသက်ကမ်ပွန်က ပြောကြားခဲ့သည်။
ဗလီဝတ်ကျောင်းတော် ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းအစိုးရ တာဝန်ရှိသူများ၊ တက္ကသိုလ် အကြီးအကဲများ၊ မလေးရှားနိုင်ငံမှ ဘာသာရေးခေါင်းဆောင်များနှင့် အင်ဒိုနီရှား ပညာရေးအကြီးအကဲဟောင်းတို့ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် “ဗလီဝတ်ကျောင်းတော်အခန်းကဏ္ဍနှင့် တောင်ပိုင်းနယ်ခြားဒေသများတွင် ငြိမ်းချမ်းရေး မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “တက္ကသိုလ်ဝင်းရှိ ဗလီဝတ်ကျောင်းတော်က ကျောင်းသားများနှင့် လူ့အဖွဲ့အစည်းအတွက် ဘာတွေပေးနိုင်သလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့သည်။
Ref: Thainews
-
စားနပ်ရိက္ခာဖူလှုံရေး ၇ ကြိမ်မြောက် ၀န်ကြီးအဆင့် ညီလာခံကို အိုအိုင်စီ ကျင်းပမည်
ဧပြီ ၂၄၊ ၂၀၁၆
M-Media– အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် (OIC) က ကာဇက်စတန်နိုင်ငံ၊ အက်စ်တာနာမြို့မှာ ဧပြီလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ စားနပ်ရိပ်က္ခာ ဖူလှုံရေးနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ၀န်ကြီးအဆင့် ၇ ကြိမ်မြောက် ညီလာခံကို ကျင်းပသွားမယ်လို့ သိရပါတယ်။
အဲဒီညီလာခံမှာ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေအတွင်းက လက်ရှိဖြစ်ပေါ်နေတဲ့ စားနပ်ရိက္ခာဖူလှုံရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးမှာဖြစ်ပြီး၊ ကာဇက်စတန်နိုင်ငံမှာ စားနပ်ရိက္ခာ ဖူလှုံရေးဆိုင်ရာ အိုအိုင်စီအဖွဲ့ချုပ် (IOFS) တစ်ခု ဖွဲ့စည်းတည်ထောင်ရေး ကိစ္စလည်း ပါဝင်မှာဖြစ်ပါတယ်။
အိုအိုင်စီအဖွဲ့နဲ့ သူတို့ရဲ့လက်အောက်က အသင်းအဖွဲ့တွေက အကောင်အထည်ဖော်ကြနေကြတဲ့ အစီအစဉ်တွေ၊ စီမံကိန်းတွေကို အထောက်အကူပေးဖို့အတွက် ရည်ရွယ်ကာ ဒီညီလာခံကို ကျင်းပတာဖြစ်ပါတယ်။
ဆွေးနွေးမယ့် အစီအစဉ်တွေထဲမှာ စားနပ်ရိက္ခာဖူလှုံရေးဆိုင်ရာ ဂျစ်ဒါကြေငြာချက်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစ္စလာမ့်မစ် ညီညွတ်ရေး ရန်ပုံငွေအဖွဲ့က အကောင်အထည်ဖော်နေတဲ့ စက်ဆက်စီမံကိန်းတွေ၊ နောက်ပြီး အလယ်အာရှနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အိုအိုင်စီ လုပ်ငန်းဆောင်ရွက်မှု စီမံချက်၊ အခြားသော အစီအစဉ်တွေ၊ စီမံကိန်းတွေလည်း ပါဝင်ပါတယ်။
နောက်ပြီး အိုအိုင်စီရဲ့ စားနိပ်ရိပ်က္ခာဖူလှုံရေးနဲ့ ဆက်စပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးနဲ့ စားနပ်ရိက္ခာဖူလှုံရေးဆိုင်ရာ ဂျစ်ဒါကြေညာချက်ကို လက်တွေ့ အကာင်အထည်ဖော်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ စားနပ်ရိက္ခာ ဖူလှုံရေးအပေါ် အိုအိုင်စီရဲ့ လက်တွေ့စီမံချက်နဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။
Ref: IINA