News @ M-Media
Blog
  • ယခုနှစ်ဟဂ်ျကိစ္စကို အီရန်နှင့် ဆော်ဒီတို့ဆွေးနွေးမည်
    ယခုနှစ်ဟဂ်ျကိစ္စကို အီရန်နှင့် ဆော်ဒီတို့ဆွေးနွေးမည်
    ဧပြီ ၇၊ ၂၀၁၆
    M-Media
    hajj 1
    – ယခုနှစ် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် အစီအစဉ်များ ရေးဆွဲရေး ဆော်ဒီက အီရန်အား တရားဝင် ဖိတ်ကြားခဲ့သည်ဟု အီရန် ဟဂ်ျခရီးစဉ်ဆိုင်ရာအဖွဲ့၏ အကြီးအကဲဖြစ်သူ စအီးဒ် အိုဟာဒီက ပြောကြားလိုက်သည်။
    ယမန်နေ့က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ယခုလ ၁၄ ရက်နေ့တွင် ဆွေးနွေးကြမည်ဖြစ်သည်။ အိုဟာဒီကမူ မိမိတို့မှာ ယခင်နှစ်များအတိုင်း ဘုရားဖူးခရီးသည်များ စေလွှတ်ရေး နှစ်ဖက်သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးကြမည်ဟု ပြောကြားခဲ့သည်။
    ယခုနှစ်အတွက် ထိုလုပ်ငန်းစဉ်မှာ ယခင်နှစ်များထက် ၃ လခန့် နောက်ကျခဲ့သည်။ ပြီးခဲ့သည့်နှစ် ဟဂ်ျရာသီအတွင်း လူအုပ်ကြီးမျာ တိုးဝှေ့မှုကြောင့် ဘုရားဖူးခရီးသည် အမြောက်အများ အသက်ဆုံးရှုံးခဲ့ရပြီး အများစုမှာ အီရန်နိုင်ငံသားများဖြစ်သည်။
    အိုဟာဒီကမူ လာမည့်တစ်ပတ်အစည်းအဝေး၌ ထိုအဖြစ်အပျက်အတွင်း သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများအတွက် နစ်နာကြေးပေးရန်နှင့် ယခုနှစ်ဟဂ်ျရာသီတွင် လုံခြုံရေးအထူးပြုရေးကို အဓိကထား ဆွေးနွေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref : Press TV
  • မိမိတို့၏ ချန်ပီယံလိဂ်မျှော်လင့်ချက် မကုန်ဆုံးသေးဟု ရီးယဲလ်နည်းပြ ပြော
    မိမိတို့၏ ချန်ပီယံလိဂ်မျှော်လင့်ချက် မကုန်ဆုံးသေးဟု ရီးယဲလ်နည်းပြ ပြော
    ဧပြီ ၇၊ ၂၀၁၆
    M-Media
    zidane
    – ယနေ့မနက်က ကစားခဲ့သည့် ဝုလ်ဖ်ဘာ့ဂ်နှင့်ပွဲတွင် အသင်း၏ ကစားပုံအား စိတ်တိုင်းမကျသော်လည်း မိမိတို့အသင်းမှာ ချန်ပီယံလိဂ်မှ ထွက်ခွာပြီဟု ပြော၍မရသေးဟု ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်သည်။
    ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဂျာမန်မြေ၌ ကစားခဲ့သည့် အဆိုပါပွဲတွင် ရီးယဲလ်မှာ ကစားကွက် အသာရခဲ့သော်လည်း အိမ်ရှင်နောက်တန်းကို မကျော်နိုင်သောကြောင့် ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် နောက်တစ်ဆင့်တက်ရေးအတွက် ဒုတိယအကျော့တွင် ရုန်းကန်ရတော့မည်ဖြစ်သည်။
    သို့သော်လည်း ဇီဒိန်းကမူ အလျှော့မပေးသေးချေ။
    “ပွဲထဲမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျနော် မကျေနပ်ပါဘူး။ အထူးသဖြင့် ပထမပိုင်းအခြေအနေပေါ့ဗျာ။ ဒါက ဘောလုံးရဲ့သဘာဝပါပဲ။ အစကတည်းက စိတ်ထည့်ပြီးမကစားရင် ဒီလိုပဲဖြစ်မှာပါ။ အရာအားလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေး ရှိသေးတာကြောင့် လာမယ့်အကျော့အတွက် စဉ်းစဉ်းစားစား လုပ်ရပါတော့မယ်” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။
    Ref : Goal
  • လူမျိုးရေး၊ ဘာသာရေးအရ ငြှင်းပမ်းမှုကို မြန်မာအစိုးရသစ်က အဆုံးသတ်ရန် လူ့အခွင့်အရေးအဖွဲ့တစ်ခု တိုက်တွန်း
    လူမျိုးရေး၊ ဘာသာရေးအရ ငြှင်းပမ်းမှုကို မြန်မာအစိုးရသစ်က အဆုံးသတ်ရန် လူ့အခွင့်အရေးအဖွဲ့တစ်ခု တိုက်တွန်း
    ဧပြီ ၇၊ ၂၀၁၆
    M-Media
    daw su
    – လူနည်းစုအခွင့်​အ​ရေးနှင့်​ လွတ်​လပ်​စွာယုံကြည်​ကိုးကွယ်​ခွင့်​တို့ကို ရာစုနှစ်​ဝက်​တစ်​ခု​ကျော်​ကြာမှ မြန်​မာ့ ပထမဦးဆုံးအရပ်​သားဦး​ဆောင်​သည့်​အစိုးရ၏ အ​ရေးအကြီးဆုံးတစ်​​နေရာတွင်​ထားရှိရမည်​ဟု လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Minority Rights Group (MRG) က ၃၁၊၃၊၂၀၁၆ တွင်​ ထုတ်​ပြန်​လိုက်​သည်​။
    မြန်​မာပြည်​​မြောက်​ဘက်​ရှိ တိုင်းရင်းသားလူမျိုးများအ​ပေါ် အကြမ်းဖက်​မှုကို ဟန့်​တားခြင်းနှင့်​ ရိုဟင်​ဂျာလူနည်းစုများခွဲခြားဆက်​ဆံနှိပ်​စက်​ခံရခြင်းများ အဆုံးသတ်​ရန်​တို့မှာ ဦးစား​ပေးလုပ်​ငန်းစဉ်​ဖြစ်​သင့်​သည်​။
    မြန်​မာပြည်​​မြောက်​ပိုင်းရှိ တ​အောင်း၊ ကချင်​နှင့်​ ရှမ်းလူမှုအသိုင်းအ၀ိုင်းများအပေါ် တပ်မတော်၏မတရားစစ်ရေးချိုးဖောက်မှုများသည် နိုင်ငံဒီမိုကရေစီအကူးအပြောင်းကာလ၏ ချီးကျူးရန်အကောင်းဆုံးကာလအပေါ် အမည်းစက်တစ်ခုအဖြစ် ကျန်ရစ်နေပြီး ပြင်းထန်ဆဲပဋိပက္ခများအဆုံးသတ်ရေးကို ဒေါ်​အောင်​ဆန်းစုကြည်​ ဦး​ဆောင်​​သောအစိုးရအတွက် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သင့်သည်ဟု MRG က ဆိုသည်။ ဒေသခံလူ့အခွင့်အရေးအဖွဲ့များမှ စုဆောင်းရရှိသည့် သက်သေခံချက်များးအရ မြန်မာ့တပ်မတော်သည် လက်နက်မဲ့အရပ်သားများ၊ မီးရှို့ဖျက်ဆီးပြီးကျေးရွာများကို ပစ်မှတ်ထားပြီး အခြားသောကမ်းအကုန်ဆုံးလူ့အခွင့်အရေးချိုးဖောက်မှုများကို လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း၌ပင် တစ်ကိုယ်တော်ကျူးလွန်ခဲ့သည်ဟု သိရသည်။
    “နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့အာရုံဟာ နေပြည်တော်ရှိနိုင်ငံရေးအရဖြစ်ပေါ်တိုးတက်မှုအပေါ်ရှိနေချိန်မှာ မြန်မာ့တပ်မတော်ဟာ ရှမ်းမြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က လူနည်းစုအသိုင်းအ၀ိုင်းအပေါ် စော်ကားမှုတွေကို ဆက်လက်ကျူးလွန်ခဲ့ပါတယ်” ဟု MRG ရဲ့မူဝါဒနှင့်ဆက်သွယ်ရေးဒါရိုက်တာ Carl Soderberghက ဆိုသည်။ “ညဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း၊ ခိုးမှုနှင့် အိမ်ခြံမြေဖျက်ဆီးခြင်းရဲ့ အစီရင်ခံစာတွေကို ပြစ်မှုကျူးလွန်သူတွေပါထည့်သွင်းပြီး တက်လာမဲ့အစိုးရက အပြည့်အ၀ဘက်လိုက်မှုကင်းကင်းနဲ့ စုံစမ်းစစ်ဆေးသင့်ပါတယ်”
    တပ်မတော်သည် မြန်မာ့နိုင်ငံရေးတွင် ကြောက်မက်ဖွယ်အင်အားရှိနေဆဲဖြစ်ပြီး လွှတ်တော်တွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းယူထားသည်။ အဓိကအစိုးရ၀န်ကြီးဌာနများကို ထိန်းချုပ်ထားသည်။ နိုင်ငံ၏အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင်လည်း နေရာအများဆုံး ရရှိထားသည်။
    အခြားသောတရားစီရင်ရေးဆိုင်ရာအကြမ်းဖက်မှုနှင့် ပြစ်ဒဏ်ကိုအရေးမယူမှု အလားအလာတစ်ရပ်ကလည်း မြန်မာ့တပ်မတော်တွင်ရှိနေပြီး ဘေးဖယ်ခံလူနည်းစုအသိုင်းအ၀ိုင်းပြဿနာများသည် ရာဇ၀တ်မှုများကို ပွင့်လင်းမြင်သာစွာနှင့် တာဝန်ခံမှုဖြင့် စုံစမ်းစစ်ဆေးမှုမရှိလျှင် အစိုးရသစ်သက်တမ်းတွင် ဆက်လက်ရှိနေမည်ဖြစ်သည်။ ဒေါ်​အောင်​ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ စစ်တပ်၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၊ အမျိုးသမီးများအပါအ၀င် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မြှင့်တင်ရန်၊ ပဋိပက္ခနှင့်သက်ဆိုင်သော ဆက်စပ်ချိုးဖောက်မှုများအဆုံးသတ်ရန် MRGက ဆိုသည်။
    မြန်မာနိုင်ငံမှ နိုင်ငံမဲ့ရိုဟင်ဂျာလူနည်းစုအပေါ် ညဉ်းပန်းနှိပ်စက်မှုကိုလည်း အရေးတကြီးကိစ္စတစ်ခုအဖြစ် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ၁၀၀,၀၀၀ ကျော်သော မွတ်စ်လင်မ်များ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းမရရှိဘဲ ကျန်းမာရေးနှင့်မညီညွတ်သော ရွှေ့ပြောင်းစခန်းများတွင် နေထိုင်နေရဆဲဖြစ်သော မြန်မာပြည်အနောက်ခြမ်း ရခိုင်ပြည်နယ်တွင် လေးနှစ်နီးပါးကြာ အရေးပေါ်အခြေအနေကြေညာထားမှု ရုပ်သိမ်းလိုက်သည့် ယခုသီတင်းပတ်ဆုံးဖြတ်ချက်ကို MRGမှ ကြိုဆိုလိုက်သည်။ သို့သော် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် ရိုဟင်ဂျာများအတွက် နိုင်ငံသားဖြစ်မှုအပါအ၀င် အခြေခံအခွင့်အရေးများကို သေချာစေသည့်၊ နှစ်ဖက်အသိုင်းအ၀ိုင်း ပြန်လည်သင့်မြတ်ရေး မြှင့်တင်ပေးသည့် ခိုင်မာတိကျသော လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ရပေမည်။
    ၂၀၁၅ခုနှစ်တွင် မြန်မာအစိုးရသည် လူနည်းစုဘာသာဝင်များ၏ အခွင့်အရေးကို ကန့်သတ်သည့် မျိုးစောင့်ဥပဒေများကို အတည်ပြုခဲ့ပြီး ၎င်းဥပဒေများသည် ကြီးထွားလာသည့် ဗုဒ္ဓဘာသာအမျိုးသားရေးလှုပ်ရှားမှုမှဖိအားကို စိုးရိမ်ရာမှတဆင့် ပေါ်ထွက်လာခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ၁၀၀,၀၀၀ကျော်သော ရိုဟင်ဂျာမွတ်စ်လင်မ်များ တိုင်းပြည်မှနီးရာပင်လယ်ပြင်သို့ ထွက်ပြေးခဲ့သည်ဟု ခန့်မှန်းကြပြီး ၎င်းသည် ဆယ်စုနှစ်များအတွင်း အရှေ့တောင်အာရှ၏ အဆိုးဝါးဆုံးသော လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းအဖြစ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
    “တက်လာမဲ့အစိုးရမှာ ကမ္ဘာ့အဆိုးဝါးဆုံးဖယ်ကြဉ်ခံထားရတဲ့ လူမှုအသိုင်းအ၀ိုင်းတစ်ခုအပေါ် နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းဖွယ် ညှဉ်းပန်းနှိပ်စက်မှုဆယ်စုနှစ်တွေကို အဆုံးသတ်ဖို့ သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ရှိနေပါတယ်။ ဒါဟာ အလဟဿဖြစ်စရာ မရှိပါဘူး” ဟု Soderberghက ဆက်ပြောသည်။
    “မြန်မာ့ခေါင်းဆောင်မှုအသစ်ဟာ ပွင့်လင်းမြင်သာမှုပေါ် အခြေခံသည့် နိုင်ငံရေးအုပ်ချုပ်မှုစနစ်၏ ခေတ်သစ်ကို ဆောင်ကျဉ်းပေးနိုင်ပြီး လူ့အခွင့်အရေးကို လေးစားမှုရှိမယ်လို့ ကြီးမားတဲ့မျှော်လင့်ချက်ရှိပါတယ်။ တိုင်းပြည်ရဲ့ ဘေးဒုက္ခအခံစားနေရဆုံးနေထိုင်သူတွေကို နောက်ချန်မထားခဲ့ဖို့ ဒါဟာ အလွန်အရေးကြီးပါတယ်”
    (minorityrights.org တွင် ဖော်ပြထားသည့် Burma: Suu Kyi-led government must end ethnic and religious persecution, says MRG ကို ရဲမျိုး​ဇော်​က ဆီ​လျော်​​အောင်​ ဘာသာပြန်​ဆိုသည်​။)
  • ဆီးရီးယားစစ်သွေးကြွများ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွင် အစ္စရေးအမြတ်ထွက်ရေး ဦးစားပေး
    ဆီးရီးယားစစ်သွေးကြွများ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွင် အစ္စရေးအမြတ်ထွက်ရေး ဦးစားပေး
    ဧပြီ ၇၊ ၂၀၁၆
    M-Media
    mufti
    – ဆီးရီးယားက အစ္စရေးကို အလျော့ပေးမယ်ဆိုရင် မိမိတို့ တိုက်ခိုက်နေတာတွေကို ရပ်တန့်ပေးမယ်ဆိုပြီး စစ်သွေးကြွေတွေက ထပ်တလဲလဲ ကမ်းလှမ်းခဲ့တယ်လို့ ဆီးရီးယား မွဖ်သီချုပ် ရှိခ် အဟ်မဒ် ဘဒ်ရက်ဒင် ဟက်ဆွန်က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။
    လက်ဘနွန်ရုပ်သံ al-Mayadeen နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ် တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားကတည်းက ပြဿနာတွေပြေလည်စေဖို့ ကမ်းလှမ်းမှုတွေ ရရှိခဲ့တယ်လို့ မွဖ်သီကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ” ‘အကယ်၍ ခင်ဗျားတို့ဘက်က အစ္စရေးကို မလိုလားတဲ့အပြုအမူတွေ အဆုံးသတ်ပေးပြီးတော့ ဆီးရီးယားမှာ ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားနေသူတွေကို မောင်းထုတ်ပေးမယ်၊ ပြီးတော့ ဟစ်ဇ်ဘိုလာတွေနဲ့ ဆက်ဆံရေးကိုလည်း ဖြတ်တောက်ပေးမယ်ဆိုရင် ကျွန်တော်တို့ဘက်က ခင်ဗျားတို့(ဆီးရီးယား) ကို တိုက်ခိုက်နေတာတွေ ရပ်တန်းက ရပ်ပေးပါမယ်’ ဆိုပြီး ၂၀၁၁ ခုနှစ်ကတည်းက တရားမ၀င်ကမ်းလှမ်းမှုမျိုး ရှိခဲ့ပါတယ်”
    နောက်ပြီး ဆီးရီးယားအစိုးရကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွအုပ်စုတွေဟာ အစ္စရေးနဲ့ အနောက်နိုင်ငံတွေပေါင်းပြီး ဆီးရီးယားကို ပျက်ဆီးအောင်လုပ်နေမှုကို ဆောင်ရွက်ပေးနေတာဖြစ်ကြောင်း၊ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချပြီး မွတ်ဆလင်တွေကိုသတ်ဖြတ်နေတဲ့ IS အကြမ်းဖက်အဖွဲ့တွေဟာ အစ္စရေးကအမြတ်ထွက်အောင် ဆောင်ရွက်ပေးနေတယ်ဆိုတာကို မသိကြကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Presstv
  • အရှုံးနဲ့ ထိုက်တန်တဲ့ရီးယဲလ်၊ ဆီးမီးတက်ရေး မျှော်လင့်လာနိုင်တဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမကျော့ ပွဲများ
    အရှုံးနဲ့ ထိုက်တန်တဲ့ရီးယဲလ်၊ ဆီးမီးတက်ရေး မျှော်လင့်လာနိုင်တဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမကျော့ ပွဲများ
    ဧပြီ ၇၊ ၂၀၁၆
    M-Media
    champ 1
    – ဒီနေ့မနက် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာတော့ ရီးယဲလ်တို့ အရှိုက်ထိခဲ့ပြီး မန်စီးတီးက အဝေးဂိုးတွေရကာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားပါတယ်။
    ရှုံးထွက်အဆင့်ကို ပထမဆုံး တက်ရောက်လာခဲ့တဲ့ ၀ုလ်ဖ်ဘာ့ဂ်ရဲ့ ဒီပွဲခြေစွမ်းဟာ အပြစ်ပြောစရာ မရှိခဲ့ပါဘူး။ ရီးယဲလ်ဂိုးသမား ကီလာ နာဗက်စ်ရဲ့ ချန်ပီယံလိဂ် ၇၄၈ မိနစ် ဂိုးမပေးရတဲ့စံချိန်ကို ၁၈ မိနစ်မှာ ရီကာဒို ရော်ဒရီဂက်စ်က ပယ်နယ်တီနဲ့ ချိုးဖျက်ခဲ့ပြီး ၂၅ မိနစ်မှာ မက်ဇီမီလန် အာနိုးက ဒုတိယမြောက်ဂိုး သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရီးယဲလ်ရဲ့ တိုက်စစ်ဆင်မှုကို အိမ်ရှင်တို့ အကောင်းဆုံး ထိန်းချုပ် ကာကွယ်သွားနိုင်ပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ အခြေအနေကောင်းကို ရယူနိုင်ခဲ့ပါတယ်။
    champ 2
    ပီအက်စ်ဂျီ ၂-၂ မန်စီးတီး
    မန်စီးတီးကတော့ ဖာနန်ဒင်ဟိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ အဝေးဂိုး ၂ ဂိုး ရအောင်ယူနိုင်ခဲ့ပါတယ်။ ပွဲကိုစိုးမိုးနိုင်ခဲ့တဲ့ ပီအက်စ်ဂျီတို့ ၁၄ မိနစ်မှာ ပင်နယ်တီရပေမယ့် အီဗရာဟီမိုဗစ်ရဲ့ ကန်သွင်းမှုကို ဂျိုးဟတ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ၃၈ မိနစ်မှာ မန်စီးတီးက ရရှိခဲ့ပြီး ဘရူနီက သွင်းပေးခဲ့တာပါ။ ဒါပေမယ့် ၄၁ မိနစ်နဲ့ ၅၉ မိနစ်တွေမှာ အီဗရာဟီမိုဗစ်နဲ့ ရာဘီယော့တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူခဲ့ပြီး အိမ်ရှင်အတွက် မျှော်လင့်ချက်တွေကို ရှင်သန်စေခဲ့ပါတယ်။ မန်းစီးတီးအတွက် အဖိုးတန်ဒုတိယဂိုးကို ၇၂ မိနစ်မှာ ဖာနန်ဒင်ဟိုက နောက်တန်းအမှားကို အခွင့်ကောင်းယူကာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒီပွဲတွေရဲ့ ဒုတိယအကျော့ကိုတော့ ဧပြီလ ၁၂ ရက်နေ့မှာ ကစားမှာဖြစ်ပါတယ်။