News @ M-Media

Blog

  • အာကာသ စူစမ်းရေးသမိုင်းတွင် ရည်မှန်းချက်အကြီးဆုံး စီမံကိန်းကြီး စတင်တော့မည်

    အာကာသ စူစမ်းရေးသမိုင်းတွင် ရည်မှန်းချက်အကြီးဆုံး စီမံကိန်းကြီး စတင်တော့မည်

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    nano

    – လူသားသမိုင်းတစ်လျှောက်မှာ ရည်မှန်းချက်အကြီးမားဆုံး အာကာသ ရှာဖွေစူးစမ်းလေ့လာရေး စီမံကိန်းကို မကြာမီစတင်တော့မယ်လို့ သိရပါတယ်။

    အခုအချိန်အထိ လူတွေ မသိသေးတဲ့ အာကာသရဲ့ အနက်ရှိုင်းဆုံးနေရာတွေအထိ နာနို ယာဉ်ငယ်လေးတွေ စေလွှတ်ကာ စူစမ်းဖော်ထုတ်မယ့် အဲဒီ စီမံကိန်းကို ကမ္ဘာ့အကျော်ကြားဆုံး သိပ္ပံပညာရှင်ကြီးဖြစ်တဲ့ စတီဖင် ဟော့ကင်း၊ အင်တာနက် ရင်းနှီးမြှုပ်နှံသူ ယူရီမီလ်နာနဲ့ မက်ဇူကာဘာ့ဂ်တို့အပါအ၀င် ထိပ်တန်းပုဂ္ဂိုတော်တော်များများက ကူညီကြမှာဖြစ်ပါတယ်။

    စီမံကိန်းကို Starshot Project လို့ အမည်ပေးထားပြီး ကမ္ဘာနဲ့ မိုင်ပေါင်း ၂၅ ထရီလီယံဝေးတဲ့ အလ်ဖာ ဆန်ကျူရီ နေအဖွဲ့အစည်းဆီ ယာဉ်ငယ်လေးတွေကို စေလွှတ်မှာဖြစ်ပါတယ်။

    ပုံမှန်ယာဉ်နဲ့ သွားမယ်ဆိုရင် နှစ်ပေါင်း ၃ သိန်းလောက် ကြာမြင့်မှာဖြစ်ပေမယ့် အခုစီမံကိန်းမှာ အလင်းရောင်စဉ်တွန်းအားအသုံးပြုပြီး အလင်းအမြန်နှုန်းရဲ့ ၂၅ ရာခိုင်နှုန်းပမာဏ အရှိန်နဲ့သွားမယ့် နာနိုယာဉ်ငယ်လေးတွေကတော့ နှစ် ၂၀ လောက်နဲ့ ရောက်ရှိမှာဖြစ်ပါတယ်။

    အလ်ဖာ ဆန်ကျူရီ နေအဖွဲ့စည်းက “သမဇုန်” မှာ ကမ္ဘာလို သက်ရှိတွေနေထိုင်တဲ့ ဂြိုတွေရှိမယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင်နေပြီး နာနိုယာဉ်ငယ်လေးတွေကတော့ သူတို့ရဲ့ ခရီးစဉ်တစ်လျှောက်မှာ ဓာတ်ပုံတွေနဲ့ အခြားသော သိပ္ပံဆိုင်ရာ အချက်အလက်တွေကို ပေးပို့သွားမှာဖြစ်ပါတယ်။

    ဒီယာဉ်ငယ်လေးတွေမှာ ကင်မရာ၊ တွန်းကန်အားကိရိယာ၊ ပါဝါထောက်ပံ့ရေးစနစ်၊ လမ်းညွှန်ကိရိယာတွေ အစုံကို အီလက်ထရောနစ် ဆားကစ်ပြားတစ်ခုတည်းမှာ တပ်ဆင်ပေးထားမှာဖြစ်ပြီး သူတို့ကို ကမ္ဘာမြေကနေခေါ်ဆောင်သွားကာ အာကာသထဲမှာလွှတ်ပေးဖို့ မိခင်ယာဉ်တစ်စင်း လိုအပ်မှာဖြစ်ပါတယ်။

    Ref: independent

  • ပါလက်စတိုင်းမှာ အစ္စရေးရဲ့ဖျက်ဆီးမှုတွေနဲ့ပတ်သက်လို့ ကုလသတိပေး

    ပါလက်စတိုင်းမှာ အစ္စရေးရဲ့ဖျက်ဆီးမှုတွေနဲ့ပတ်သက်လို့ ကုလသတိပေး

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို အစ္စရေးရဲ့ ဖျက်ဆီးဖြိုချရေးမူ ၀ါဒတွေဟာ စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေထိ ဖြစ်လာပြီလို့ ကုလသမဂ္ဂရဲ့ ဒေသဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာကိုယ်စားလှယ် ရောဘတ် ပီပါ က ပြောကြားလိုက်ပါတယ်။

    တနင်္လာနေ့မှာ ပြောကြားလိုက်တာဖြစ်ပြီး ပါလက်စတိုင်းတွေမျှော်လင့်နေတဲ့ နှစ်နိုင်ငံအဖြေဟာ စုံးစုံးမြှုပ်နေပြီလို့လည်း ဆိုပါတယ်။

    အစ္စရေးဟာ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းအဆောက်အအုံတွေနဲ့ နေအိမ်တွေကို ဖျက်စီးနေတဲ့အပြင် တစ်ဖက်မှာလည်း အဲ့ဒီဒေသတွေမှာ ဂျူးအခြေချနေထိုင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာတဲ့အတွက် နိုင်ငံတကာက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

    ဒီနှစ်ထဲမှာ ဖျက်စီးတိုက်ခိုက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာတယ်လို့ ပီပါက ၎င်းရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

    “၂၀၁၆ နှစ်စကတည်းက ဖျက်စီးမှုအခြေအနေဟာ တစ်ဟုန်ထိုး တက်လာပြီး ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးက ဖျက်ဆီမှုထက်ကို ပိုများလာပါတယ်”

    လူနေအိမ်တွေကို ဖျက်ဆီးပြီး နေထိုင်သူတွေကို ထွက်သွားဖို့ ဖိအားပေးတာ၊ လူတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ဖယ်ရှားပစ်တာ ဒါမှမဟုတ် လုပ်ကိုင်ခွင့်တွေမပေးတာ စသဖြင့် အစ္စရေးရဲ့ ဆောင်ရွက်မှုတွေဟာ နစ်တကျစီစဉ်ထားတဲ့ ဗျူဟာတစ်ခုဖြစ်တယ်လို့လည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဒီလိုလုပ်ဆောင်နေမှုဟာ အစ္စရေး၊ ပါလက်စတိုင်းဆိုတဲ့ သီးခြား နှစ်နိုင်ငံဖြစ်လာရေး ရေရှည် နိုင်ငံရေးရည်မှန်းချက်ကို ပျက်ဆီးစေတယ်လို့ ပီပါက သတိပေးခဲ့ပြီး အစ္စရေးအာဏာပိုင်တွေအပေါ် ဖိအားပေးဖို့ ဥရောပသမဂ္ဂရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကိုလည်း မီးမှောင်းထိုးပြခဲ့ပါတယ်။

    “ဥရောပဟာ အစ္စရေးအပေါ်ကို နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ ယဉ်ကျေးမှုအရရော သြဇာတော်တော်ကြီးပါတယ်” လို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အစ္စရေးထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ အီးယူရဲ့ ဆုံးဖြတ်ချက်ဟာ ထိရောက်ခဲ့တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

    အနာက်ဘက်ကမ်းမှာ ဖျက်ဆီးခံခဲ့ရတဲ့ အီးယူရဲ့ကယ်ဆယ်ရေး အထောက်အကူပစ္စည်းတွေ အပါအ၀င် အစ္စရေးရဲ့ ဖျက်လိုဖျက်ဆီးပြုလုပ်မှုတွေအတွက် လျော်ကြေးတောင်းခံဖို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်က မီးမောင်းထိုးပြခဲ့ပါတယ်။

    ခန့်မှန်းခြေစာရင်းအရ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလထဲမှာပဲ ဖျက်စီးပစ်ခဲ့တဲ့ အီးယူရဲ့အကူပစ္စည်းတွေဟာ အနည်းဆုံး ယူရို ၂၀၀၀၀၀ ဖိုးလောက် ရှိတယ်လို့ သိရပါတယ်။

    Ref: IINA

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကျင်းပ

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကျင်းပ

    ပျဉ်းမနား ဧပြီ ၁၂

    နေပြည်တော်  ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ၁၃၉၀ ကြိမ်မြောက် တမန်တော်နေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို ဧပြီ ၉ ရက် နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့ မင်္ဂလာခန်းမ၌ ကျင်းပသည်။

    အခမ်းအနားတွင် ပျဉ်းမနား မြို့နယ် တမန်တော်နေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်အနား ကျင်းပရေး ကော်မတီ ဥက္ကဌ မောင်လဝီ အလီက အမှာစကားပြောကြားပြီး ဗုဒ္ဓဘာသာဝင်များ ကိုယ်စား ကန်လယ် ကျောင်းတိုက် ဆရာတော် ဥူးပညာဝုဒက လည်းကောင်း အစ္စလာမ်ဘာသာဝင်များကိုယ်စား မန္တလေးမြို့မှ ရောက်ရှိလာသော အလ်ဟတ်ခ်ျ ခလီဖွာ ဆရာဦးသိန်းဝင်းအောင်က လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်များ ကိုယ်စား မြန်မာနှစ်ခြင်း အသင်းတော် တွဲဖက် အသင်းအုပ် သိက္ခာတော်ရ ဆရာတော် ဦးမြင့်ဦးကလည်းကောင်း ချစ်ကြည်ရေး သြဝါဒ စကားပြောကြားခဲ့သည်။

    အခမ်းအနား သို့ ပျဉ်းမနားမြို့နယ်နှင့် ဝန်းကျင်မြို့နယ်များမှ ဧည့်ပရိတ်သတ်များ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များမှ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

    မင်းမင်းလတ်(မန်းတက္ကသိုလ်)

    ၁၃၊၄၊ ၂၀၁၆ မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

  • အကြမ်းဖက်မှုဒဏ်ကို အဓိကခံစားနေရသူများမှာ မွတ်စလင်များသာဖြစ်သည်ဟု ကုလပြော

    အကြမ်းဖက်မှုဒဏ်ကို အဓိကခံစားနေရသူများမှာ မွတ်စလင်များသာဖြစ်သည်ဟု ကုလပြော

    ဧပြီ ၁၂၊ ၂၀၁၆
    M-Media

    ben

    – ကမ္ဘာတစ်ဝှမ်းက အကြမ်းဖက်ဝါဒရဲ့ အဓိကပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ သားကောင်တွေဟာ မွတ်စလင်တွေသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပြီး အစွန်းရောက်တွေရဲ့ ရည်ရွယ်ချက်ဟာ မိမိတို့လူ့အဖွဲ့အစည်းအကြားမှာ စည်းလုံးညီညွတ်မှု ပျက်ပြားရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    The Way Forward ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျီနီဗာမှာပြုလုပ်တဲ့ ညီလာခံမှာ ဘန်က အခုလို ပြောကြားလိုက်တာဖြစ်ပြီး IS သို့မဟုတ် ဘိုကိုဟရမ် စတဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ရှောင်လွှဲလို့မရပေမဲ့ “အကြမ်းဖက်တိုက်ခိုက်ကြတဲ့ အဖြစ်အပျက်တွေဟာ မည်သည့် ဘာသာတရား၊ နိုင်ငံသား သို့မဟုတ် မျိုးနွယ်စုတစ်ခုခုမှာ အမြစ်တွယ်နေတာမဟုတ်သလို၊ အဲဒီလိုလည်း သတ်မှတ်လို့မရဘူး” လို့ ဘန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်သမားတွေရဲ့ အဓိကသားကောင်တွေဟာ မွတ်စလင်တွေဖြစ်နေတယ်ဆိုတာကို ဒီနေ့မှာ ကွယ်မ၀ှက်တမ်း လက်ခံကြပါစို့”

    အကြမ်းဖက်သမားတွေဟာ ဂိုဏ်းဂဏတွေ ပြိုကွဲအောင်ပြုလုပ်ပြီး အကြောက်တရားစိုးမိုးအောင် ရည်ရွယ်ပြုလုပ်နေတာဖြစ်တယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “အဲ့ဒီလို အစိတ်စိတ်အမွှာမွှာကွဲပြီးပြိုလဲစေတဲ့ နည်းဗျူဟာကို အပြတ်သတ် နှိမ်နင်းနိုင်ဖို့ ဒီညီလာခံကနေ ကျွန်တော်တို့အားလုံး စည်းလုံးကြပါစို့”

    Ref : ArabNews

  • အာရပ်ပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်ဝါဒကို တိုက်ဖျက်တော့မည်

    အာရပ်ပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်ဝါဒကို တိုက်ဖျက်တော့မည်

    ဧပြီ ၁၂၊ ၂၀၁၆
    M-Media

    joint

    – အစ္စလာမ်သာသနာရဲ့ အမည်နာမကို အလွဲသုံးစားလုပ်နေတဲ့ အကြမ်းဖက်ဝါဒကို မိမိတို့ အာရပ်ပူးပေါင်းတပ်ဖွဲ့က မကြာမီတိုက်ဖျက်သွားတော့မယ်လို့ ဆော်ဒီဘုရင်ကြီး ဆလ်မန်က အီဂျစ်ပါလီမန်မှာ တနင်္ဂနွေနေ့က ပြောကြားလိုက်ပြီး မွတ်စလင်ကမ္ဘာအနေနဲ့ စည်းလုံးညီညွတ်မှုရှိကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဘုရင်ကြီး ဆလ်မန်ရဲ့ အဲဒီမိန့်ခွန်းဟာ ကိုင်ရိုင်မှာ အာရပ်ခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး ပြောကြားမှုလည်းဖြစ်ပါတယ်။

    “ပါလက်စတိုင်းအရေးကိစ္စအပါအ၀င် ကျွန်တော်တို့နိုင်ငံတွေရဲ့ ပြဿနာတွေကို ကုစားဖို့အတွက် အားလုံး တစ်သွေးတည်းတစ်သားတည်း စည်းလုံးညီညွှတ်ဖို့ လိုအပ်နေပါပြီ။ ယနေ့မြင်နေရတဲ့ ဆော်ဒီ-အီဂျစ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့ရာကနေ ကျွန်တော်တို့ အာရပ်တွေနဲ့ မွတ်စလင်ကမ္ဘာအတွက် သဟဇာတဖြစ်ဖို့ ကောင်းမွန်တဲ့ စတင်ခြင်းဖြစ်ပါတယ်” လို့ ဆော်ဒီဘုရင်က ပြောကြားခဲ့ပါတယ်။

    ဘုရင် ဆလ်မန်ရဲ့ ဒီပြောကြားမှုအတွက် အီဂျစ် လွှတ်တော်အမတ်တွေက မတ်တပ်ရပ် လက်ခုပ်သြဘာပေးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တစ်ချို့အမတ်တွေကတော့ ဆော်ဒီရဲ့ အစိမ်းရောင်အလံကို ဝှေ့ရမ်းပြပြီး တစ်ချို့ကလည်း ‘အီဂျစ်နိုင်ငံသားတွေ သင့်ကို နှုတ်ခွန်းဆက်ပါတယ်’ လို့ ကြွေးကြော်ခဲ့ကြပါတယ်။

    ဆော်ဒီနဲ့ အီဂျစ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အားထုတ်မှုတွေဟာ အကြမ်းဖက်ဝါဒ အမြစ်ဖြတ်ရေး ပိုမို အားကောင်းစေမယ်လို့လည်း ဘုရင်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။ အာရပ်မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့လည်း မိမိတို့က လုပ်ဆောင်နေကြောင်း အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို စီးပွားရေးအရ၊ စစ်ရေးအရ၊ ၀ါဒရေးရာအရပါ အပြတ်နှိမ်နင်းရမှာဖြစ်ကြောင်း ၎င်းက ထပ်လောင်ပြောကြားခဲ့ပါတယ်။

    “အီဂျစ်နဲ့ ဆော်ဒီအာရေဗျတို့ဟာ အာရပ်ကမ္ဘာနဲ့ အစ္စလာမ်နိုင်ငံတွေရဲ့ အဓိကကျောရိုးကြီးဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးကသာလျှင် ရန်သူတွေရဲ့ အစီအစဉ်ကို တိုက်ဖျက်ဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ နည်းလမ်းတစ်ခုပါပဲ”

    Ref: ArabNews