News @ M-Media

Blog

  • ကျည်ဆံနှင့် ဗုံးဆံများအကြား ဆီးရီးယားပြည်သူများ၏ သောကကို ဖြေသိမ့်ပေးကြသူများ

    ကျည်ဆံနှင့် ဗုံးဆံများအကြား ဆီးရီးယားပြည်သူများ၏ သောကကို ဖြေသိမ့်ပေးကြသူများ

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    syria 2

    – ပဋိပက္ခအတွင်း ခြေလက် ဆုံးရှုံးခဲ့ရသူများ လမ်းပြန်လျှောက်နိုင်ရေး၊ ကလေးသဘာဝ ကစားခုန်စားနိုင်ရေးတို့အတွက် ဆီးရီးယားရှိ လူငယ်ကျောင်းသားနှစ်ဦးက ရွေ့လျားဆေးခန်းငယ်လေးဖြင့် တစ်မြို့ဝင်တစ်မြို့ထွက် ကူညီပေးနေသည်။

    လွန်ခဲ့သည့် ၄ နှစ်အတွင်း အဆိုပါ လူငယ်နှစ်ဦးမှာ ခြေလက်အင်္ဂါ ချို့တဲ့နေသော လူပေါင်း ၂၅၀၀၀ ခန့်ကို ခြေလက်တု ၅၀၀၀ ခန့် တပ်ဆင်ပေးခဲ့ပြီဖြစ်သည်။ သာမန်ထရပ်ကားအဖြူဖြင့် ၎င်းတို့၏ ရွေ့လျားဆေးခန်းလေးကို စတင်ခဲ့သည်မှာ ၆ လပင် မပြည့်တတ်သေး။ သို့သော်လည်း အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

    သမ္မတ ဘာရှာ အလ်-အာဆတ် အစိုးရတပ်များနှင့် သူပုန်များအကြား ဖြစ်ပွားခဲ့သည့် ၅ နှစ်ကြာစစ်ပွဲအတွင်း ဆီးရီးယားပြည်သူ အနည်းဆုံး ၂ သိန်းခွဲခန့် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဒဏ်ရရသူများကတော့ ရေတွက်၍ပင်မရ။

    ဒဏ်ရာရသူများစုမှာ အသက် ၁၅ နှစ်မှ ၄၅ နှစ်အရွယ်ကြား ဖြစ်ကြသော်လည်း အဆိုပါ လူငယ်နှစ်ဦး၏ ရွေ့လျားဆေးခန်းက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုပင် ခြေတုလက်တုများ အစားထိုးပေးနေလေသည်။

    “လူနာတစ်ဦး အထူးသဖြင့် ကလေးငယ်လေးတွေကို ခြေတုလက်တု တပ်ပေးတဲ့အချိန် ဖြစ်လာတဲ့ခံစားမှုက ဖော်ပြလို့ကို မရပါဘူး။ သူတို့က လမ်းလျှောက်ချင်တယ်။ ကစားချင်ကြတယ်။ ဒါကြောင့် သူတို့လေးတွေ လမ်းပြန်လျှောက်လို့ရအောင် ကူညီပေးနိုင်တာဟာ တစ်မူထူးခြားတဲ့ ခံစားမှုပါပဲ” ဟု အမ်ဂျဒ် ဟဂ်ျ ခါမစ်က ပြောကြားခဲ့သည်။

    အသက် ၂၄ နှစ်အရွယ်ရှိ ခါမစ်မှာ ဟုမ်စ်တက္ကသိုလ်တွင် ပြင်သစ်စာပေကို သင်ကြားနေသူဖြစ်ပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် အဘ်ဒဲလ်ရာဟင် ခွလ်ဖ်မှာ ကျောင်းဆရာတစ်ယောက်ဖြစ်ရန် သင်တန်းတက်နေသူဖြစ်သည်။ သို့သော်လည်း ကျောင်းတက်ပြီး ၄ လအကြာတွင်ပင် မြို့တွင်း အခြေအနေ ဆိုးလာသောကြောင့် ၎င်းတို့၏ အိပ်မက်အား စွန့်လွှတ်ခဲ့ရသေလည်။

    ထို့နောက် ၎င်းတို့နှစ်ဦးစလုံးမှာ ဆေးရုံတစ်ရုံတွင် အလုပ်ဝင်ခဲ့ပြီး ခြေတုလက်တုများ ပြုလုပ်တပ်ဆင်နည်းကို သင်ကြားခဲ့ရသည်။ ထို့ပြင် တူရကီနယ်စပ်မြို့ ရီဟာနီယာ၊ ပါကစ္စတန်၊ ဗြိတိန်နှင့် ဂျာမနီတို့အထိပင် သွားရောက်သင်ယူခဲ့ရသည်။

    ၎င်းတို့ကုသပေးသော လူနာများတွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ အတိုက်အခံတပ်များ ထိန်းချုပ်ထားရာ အ စ်ဒလစ်ဘ်ပြည်နယ်၊ ဒမတ်စကတ်ရှိ ဒူးမားရပ်ကွက်နှင့် နိုင်ငံမြောက်ပိုင်း အဲလစ်ပိုမြို့မှ လာကြသူများပင် ပါဝင်သည်။ အဲလစ်ပိုမှာ ပဋိပက္ခမဖြစ်ပွားခင် ဆီးရီးယား၌ အကြီးဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။

    ခြေလက်အင်္ဂါချို့တဲ့သူများ၏ အရေအတွက်က ၎င်းတို့၏ ရွေ့လျားဆေးကုခန်းမှ ကူညီပေးနိုင်သည့် ပမာဏထက် ပိုများလေသည်။ ရွေ့လျားဆေးခန်း ရောက်ရှိရာနေရာတိုင်းတွင် လူနာများအား ဗုံးဒဏ်မခံရအောင် ကာကွယ်ပေးရခြင်းမှာ အမြဲတမ်းလိုလို ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်ဟု ခါမစ်က ပြောကြားခဲ့သည်။ ကုလကတော့ ဆီးရီးယားတွင် အကူအညီမရသည့် ပြည်သူအရေအတွက်မှာ ၄.၆ သန်းရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

    ခါမစ်တို့၏ ရွေ့လျားဆေးကုခန်းမှ အကျိုးခံစားရသူများထဲတွင် အဘိုး၏နေအိမ်သို့အသွား မြေမြှုပ်မိုင်း နင်းမိသောကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည့် အသက် ၉နှစ်အရွယ် သမီးငယ်လေး ဆလ်မာလည်း ပါဝင်လေသည်။

    “ဆေးရုံမှာ သတိရလာတော့ သမီးရဲ့ ခြေထောက်တစ်ဖက် မရှိတော့ပါဘူး။ အစကတော့ သမီး အားငယ်သွားတယ်။ ဒါပေမယ့် အဖေက ခြေတောက်အတုရမယ်ဆိုပြီး ပြောလိုက်တော့ တော်တော်ပျော်သွားပါတယ်” ဟု ဆလ်မာက ပြောကြားခဲ့သည်။

    အသက် ၁၄ နှစ်အရွယ် လူငယ်လေး ကူဆေးမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ၎င်း၏ အမြွှာညီအကို အဒီနှင့်အတူ သိုးကျောင်းသွားစဉ် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ခြေထောက်တက်ဖက်နှင့် ညာဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ မိုင်းကို တိုက်ရိုက်နင်းမိခဲ့သည့် အဒီက နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ကူဆေးက အမြှောက်ဆံများမှာ ယခုထိ ၎င်း၏ ဦးနှောက်အနီး ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အစ်ဒလစ်ဘ်ပြည်နယ် အဘူမာလစ်မြို့မှ ကူဆေးတစ်ယောက် ခြေတုလက်တို့ကြောင့် ၎င်း၏ နဂိုမူလ လွတ်လပ်သော သဘာဝအနည်းငယ်ကို ပြန်လည်ရရှိခဲ့လေသည်။

    “ကျွန်တော်က အမြဲတမ်း ထွက်ကစားတယ်။ ဒါမှမဟုတ် သိုးကျောင်းပါတယ်။ အိမ်မှာထိုင်နေရတာကို ကျွန်တော် မကြိုက်ဘူးဗျ” ဟု ကူဆေးက ပြောကြားခဲ့သည်။

    Ref: Reuters

  • အကြမ်းဖက်ဝါဒအား တိုက်ဖျက်သွားရန် အိုအိုင်စီ ထိပ်သီးညီလာခံ ကတိပြု

    အကြမ်းဖက်ဝါဒအား တိုက်ဖျက်သွားရန် အိုအိုင်စီ ထိပ်သီးညီလာခံ ကတိပြု

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    OIC 1

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၃ ကြိမ်မြောက် အိုအိုင်စီ ထိပ်သီးညီလာခံမှာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ ဆီးရီးယားနဲ့ ယီမင်ပဋိပက္ခတွေ အပါအ၀င် ဂိုဏ်းဂန၀ါဒ ကွဲပြားမှု ကျဉ်းမြောင်းအောင် ပြုလုပ်ရေး ကတိက၀တ်တွေနဲ့ အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီထိပ်သီးအစည်းအဝေးကို ဦးဆောင်ခဲ့တဲ့ တူရကီသမ္မ အာဒိုဂန်က ဂိုဏ်းဂန၀ါဒ၊ လူမျိုးရေးခွဲခြားမှုနဲ့ အကြမ်းဖက်ဝါဒတွေဟာ မွတ်စလင်ကမ္ဘာက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီး ၃ ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ မတူညီမှုတွေကို စည်းလုံးညီညွတ်မှုအဖြစ် မပြောင်းလဲဘဲနဲ့ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ဒီထိပ်သီးအစည်းအဝေးမှာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ့်နိုင်ငံတွေအတွက် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ကတော့ မွတ်စလင်အားလုံးကို စည်းလုံးညီညွတ်မှု၊ သဟဇာတဖြစ်မှု သတင်းစကား ပေးအပ်ဖို့ပါပဲ” လို့ အာဒိုဂန်က မွတ်စလင်ကမ္ဘာက ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဒီထိပ်သီးအစည်းအဝေးဟာ မိမိတို့ရဲ့ ခေတ်သစ်အစလို့လည်း သူက ဆိုပါတယ်။ အဲဒီ အိုအိုင်စီ ထိပ်သီးညီလာခံမှာ ဆုံးဖြတ်ချက်ပေါင်း ၂၀၀ ကျော်လောက် ချမှတ်ခဲ့ပါတယ်။

    ပါလက်စတိုင်းပြဿနာဟာ မွတ်စလင်ကမ္ဘာအတွက် အရေးပါဆုံး ပြဿနာအဖြစ် သတ်မှတ်ခဲ့ပြီး ၄၉ နှစ် ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခါးစီးခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေနဲ့ မိမိတို့ဟာ အတူတကွရှိနေတယ်လို့လည်း ဒီထိပ်သီးအစည်းဝးက ကြေငြာခဲ့ပါတယ်။

    အကြမ်းဖက်ဝါဒနဲ့ ဂိုဏ်းဂန၀ါဒကိုလည်း အိုအိုင်စီထိပ်သီးညီလာခံက ရှုတ်ချခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေကို တားဆီးတိုက်ဖျက်ဖို့အတွက် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့လည်း ကတိပြုခဲ့ကြပါတယ်။

    ၂ ရက်တာကြာမြင့်ပြီး မနေ့က ပြီးဆုံးခဲ့တဲ့ အဲဒီ ထိပ်သီးညီလာခံမှာ အနောက်နိုင်ငံတွေမှာ မြင့်တက်လာတဲ့ နိုင်ငံခြားသားကြောက်ရောဂါ၊ အစ္စလာမ်ကြောက်ရောဂါတွေအတွက် စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပြီး သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဒါတွေကို တိုက်ဖျက်ရေး လိုအပ်တာတွေ ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    နောက်ပြီး လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးရေး၊ ငြိမ်းချမ်းရေး၊ သည်းခံနိုင်စွမ်းတိုးမြှင့်ရေး စတာတွေနဲ့ ပတ်သက်ပြီးတော့လည်း အဖွဲ့ဝင်နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်သွားကြဖို့ ကတိပြုခဲ့ကြပြီး OIC-2025: Program of Action ဆိုရဲ့ ရည်မှန်းချက်တစ်ခုကိုလည်း ချမှတ်ခဲ့ကြပါတယ်။

    Ref: IINA

  • မိမိမှာ မှော်ဆရာမဟုတ်ဟု လက်စတာနည်းပြ ဖွင့်ဟ

    မိမိမှာ မှော်ဆရာမဟုတ်ဟု လက်စတာနည်းပြ ဖွင့်ဟ

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    leister

    – မိမိမှာ မှော်ဆရာမဟုတ်ဘဲ အလုပ်ကြိုးစားသူတစ်ဦးသာဖြစ်ကာ မီဒီယာများက မိမိအား အကောင်းဘက်မှ ဖော်ပြခဲ့ခြင်းအတွက် ၀မ်းမြောက်မိသည်ဟု လက်စတာနည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။

    ရာနီယေးရီ၏ လက်စတာမှာ လက်ရှိ ပရီးမီယားလိဂ်တွင် ဒုတိယမှနေရာမှ စပါးအသင်းအား ၇ မှတ်ဖြတ်ကာ ဦး ဆောင်ထားနိုင်ပြီး အမှတ်ပေးဖလား ဆွတ်ခူးနိုင်ရန် အခြေအနေကောင်းနေသည်။

    ရာနီယေးရီမှာ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ချယ်ဆီ၊ ဗလင်စီယာ၊ အက်သလက်တီကိုမက်ဒရစ်၊ ဂျူဗင်တပ်စ်၊ အင်တာနှင့် မိုနာကိုတို့အပါအ၀င် အသင်းပေါင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသော်လည်း လက်စတာနှင့် ပရီးမီးယား လိဂ်ရရှိပါက ၎င်း၏ ပထမဆုံး အဓိကဆုဖလား ဖြစ်မည်ဖြစ်သည်။

    ရာနီယေးရီမှာ ယခင်က မီဒီယာများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး ယခုတွင်မူ ၎င်းအား အပြုသဘောဆောင်သည့် ဖော်ပြမှုများက နေရာယူလာခဲ့သည်။ ထိုအတွက် ရာနီယေးရီက ကျေနပ်နေသည်။

    “ဒါက ကောင်းပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ ကျွန်တော်က အီတလီနဲ့ ဂရိက သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ မကောင်းတဲ့အခြေအနေမျိုးနဲ့ပဲ ပါဝင်ခဲ့ပါတယ်။ အခုလည်း အဲဒီတုန်းကထက် ဘာမှ မပြောင်းလဲပါဘူး။ ဂရိအသင်းကို နည်းပြတုန်းကဆိုရင် လေးလအတွင်းမှာ ကစားသမားတွေနဲ့ ၁၅ ကြိမ်ပဲ ထိတွေ့ခဲ့ရပါတယ်။ ပွဲမတိုင်ခင် ၃ ရက်အလိုမှာ တွေ့ရတာပါ။ ခြေစမ်းပွဲလည်းမရှိဘူး။ ဘာမှ မရှိပါဘူး။ ကျွန်တော် ဘာမှ လုပ်လို့မရပါဘူး။ ကျွန်တော်က မှော်ဆရာမဟုတ်ဘူး။ အလုပ်ဖိလုပ်သူတစ်ဦးပါ” ဟု ရာနီယေးရီကပြောကြားခဲ့သည်။

    Ref: Goal

  • ဂျာမနီတွင် ဒုက္ခသည်ကလေးငယ် ၆၀၀၀ နီးပါး ပျောက်ဆုံးနေ

    ဂျာမနီတွင် ဒုက္ခသည်ကလေးငယ် ၆၀၀၀ နီးပါး ပျောက်ဆုံးနေ

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    germany

    – ဂျာမနီကို ရှောက်ရှိလာတဲ့ ဒုက္ခသည်တွေထဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးငယ်နဲ့ ဆယ်ကျော်သက်လူငယ် ၆၀၀၀ နီးပါးလောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ ဂျိုဟန်နက်စ် ဒင်မ်ရော့သ်က ဒုက္ခသည်ကလေးငယ်နဲ့ ဆယ်ကျော်သက် ၅၈၃၅ ဦး ပျောက်ဆုံးနေတာကို အစိုးရက လွှတ်တော်ကို အကြောင်းကြားခဲ့တဲ့အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

    “ပြည်နယ်အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စတစ်ခုချင်းစီကို သေချာကိုင်တွယ်ပြီး ပက်သက်ရာ ပက်သက်ကြောင်း သတင်းတွေကို မျက်ခြေမပျက် လိုက်နေမယ်လို့ ကျွန်တော်တပ်အပ်ပြောရဲပါတယ်” လို့ သူက ဆိုပါတယ်။

    လွှတ်တော်ရဲ့မေးမြန်းမှုကို အစိုးရက ဖြေကြားချက်အရ မှတ်ပုံတင်ထားပြီး ပျောက်ဆုံးနေတဲ့ ဒုက္ခသည်ကလေးငယ်နဲ့ ဆယ်ကျော်သက် ၅၈၃၅ ယောက်ထဲက ၅၅၅ ယောက်ဟာ အသက် ၁၄ နှစ်အောက်ဖြစ်တယ်လို့ သိရပါတယ်။

    အာဏာပိုင်တွေအနေနဲ့ အဲ့ဒီထဲက တစ်ချို့ကို ဂျာမနီမှာရှိတဲ့ သို့မဟုတ် ဥရောပတစ်နေရာရာက သူတို့ရဲ့ဆွေမျိုးတွေ ပြန်ခေါ်သွားတာဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ အဲ့လိုပြန်ခေါ်သွားပေမဲ့လည်း တာဝန်ရှိသူတွေဆီ သတင်းမပို့တာမျိုးကြောင့် စာရင်းဇယားတွေမှာလည်း ဒီအတိုင်းရှိနေခဲ့တယ်လို့ ဆိုပါတယ်။

    မိခင်နိုင်ငံတွေက မတည်ငြိမ်မှုတွေကြောင့် ဥရောပကို ရွှေ့ပြောင်းလာကြတဲ့ ဒုက္ခသည်တွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာ၊ ငြှင်းပမ်းနှိပ်စက်ခံရတာမျိုးတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ယခင်က သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

    Ref: IINA

  • တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ)

    တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ)

    ဧပြီ ၁၆ ၊ ၂၀၁၆
    M-Media
    nandar mate
    မူရင်းစာအုပ်အမည်မှာDefeat into victory ဖြစ်သည်။ ဖီးလ်မာရှယ် ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်း၏ အတွေ့ အကြုံမှတ်တမ်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့ တိုက်ခိုက်သော မြန်မာပြည် စစ်မြေပြင်နှင့် ပတ်သက်၍ အပြည့်စုံဆုံးစာအုပ်ပင်ဖြစ်သည်။ ဤစာအုပ်တွင် ဆလင်းသည်မြန်မာနိုင်ငံတော်လှန်ရေး အင်အားစုများအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတို့ကိုလည်း ဖြည့်သွင်းရေးသား ထားသည်။

    COB5633တက္ကသိုလ်နန္ဒမိတ်သည် ဤစာအုပ်ကို ပြန်ဆိုရာတွင် အတော်ပင် အကျဉ်းချုံး၍ ပြန်ဆိုထားသော်လည်း ဤစာအုပ် အလျင်က ဤမျှပြည့်စုံသော စစ်မှတ်တမ်း ဘာသာပြန်စာအုပ် မရှိခဲ့သဖြင့် အထူးပင်အောင်မြင်မှုရရှိသည်။ ဤစာအုပ်ကြောင့် ပင် နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော စစ်ဘာသာပြန်စာအုပ်များ အများအပြားပေါ် ထွက်လာခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်နန္ဒိမိတ်ကိုယ်တိုင်လည်း နောက်ထပ် စစ်စာအုပ်များစွာ ပြန်ဆိုခဲ့သည်။[ဘာသာပြန်စာပေစာတမ်းများ -ဒုတိယတွဲ၊ ဘာသာပြန် သုတ(ဝိဇ္ဇာ)စာပေ၊ နတ်နွယ်၊ လှသမိန်၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၀၊ စာ-၄၅-၄၆]

    တက္ကသိုလ်နန္ဒမိတ် ( ၈ မတ် ၁၉၂၂ – ၁၅ နိုဝင်ဘာ ၁၉၆၈) သည် သံတွဲခရိုင် တောင်ကုတ်ဇာတိဖြစ်သည်။ အဖ မြို့ပိုင် ဦးမောင်မောင်ကြီး အမိဒေါ်ရွှေတို့၏ သားဖြစ်သည်။ အမည်ရင်းမှာ မုဟမ္မဒ်အလီခေါ် ဦးတင်အောင်ဖြစ်သည်။ ၁၉၄၆ တွင် သံတွဲ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ခဲ့သည်။ ဂျပန်ခေတ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများတွင် ကထိကဦးကျော်ရင်နှင့် အတူပါဝင်ခဲ့သည်။ တိုးတက်ရေးသတင်းစာ၊ ရောင်ခြည်ဂျာနယ်၊ ရုင်ရှင်ပဒေသာမဂ္ဂဇင်း၊ နဝဒေးမဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ စစ်ပြန်မဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် မြဝတီမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၉၄၂ – သံတွဲမြို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့။ နယ်ချဲ့မောင်းထုတ်ရေး ကျောင်းသားလှုပ် ရှားမှုတွင် ပါဝင်ခဲ့။

    ၁၉၄၅ – ၄၆ – သံတွဲမြို့၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့။

    ၁၉၄၆ – ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့။

    ၁၉၄၇ – ဒီဇင်ဘာလထုတ် ဂျာနယ်ကျော် (တွဲ-၁၁၊ အမှတ်-၃)ပါ ”မောင်တို့ရခိုင်ပြည်” ကဗျာသည် အစောဆုံး စာပေလက်ရာဖြစ်သည်။

    ၁၉၄၉ – ၅၀ – ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်စာစောင်၊ မြန်မာစာကဏ္ဍတွဲဖက်စာတည်း။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း ဒု-ဥက္ကဌ။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ဗမာမွတ်စလင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီ တာ။ ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးမှ ကြီးမှူးကျင်းပသော ၀တ္ထုတိုပြိုင်ပွဲတွင် ”မောင်တင်အောင်(၀ိဇ္ဇာ- အထက်တန်း)” အမည်ဖြင့်”ကဗျာတကျော့” ၀တ္ထုတို ပထမဆုရခဲ့။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်နှစ်လည်စာ စောင် (တွဲ-၁၊ အမှတ်-၃)၌ ”ကိုယ်ပျောက်ဆေးလုံး ပြဇာတ်”။ တော်ဝင်မဂ္ဂဇင်း၊ ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းတို့တွင် ‘ခေတ်၏ကြေးမုံ’ (တေးကြို)ကဗျာကို ရေးသားခဲ့။

    ၁၉၅၀ – ပြည့်နှစ်တွင် ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်စာမေးပွဲ မဖြေတော့ဘဲ ကျောင်းထွက်ခဲ့။ ပထမဆုံးလုံးချင်း ”နန္ဒာပုလဲ” ၀တ္ထုကို ရေးသားထုတ်ဝေ။(ဂျပန်ခေတ်တွင် ဂျပန်တော်လှန်ရေးလုပ်ငန်းကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့။) တက္ကသိုလ်မှထွက်ပြီးနောက်တိုးတက်ရေးသတင်းစာ တွင် လက်ထောက်အယ်ဒီတာ။

    ၁၉၅၃ – ၀ါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာ။

    ၁၉၅၄ – မြ၀တီမဂ္ဂဇင်းတိုက်ထုတ် ”ရောင်ခြည်ဂျာနယ်” အယ်ဒီတာ။ ထိုနှစ်မှာပင် မြ၀တီမဂ္ဂဇင်း တာဝန်ခံ စာတည်း၊ စာတည်းချုပ်တာဝန်များကို (၁၉၆၀)ပြည့်နှစ်အထိဆောင်ရွက်ခဲ့။ ”မောင်ကြီးလာပါဟေ့” လုံးချင်းဝတ္ထုထွက်။

    ၁၉၅၆ – ”ပန်းတိုင်းမွှေးပါစေ” ၀တ္ထုထွက်။

    ၁၉၆၀ -ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ န၀ဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စာရေးဆရာမိုးဝေနှင့်အတူ ”စုံထောက်မဂ္ဂဇင်း”ကို အယ်ဒီတာအဖြစ်ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့။ ”ရွှေပြည်ကြီး” မြန်မာရာဇ၀င်နောက်ခံဝတ္ထုနှင့်”ပန်းဖွက်တမ်း” ရခိုင်ဓလေ့ရိုးရာအချစ်ဝတ္ထုတို့ကို ရေးသားထုတ်ဝေခဲ့။

    ၁၉၆၁ – သွေးသစ္စတာ၊ စောကြိုလှဲ့ပါ၊ ချစ်သောနီနီ၊ အချစ်လမ်းကလေးဝင်္ကပါ၊ မိုးတိမ်ကိုမျှော်၊ မိုးတိမ်ကိုမှာ စသော ပင်ကိုယ်ရေးဝတ္ထုများအပြင် စာပေဆောင်းပါများကို စုစည်းကာ ”စာရေးချင်သောသူများသို့” စာပေဆိုင်ရာ စာအုပ်များထုတ်ဝေခဲ့။

    ၁၉၆၃ – ”စစ်ကြောင်းချီသော်” စစ်ဝတ္ထုထုတ်ဝေ။ ”နန္ဒာပုလဲ” ဒု အကြိမ်ထွက်။ ”စာရေးချင်သောသူများသို့” ဒု အကြိမ်ထွက်။

    ၁၉၆၄ – ချင်းတွင်းကျော်လျှင်၊ သွေးကိုလမ်းခင်း၍၊ သင်ကြားပေးပါလေဦးဆရာ စာအုပ်များထွက်။ ”မောင်ကြီး လာပါဟေ့” ၀တ္ထု ဒုတိယအကြိမ်ထွက်။

    ၁၉၆၅- ဂျပန်တော်လှန်ရေးတိုက်ပွဲ။ အသက်ကိုဖက်ရွက်ပမာ၊ အင်ဖာတိုက်ပွဲ၊ ကလိန်စေ့ငြမ်းဆင်၊ မြန်မာ ပြည်စစ်မြေပြင်၊ မန္တလေးကိုဖြတ်၍တိုက်ပွဲအဆင့်ဆင့်စသော ဘာသာပြန်လုံးချင်း စာအုပ်များထွက်ရှိ။

    ၁၉၆၆- သွေးချောင်းစီးတိုက်ပွဲ၊ သံလွင်မြစ်ကမ်းတိုက်ပွဲ၊ လက်တကမ်းတိုက်ပွဲ၊တတိယမီးကျည်၊ စစ်ပြေး။ စင်ရယ် စနစ်ရယ် လူသားရယ်။ ဇက်တပ်ဖွဲ့စသောဘာသာပြန်လုံးချင်းများထွက်ခဲ့။ ”ရွှေပြည်ကြီးနှင့်အခြားဝတ္ထုတိုများ”စာအုပ်ထွက် ”စာရေးချင်သောသူများသို့” (တ)အကြိမ်ထွက်။

    ၁၉၆၇ -အသေခံတပ်စု၊ ဆိုက်ပန်ကျွန်းတိုက်ပွဲ၊ ထောင့်ကိုးရာလေးဆယ့်နှစ်၊ပန်းပါစစ်ကြောင်း၊ မြ၀တီစစ်ကြောင်း၊မြစ်ကြီးနားတိုက်ပွဲ၊ မိန်းမသုတေသန(၁၊၂)၊ ယုံကြည်ချက်အတွက် အသက်စွန့်သူများ စသောလုံးချင်းစာအုပ်များထွက်ရှိခဲ့။

    ၁၉၆၈ – ဗန္ဓုလခံတပ်၊ စောနန္ဒာ၊ မိုးတိမ်ကိုစေ စသောစာအုပ်များထွက်။

    ၁၉၆၉ – သိပ္ပံစုံထောက်၊ သုံးရောင်ခြယ်တစ္ဆေသင်္ဘော ဘာသာပြန်လုံးချင်းများထွက်။

    ၁၉၇၁ – ဘ၀သစ္စာမေတ္တာလှိုင်း၊ တသိမ့်သိမ့်ဒွန် စာအုပ်များ ထွက်။ ‘မြန်မာပြည်စစ်မြေပြင်’ ဒုအကြိမ်ထွက်။

    ၁၉၇၇ – ဆယ်ပြည်ထောင်ချော့တော့မပြုံး၊ တောင်တကာ့တော ဆန်ကောနဲ့ကျားထောင် ၀တ္ထုများထွက်။

    ၁၉၈၁ – သေမင်းနောက်သို့ ခြေရာကောက်သော် (၂-တွဲ)ထွက်။

    ၁၉၈၂ – တိုင်တန်းနစ် (၂-တွဲ)၊ သွေးစက်ခြေရာ(၂-တွဲ) ဘာသာပြန် စာအုပ်များထွက်။

    ၁၉၈၃ – တစ်သောင်းမှာတစ်ယောက်၊ သန်းခေါင်ယံခုနှစ်မီးနစ် စာအုပ်များထွက်။

    ၁၉၈၄ – မဟာခရီးရှည်၊ မိုးပြိုမပြို၊ အတွေ့စိမ်းစိမ်း၊ ဟစ်တလာ့ အမွေ၊ စသောစာအုပ်များထွက်။

    ၁၉၈၅ – တိုက်ဖွန်၊ နောင်ဥဒါန်းဘယ်မကြေစရာ၊ ဘီလူးစည်းလူ့စည်း (၂တွဲ) စသောဘာသာပြန်လုံးချင်းများ ထွက်။

    ၁၉၈၆ – သံမဏိသစ္စာ၊ ၃၄-အရှေ့၊ ဘာသာပြန်လုံးချင်းများထွက်။

    ၁၉၈၆ – နိုဝင်ဘာ (၁၅)ရက်၊ စနေနေ့ ည (၁၀း၀၅)နာရီအချိန်တွင် အင်းစိန်မြို့ရွာမအရှေ့၊ အောင်မင်္ဂလာလမ်း သွယ်၊ အိမ်အမှတ် (၉၉၁)တွင် ကွယ်လွန်၊ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းနုနှင့် သမီးစောသီတာနန္ဒမိတ်၊ စောစန္ဒာနန္ဒမိတ်၊ သား ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကနန္ဒမိတ်တို့ကျန်ရစ်ခဲ့။

    nurse 1947

    ထင်ရှားသောစာအုပ်အချို့
    (၁) နန္ဒာပုလဲ၊
    (၂) မြ၀တီစစ်ကြောင်း
    (၃) ပန်းပါစစ်ကြောင်း
    (၄) ရွှေပြည်ကြီး
    (၅) ယုံကြည်ချက်အတွက် အသက်စွန့်သူများ
    (၆) ဗန္ဓုလခံတပ်
    (၇) မြန်မာပြည်စစ်မြေပြင်
    (၈) သံလွင်တိုက်ပွဲ
    (၉) မြစ်ကြီးနားတိုက်ပွဲ
    (၁၀) မန္တလေးကိုဖြတ်၍
    (၁၁) စာရေးချင်သောသူများသို့
    (၁၂) တတိယမီးကျည်
    (၁၃) သန်းခေါင်ယံခုနှစ်မီးနှစ်
    (၁၄) အင်ဖာတိုက်ပွဲ
    (၁၅) တိုင်တန်းနစ် (၂-တွဲ)
    (၁၆) သုံးရောင်ခြယ်တစ္ဆေသင်္ဘော

    စာညွှန်း ။ ။
    1. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၉၈ – ၂ဝ၉။
    2. မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃ဝ၉။
    3. မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ အကြောင်း။ စာ ၁ဝ၉ – ၁၂၄။
    4. နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ – ၃၄ဝ။
    5. စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။
    6. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ – ၁၇၂။]
    7. ပထမ မြန်မာမွတ်စလင်မ်များ (မောင်သန်းဝင်း-မြန်မာစာ)