News @ M-Media
Blog
  • အိုအိုင်စီညီလာခံတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အဓိကထား ဆွေးနွေးမည်
    အိုအိုင်စီညီလာခံတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အဓိကထား ဆွေးနွေးမည်
    ဧပြီ ၁၃၊ ၂၀၁၆
    M-Media
    oic
    – အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် (အိုအိုင်စီ) က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ၎င်းတို့ရဲ့ ပုံမှန်စည်းဝေးပွဲတစ်ခုကို စတင်ကျင်းပနေပြီး ပါလက်စတိုင်းကိစ္စ၊ အဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခများနဲ့ အကြမ်းဖက်နှိမ်နင်းရေး စတာတွေကို အလေးထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
    ၁၃ ကြိမ်မြောက် အိုအိုင်စီ ပုံမှန်ညီလာခံကို တနင်္လာနေ့မှာ စတင်ခဲ့ပြီး ပထမနေ့မှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကို သတ်မှတ်ခဲ့ကာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။
    ကြာသပတေးနဲ့ သောကြာနေ့မှာတော့ တူရကီသမ္မတ အာဒိုဂန်က ဦးဆောင်ကျင်းပတဲ့ အဲဒီ ထိပ်သီးအစည်းအဝေးကို နိုင်ငံ့ခေါင်းဆောင် ၃၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်။ ဧည့်သည်တော်အဖြစ် တက်ရောက်မယ့်သူတွေထဲမှာ ဆော်ဒီဘုရင် ဆလ်မန်လည်း ပါဝင်မှာဖြစ်ပြီး အခမ်းအနားအတွက် အစ္စတန်ဘူတစ်မြို့လုံးမှာ လုံခြုံရေးကို အမြင့်ဆုံး ချထားပါတယ်။
    ဆော်ဒီဘုရင်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီဂျစ်ကို သွားရောက်ခဲ့ရာမှာ အစ္စလာမ်ကမ္ဘာစည်းလုံးညီညွတ်ဖို့၊ အကြမ်းဖက်ဝါဒကို ပူးပေါင်းတိုက်ဖျက်တို့အတွက် တိုက်တွန်းဆော်သြခဲ့ပါတယ်။
    Ref: Arab News
  • ဇီကာဗိုင်းရပ်စ်မှာ ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသည် အမေရိကန်ပြော
    ဇီကာဗိုင်းရပ်စ်မှာ ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသည် အမေရိကန်ပြော
    ဧပြီ ၁၃၊ ၂၀၁၆
    M-Media
    zika
    – ဇီကာဗိုင်းရပ်စ်ပိုးဟာ အရင်တုန်းက ခန့်မှန်းထားတာထက် ပိုပြီး ကြောက်စရာကောင်းတယ်လို့ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက တနင်္လာနေ့မှာ သတိပေးလိုက်ပြီး မွေးရာပါ ဦးနှောက်ချို့ယွင်းမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဒီဗိုင်းရပ်စ်ကို နှိမ်နင်းဖို့အတွက် ရံပုံငွေတွေ တိုးမြှင့်ပေးဖို့ လွှတ်တော်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
    ဇီကာဗိုင်းရပ်စ်အတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်အောင် ဒေါ်လာ ၁.၉ ဘီလီယံ ထုတ်ပေးဖို့ အိုဘားမားအစိုးရအဖွဲ့ဟာ လွှတ်တော်မှာ တောင်းဆိုထားပေးမယ့် အဲဒီတောင်းဆိုမှုကိုတော့ လွှတ်တော်က ဆိုင်းငံ့ထားပါတယ်။
    Aedes aegypti ခြင်အမျိုးအစားကနေ ပေါက်ဖွားတဲ့ ဇီကာဗိုင်းရပ်စ်ဟာ မနှစ်ကတည်းက လက်တင်အမေရိကနဲ့ ကာရေဘီယန်ရဲ့ နေရာ ၃၀ ကျော်မှာ လျင်မြန်စွာ ကူးစက်ပြန့်နှံ့ ခဲ့ပါတယ်။ ယင်းဗိုင်းရပ်စ်ဟာ လိင်မှတဆင့် ကူးစက်တာကိုလည်း ရှားရှားပါးပါးတွေ့မြင်ရပါတယ်။
    “ကျွန်မတို့ လုံးဝ အသင့်ပြင်ထားရပါမယ်။ ဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ကျွန်မတို့တွေ့နေရတဲ့ အရာအားလုံးက ပထမကထင်ထားတာထက် ပိုကြောက်စရာကောင်းပါတယ်” လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန တွဲဖက်ဒါရိုက်တာ အန်နီ စခူးချက်က ပြောကြားခဲ့ပါတယ်။
    အမေရိကန်ပိုင်နက်မှာရှိတဲ့ ပေါ်တိုရီကိုဒေသမှာ လာမယ့်နှစ်ကုန်ပိုင်းမှာ လူသိန်းနဲ့ချီ ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်တယ်လို့ သတိပေးမှုလည်း ရှိနေပါတယ်။
    Ref: Arab news
  • နောက်ဆုံး ၅ ပွဲက လက်စတာအတွက် ကြောက်မက်ဖွယ်ဖြစ်မည်ဟု နည်းပြပြော
    နောက်ဆုံး ၅ ပွဲက လက်စတာအတွက် ကြောက်မက်ဖွယ်ဖြစ်မည်ဟု နည်းပြပြော
    ဧပြီ ၁၃၊ ၂၀၁၆
    M-Media
    leister
    – ယခုတစ်ပတ်တွင် ဆန်းဒါးလန်းအား ၂ ဂိုးပြတ်ဖြင့် အနိုင်ကစားပြီး ဒုတိယနေရာမှ စပါးအသင်းအား ၇ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားနိုင်သော်လည်း လက်ကျန် ၅ ပွဲမှာ မိမိတို့အတွက် ကြောက်မက်ဖွယ်ကောင်းသည့် စမ်းသပ်မှုဖြစ်မည်ဟု လက်စတာနည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။
    လက်စတာမှာ နောက်ဆုံး ၅ ပွဲကို ၀က်စ်ဟမ်း၊ ဆွမ်ဆီး၊ မန်ယူ၊ အဲဗာတန်၊ ချယ်ဆီးတို့နှင့် ကစားရမည်ဖြစ်ပြီး ၃ ပွဲ နိုင်ရုံမျှဖြင့် ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း ရာနီယေးရီက မိမိတို့မှာ ကြိုးပမ်းအားထုတ်မှု လျှော့၍မရဟု ဆိုသည်။
    “ပွဲမပြီးသေးပါဘူး။ ကျွန်တော်တို့ အနည်းဆုံးတော့ ချန်ပီယံလိဂ်နေရာ သေချာသွားပါပြီ။ ဒါပေမယ့် နောက်ဆုံး ၃ ပွဲက ကြောက်စရာကောင်းတဲ့ စမ်းသပ်မှု ဖြစ်မှာပါ။ စပါးဟာလည်း အရှုံးပေးမှာ မဟုတ်သလို ကျွန်တော်တို့ကလည်း ဆက်လက်ပြီး အာရုံစူးစိုက်နေရပါမယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    ထို့ပြင် ဆန်းဒါးလန်းနှင့်ပွဲတွင် အင်တိုက်အားတိုက် အားပေးခဲ့သည့် ပရိတ်သတ်များ၏ အပြုအမူအတွက် မိမိ၏ နှလုံးသားအား ဖမ်းစားနိုင်ခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ရမ်ဇာန်ဥပုသ်လအတွင်း ယူအေအီးတွင် ကုန်ဈေးနှုန်း ထက်ဝက်လျော့မည်
    ရမ်ဇာန်ဥပုသ်လအတွင်း ယူအေအီးတွင် ကုန်ဈေးနှုန်း ထက်ဝက်လျော့မည်
    ဧပြီ ၁၃၊ ၂၀၁၆
    M-Media
    UAE
    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၀ယ်လိုအားအများဆုံး ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ယခုနှစ် ရမ်ဇာန်ဥပုဒ်လအတွင်း ၅၀ ရာခိုင်နှုန်းလောက် ဈေးချသွားမယ်လို့ ယူအေအီးရဲ့ စီးပွားရေးဝန်ကြီးဌာနရဲ့ ပြောကြားမှုကို ကိုးကားပြီး Arabian Business သတင်းဌာနက ယမန်နေ့မှာ ဖော်ပြခဲ့ပါတယ်။
    ၎င်းက ယူအေအီးရဲ့ လက်လီအရောင်းဆိုင်တွေဟာ ဥပုသ်လအတွက် လာမယ့်ရက်သတ္တပတ်အတွင်းမှာ လျှော့ဈေးနဲ့ ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အရောင်းဆိုင်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံစဉ် ဒေါက်တာနူအိုက်မီက ၂၀၁၄ ထက်စာလျှင် ပြီးခဲ့တဲ့နှစ် ဥပုသ်လအတွင်းမှာ ဈေးနှုန်း ၂၀ ရာခိုင်နှုန်းလောက် ပိုတက်သွားတာကို ထောက်ပြပြောဆိုခဲ့ပါတယ်။
    တစ်လတာကြာမြင့်မယ့် အစ္စလာမ့်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လဟာ လာမယ့် ဇွန်လဆန်းပိုင်းမှာ ကျရောက်မှာဖြစ်ပါတယ်။
    Ref: IINA
  • ယခုရာသီတွင် ရီးယဲလ်မှာ ဆိုးဆိုးဝါးဝါး မဖြစ်သေးဟု ရော်နယ်ဒိုပြော
    ယခုရာသီတွင် ရီးယဲလ်မှာ ဆိုးဆိုးဝါးဝါး မဖြစ်သေးဟု ရော်နယ်ဒိုပြော
    ဧပြီ ၁၃၊ ၂၀၁၆
    M-Media
    ronaldo
    – ယခုရာသီတွင် မိမိတို့အသင်းမှာ ထင်သလောက် မကောင်းသော်လည်း ဆိုးဆိုးဝါးဝါးမဟုတ်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
    ယနေ့မနက်က ကစားခဲ့သည့် ၀ုလ်ဖ်ဘာ့ဂ်အသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ရော်နယ်ဒို၏ ဟက်ထရစ်ဖြင့် ရီးယဲလ်က အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
    ခြေစွမ်းမပြနိုင်သည့် ရော်နယ်ဒိုနှင့်အတူ ရီးယဲလ်မှာ ယခုရာသီတွင် ဝေဖန်မှုများကို ခံစားနေရသည်။ သို့သော်လည်း ချန်ပီယံလိဂ် ၁၀ ပွဲတွင် ၁၆ ဂိုး သွင်းယူပေးထားသည့် ရော်နယ်ဒိုကမူ မိမိတို့မှာ ဆိုးဆိုးဝါးဝါး မဖြစ်သေးဟု ဆိုသည်။
    “ခြုံပြီးပြောရင် ထင်သလောက်မကောင်းပေမယ့် အဆိုးကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကြိုးစားပမ်းစား အားထုတ်မှုရဲ့ ရလဒ်ပါပဲ။ ကြိုစားသူတွေကို ဘုရားသခင်ကလည်း ကူညီပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ ဆုဖလားနဲ့ လက်တစ်ကမ်းအလိုမှာ ရှိနေပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။
    Ref : Goal