News @ M-Media

Blog

  • ရုရှားကို ယူကရိန်းနိုင်ပြီ

    ရုရှားကို ယူကရိန်းနိုင်ပြီ

    မေ ၁၄၊ ၂၀၂၂
    M-Media

    -ယူကရိန်းနိုင်ငံအရှေ့ပိုင်းက အရေးပါတဲ့ ခါကစ်ဗ်မြို့တိုက်ပွဲမှာ ယူကရိန်းဘက်က အနိုင်ရတဲ့ အခြေအနေတွေ တွေ့ရတယ်လို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ IOW က ပြောပါတယ်။ 

    ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အားကောင်းလာတာ၊ စစ်ကူ အချိန်မီ မပို့နိုင်တာတွေကြောင့် ရုရှးတပ်ဖွဲ့တွေဟာ သူတို့သိမ်းထားတဲ့နေရာတွေကနေ ရုရှားနိုင်ငံဖက်ကို ပြန်လည် ဆုတ်ခွာနေရတာ ဖြစ်ပါတယ်။ 

    ခါကစ်ဗ်မြို့ မြောက်ဖက်နဲ့ အရှေ့မြောက်ဖက်က ကျေးရွာတွေကို ပြန်လည်သိမ်းပိုက်နိုင်ပြီး၊ ရုရှားတပ်ဖွဲ့တွေကို နယ်စပ်အထိ မောင်းထုတ်နိုင်ခဲ့တယ်လို့ ယူကရိိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။ 

    ခါကစ်ဗ်ဟာ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်ပြီး ဖေဖော်၀ါရီကစတင်ရဲ့ ရုရှားရဲ့ကျူးကျော်မှုမှာ အဓိကပစ်မှတ်လည်း ဖြစ်ပါတယ်။ 

    ယူကရိန်းစစ်တပ်ရဲ့ အခုအောင်ပွဲဟာ ရုရှားကျူးကျော်စစ်မှာ ချိန်ခွင်လျှာအပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 
    လာမယ့်ဇွန်လ ဒုတိယပတ်မှာ ရုရှားနိုင်ငံထဲထိ ၀င်ရောက်ထိုးစစ်ဆင်ဖို့ ယူကရိန်းက စီစဥ်ထားပါတယ်။ 

    Ref: Reuters 

  • လမြေကြီးတွင် သိပ္ပံပညာရှင်များ အပင်စိုက်နိုင်ပြီ

    လမြေကြီးတွင် သိပ္ပံပညာရှင်များ အပင်စိုက်နိုင်ပြီ

    မေ ၁၃၊ ၂၀၂၂

    M-Media 


    -လပေါ်ကယူဆောင်လာတဲ့ မြေကြီးမှာ သိပ္ပံပညာရှင်တွေက ပထမဆုံးအကြိမ် အောင်မြင်စွာ အပင်စိုက်နိုင်ခဲ့ပါတယ်။ 

    ဒီအောင််မြင်မှုဟာ တစ်ခြားဂြိုဟ်တွေမှာ လူတွေ အခြေချ နေထိုင်နိုင်ရေး အရေးပါတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ 

    ၁၉၆၉-၁၉၇၂ ခုနှစ် Apollo အာကာသယာဥ်ရဲ့ လသွားခရီးစဥ်ကနေ ယူဆောင်လာတဲ့ မြေသားနမူနာမှာ သိပ္ပံပညာရှင်တွေက ဟင်းခတ်ပင်တစ်မျိုးကို စိုက်ပျိုးခဲ့တာပါ။ 

    လမြေဟာ မှုန့်ညက်ပြီး ကမ္ဘာမြေကြီးနဲ့ မတူဘဲ အော်ဂဲနစ် ဓာတ်ပစ္စည်းတွေ မပါ၀င်ပါဘူး။ ဒါပေမယ့် အစေ့ချပြီး ၂ ရက်အကြာမှာ အပင်ပေါက်လာတာ ဖြစ်ပါတယ်။ 

    စမ်းသပ်မှုမှာပါ၀င်တဲ့ သိပ္ပံပညာရှင်တွေက လမြေမှာ ဒီလို အပင်စိုက်နိုင်တာဟာ လနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ ရင်းမြစ်တွေကို အသုံးချကာ အနာဂတ် အာကာသ ရှာဖွေမှုတွေ လုပ်ဆောင်နိုင်မယ့် ကြီးမားတဲ့ လမ်းကြောင်းတစ်ခု ပွင့်သွားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    အမေရိကန် အာကာသအေဂျင်စီဖြစ်တဲ့ နာဆာဟာ လပေါ်မှာ လူတွေအခြေစိုက်ပြီး နက်ရှိုင်းတဲ့ အာကာသထဲကို ဆက်လက်စူးစမ်းလေ့လာဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ 

    လမြေကြီးပေါ်မှာ အပင်စိုက်နိုင်တာဟာ စိုက်ပျိုးရေးကဏ္ဍမှာ ထူးခြားတဲ့ နည်းလမ်းသစ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်က စိုက်ပျိုးရခက်တဲ့ ဒေသတွေမှာပါ ဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။

    Ref: Reuters 

  • မြန်မာ့အရေး အာဆီယံက အတိုက်အခံအင်အားစုများနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်မည်

    မြန်မာ့အရေး အာဆီယံက အတိုက်အခံအင်အားစုများနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်မည်

    မတ် ၁၃၊ ၂၀၂၂

    M-Media


    -မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းရေး အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်လို့ အဆင်မပြေတဲ့အတွက် အာဆီယံဟာ  အမျိုးသားညီညွတ်ရေးအစိုးရအပါအ၀င် အတိုက်အခံ အင်အားစုတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ စဥ်းစားလာပါတယ်။ 

    မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ ပိုမိုဆက်သွယ်ဆောင်ရွက်သွားဖို့ အစီအစဥ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ လူသိရှင်ကြား ထုတ်ပြောလာတာပါ။ 

    ဒီအစီအစဥ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်နဲ့ အခြား အာဆီယံနိုင်ငံခြားရေး၀န်ကြီးနှစ်ဦးတို့က သဘောကျတယ်လို့ ဆိုက်ဖူဒင်က မလေးရှား ပြည်တွင်းသတင်းဌာနကို မနေ့မှာ ပြောကြားခဲ့ပါတယ်။ 

    ဆိုက်ဖူဒင်ဟာ NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ စနေန့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။  

    အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ကျင်းပပြုလုပ်နေပြီး NUG က တာ၀န်ရှိသူတစ်ချို့ဟာ အမေရိကန်၊ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ 

    Ref: The Diplomat  

  • ဘောလီး၀ုဒ်ရုပ်ရှင် Kashmir Files ကို စင်ကာပူက ဘာ့ကြောင့် ပိတ်တာလဲ

    ဘောလီး၀ုဒ်ရုပ်ရှင် Kashmir Files ကို စင်ကာပူက ဘာ့ကြောင့် ပိတ်တာလဲ

    မေ ၁၂၊ ၂၀၂၂

    M-Media 


    -အငြင်းပွားမှုတွေရှိနေတဲ့ ဘောလီး၀ုဒ်ရုပ်ရှင် Kashmir Files ကို ပြသခွင့်မပြုဘူးလို့ စင်ကာပူအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

    မတ်လအတွင်းက အိန္ဒိယမှာ ရုံတင်ခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ အိန္ဒိယအစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုဒဏ်ကို ခံနေရတဲ့ မွတ်စလင်အများစုရှိရာ ကက်ရှ်မီးယားဒေသကို အခြေခံ ရိုက်ကူးထာတာပါ။ 

    ၁၉၈၉-၁၉၉၀ ကက်ရှ်မီးယားက အဓိကရုဏ်းအတွင်း မိဘနှစ်ပါး အသတ်ခံရတာကို ဟိန္ဒူတက္ကသိုလ်ကျောင်းသားတစ်ဦး သိရှိသွားတဲ့ စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်ပါတယ်။ 

    အဲဒီဇာတ်လမ်းထဲမှာ ကက်ရှ်မီးယားက ဟိန္ဒူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာ၊ မောင်းထုတ်ခံရတာကို အသားပေး ဖော်ပြထားပါတယ်။ 

    ကက်ရှ်မီယားဒေသခံတွေက ဒီရုပ်ရှင်ဟာ မခိုင်မာတဲ့အချက်အလက်တွေနဲ့ မွတ်စလင်ဆန့်ကျင်ရေး သဘောထားကို လှုံ့ဆော်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ၀ေဖန်ထားပါတယ်။ 

    စင်ကာပူ မီဒီယာ အာဏာပိုင်အဖွဲ့၊ ယဥ်ကျေးမှု၀န်ကြီးဌာနနဲ့ ပြည်ထဲရေး၀န်ကြီးဌာနက ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ Kashmir Files ရုပ်ရှင်ဟာ စင်ကာပူက သတ်မှတ်ထားတဲ့ ရုပ်ရှင်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ပြောကြားထားပါတယ်။

    လက်ရှိ ဆက်ဖြစ်နေဆဲ ကက်ရှ်မီးယားပြဿနာမှာ ဟိန္ဒူတွေက ဖိနှိပ်ညှင်းပမ်းမှု ခံနေရတဲ့ပုံစံမျိုး၊ မွတ်စလင်တွေနဲ့ပတ်သက်ပြီး ရန်လိုတဲ့ တစ်ဖတ်သတ်ဖော်ပြချက်မျိုး ရုပ်ရှင်မှာ ပါ၀င်နေပြီး ဒါဟာ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအကြား ရန်လိုမှုဖြစ်နိုင်ကာ စင်ကာပူရဲ့ လူမျိုးစုံ ဘာသာစုံအသိုက်အ၀န်းမှာ လူမှုရေး၊ ဘာသာရေး သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်တယ်လို့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ 

    Ref: CNA 

  • အိန္ဒိယမှ အပူလှိုင်း ငှက်များပင် မခံနိုင်

    အိန္ဒိယမှ အပူလှိုင်း ငှက်များပင် မခံနိုင်

    မေ ၁၂၊ ၂၀၂၂

    M-Media 


    -အပူလှိုင်းဖြတ်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှာ ခိုနဲ့ စွန်တို့လို အမြင့်ပျံငှက်တွေ မြေပြင်ပေါ် ပြုတ်ကျလာတဲ့ အဖြစ်အပျက်တွေ များလာပါတယ်။ 

    တိရိစ္ဆာန်ကု ဆရာ၀န်တွေက ငှက်တွေဟာ အပူဒဏ်ကြောင့် မောပန်းနေပြီး၊ ရေရှားပါးလာတဲ့အတွက် ရေမသောက်ရဘဲ ရေဓာတ်ခမ်းခြောက်ကာ ဒီလို ပြုတ်ကျလာတာဖြစ်တယ်လို့ ပြောပါတယ်။ 

    အိန္ဒိယအပါအ၀င် တောင်အာရှနိုင်ငံတွေဟာ ၁၀ စုနှစ်များစွာအတွင်း အဆိုးရွားဆုံး အပူချိန်မြင့်တက်မှုကို ကြုံတွေ့နေရတာပါ။ 

    ဂူဂျာရတ်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ငှက်ထောင်ချီကို ကူညီကယ်ဆယ်ပေးခဲ့ရတယ်လို့ တိရိစ္ဆာန်ကု ဆရာ၀န်တွေက ပြောပါတယ်။ 

    ငှက်တွေကို ကယ်ဆယ်ပေးရတဲ့ ပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ၁၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ ဆရာ၀န်တွေဟာ ဗိုက်တာမင်တွေတိုက်တာ၊ ရေတိုက်တာလို ပြုစုကုသမှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera