News @ M-Media

Blog

  • အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ယူကရိန်းကို လက်နက်များ ပိုမိုထောက်ပံ့မည်

    အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ယူကရိန်းကို လက်နက်များ ပိုမိုထောက်ပံ့မည်

    ဧပြီ ၂၁၊ ၂၀၂၂

    M-Media

    -ရုရှားက ယူကရိန်းအရှေ့ပိုင်းကို အကြီးအကျယ် ထိုးစစ်ဆင်နေတဲ့အချိန် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကလည်း ယူကရိန်းကို အဆင့်မြင့်လက်နက်တွေ ပိုမိုထောက်ပံ့မယ်လို့ မနေ့က ထုတ်ပြန်ကြေငြာပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်က သန်း ၈၀၀ ဖိုး လက်နက်တွေပေးပို့ခဲ့တဲ့ အမေရိကန်ဟာ အခုတစ်ပတ်၊ ဒါမှမဟုတ် လာမယ့်တစ်ပတ်မှာလည်း နောက်ထပ် သန်း ၈၀၀ ဖိုး ထပ်မံ ထောက်ပံ့ဖို့ ရှိပါတယ်။ 

    အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ဒီတစ်ခေါက် ထောက်ပံ့မှုမှာတော့ တိုက်လေယာဥ်အပိုပစ္စည်းတွေ၊ ရဟတ်ယာဥ်တွေ၊ ဒုံးခွင်းစနစ်တွေ၊ လက်နက်ကြီးတွေ၊ သံချပ်ကာယာဥ်တွေ ပိုမိုပါ၀င်လာတော့မှာဖြစ်ပါတယ်။ 

    မဟာမိတ်နိုင်ငံတွေ ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ ဗျူဟာမြောက် လက်နက်အချို့ကို ဖော်ပြလိုက်ပါတယ်။ တစ်ပုံချင်းစီတွင် ဖတ်ရှုနိုင်ပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ် အမေရိကန်က ပေးပို့တဲ့ စစ်ရေးအကူအညီထဲမှာ ၁၅၅ မမ ဟောင်၀စ်ဇာ အမြောက် ပါ၀င်ပါတယ်။ ရုရှားက သုံးနေတဲ့ အ၀ေးပစ်အမြောက်တွေနဲ့ ယှဥ်နိုင်ပြီး ဗျူဟာမြောက်လက်နက်လည်း ဖြစ်ပါတယ်။ 


    အမေရိကန်ဟာ ဆိုဗီယက်ခေတ်ဒီဇိုင်း ဖန်တီးထားတဲ့ Mi-17 တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေကိုလည်း ယူကရိန်းထံ ပြီးခဲ့တဲ့တစ်ပတ်က ပေးပို့ခဲ့ပါတယ်။ 


    Javelin တင့်ဖျက်ဒုံးကျည်ပါ။ ယူကရိန်းစစ်ပွဲမှာ တော်တော်လေးနာမည်ရတဲ့ လက်နက်ဖြစ်ပြီး တင့်ဖျက်ဒုံးဒဏ် ခံနိုင်တယ်ဆိုတယ် ရုရှားတင့်ကားတွေ Javelin ဒုံးကြောင့် အကြီးအကျယ် ပျက်ဆီးခဲ့ရပါတယ်။ ဂျာမနီလို အမေရိကန် မဟာမိတ်နိုင်ငံတွေက ထောက်ပံ့တာပါ။ 


    ပခုံးထမ်း လေကြောင်းရန် ကာကွယ်ရေးစနစ် Stinger Missiles တွေကိုလည်း ကန်မဟာမိတ်နိုင်ငံတွေက ယူကရိန်းထံ ပေးပို့ထားပါတယ်။ ကောင်းကင်ပေါ် ပေပေါင်း ၁၁၀၀၀ လောက်မှာ ပျံသန်းနေတဲ့အရာ အားလုံးနီးပါးလောက်ကို ပစ်ချနိုင်ပါတယ်။ တိကျမှုအလွန်ကောင်းပြီး အလွယ်တကူ ရွှေ့ပြောင်းသယ်ယူလို့ရတဲ့ Stinger ပခုံးထမ်းဒုံးကျည်တွေဟာ ယူကရိန်းစစ်ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့် လက်နက်အဖြစ် ပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။ 


    နော်၀ေက ပေးပို့တဲ့ တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် Mistral ဖြစ်ပါတယ်။ အလုံး ၁၀၀ ပေးထားတာပါ။ လူကိုယ်တိုင်ဖြစ်စေ၊ ကား၊ သင်္ဘောပေါ်တင်ပြီးဖြစ်စေ၊ ရဟတ်ယာဥ်မှာတပ်ပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ 

    Ref: Washington Post 

  • မလေးရှားက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၅ သိန်း လှူဒါန်း

    မလေးရှားက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၅ သိန်း လှူဒါန်း

    ဧပြီ ၂၁၊ ၂၀၂၂

    M-Media 


    -မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး AstraZeneca အလုံးရေ ၅ သိန်း လှုဒါန်းခဲ့တယ်လို့ မလေးရှား ကျန်းမာရေး၀န်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    တစ်ချို့နိုင်ငံတွေက ကပ်ရောဂါကို ကျော်လွှားပြီး ပုံမှန် အခြေအနေ ရောက်အောင် စသွားနေတဲ့အချိန်မှာ တစ်ချို့နိုင်ငံတွေက ပြည်သူတွေ ကိုယ်ခံအားရရှိရေး အကူအညီတွေ လိုအပ်နေသေးတယ်လို့ ၀န်ကြီးက ဆိုပါတယ်။ 

    “မြန်မာပြည်သူတွေအတွက် မလေးရှားပြည်သူတွေက ပေးပို့တဲ့ AstraZeneca ကာကွယ်ဆေး သန်း၀က် ဒီနေ့ ရန်ကုန်ကို ရောက်သွားခဲ့ပါတယ်။ အတူတကွ အန္တရာယ်ကင်းကင်း နေကြရအောင်”

    အာဏာသိမ်းစစ်ကောင်စီက မလေးရှားထံကနေ ကိုဗစ်ကာကွယ်ဆေးတွေ ရရှိကာ ရန်ကုန်မြို့ ကာကွယ်ဆေးသိုလှောင်ရုံမှာ ထားရှိဖြန့်ဖြူးသွားမယ်လို့ ထုတ်ပြန်ပါတယ်။ 

    နိုင်ငံအတွင်းက လူ ၂၈.၉၇ သန်းလောက် ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီး၊ Booster ထိုးထားသူ ၁.၂ သန်း ရှိတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။ 

    Ref: New Straits Times

  • အဟ်မဒ် မာနက်စရာ (သို့) ပါလက်စတိုင်းကလေးများ၏ လက်တွေ့ဘ၀ကို ထင်ဟင်စေသူ

    အဟ်မဒ် မာနက်စရာ (သို့) ပါလက်စတိုင်းကလေးများ၏ လက်တွေ့ဘ၀ကို ထင်ဟင်စေသူ

    ဧပြီ ၂၁၊ ၂၀၂၂

    M-Media 


    -အစ္စရေးက ပါလက်စတိုင်းကလေးငယ်တွေအပေါ်  ရက်စက်ကြမ်းကြုတ်မှုပေါင်းများစွာ ကျူးလွန်နေပြီး အဲဒီအထဲမှာ အဟ်မဒ် မာနက်စရာရဲ့ အဖြစ်အပျက်ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အာရုံစိုက်မှုကို အထူးရတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ 

    မာနက်စရာဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှာ ၂၀၁၅ ခုနှစ်က ၀မ်းကွဲအစ်ကိုဖြစ်သူ ဟာဆန်နဲ့ လမ်းသွားစဥ် ဂျူးအခြေ နေထိုင်သူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ 

    အရှေ့ဂျေရုစလင်က အစ္စရေးရဲ့ တရားမ၀င်အိမ်ယာမှာ နေထိုင်တဲ့ အခြေချနေထိုင်သူ ၂ ဦးကို ဓားနဲ့ထိုးတယ်လို့ စွပ်စွဲကာ ဟာဆန်ကို ဂျူးအရပ်သားတွေက သေနတ်နဲ့ နေရာတင်ပစ်သတ်ခဲ့ပြီး မာနက်စရာကိုတော့ လူအုပ်စုက ၀ိုင်းရိုက်တာ ကားနဲ့၀င်တိုက်တာတွေ လုပ်ခဲ့ပါတယ်။ 

    ဒီတိုက်ခိုက်မှုဒဏ်ကြောင့် မာနက်စရာတစ်ယောက် ဦးခေါင်းကွဲအက်ပြီး၊ သွေးယိုကာ နောက်ပိုင်းမှာ ရူးတဲ့အထိ ဆိုးရွားသွားခဲ့ပါတယ်။ 

    အဲဒီအချိန်က ၁၃ နှစ်သာရှိသေးတဲ့ မာနက်စရာဟာ ဂျူးအခြေချနေထိုင်သူတွေ စွပ်စွဲတဲ့ တိုက်ခိုက်မှုမှာ မပါ၀င်ပေမယ့် အစ္စရေးက ဖမ်းဆီးပြီး အသက် ၁၄ နှစ်ရောက်တဲ့အချိန် ၂၀၁၆ ခုနှစ်မှာ တရားစွဲဆိုကာ ထောင် ၁၂ နှစ်ချခဲ့ပါတယ်။ 

    အစ္စရေးဟာ အဲဒီကိစ္စနောက်ပိုင်း အသက် ၁၄ နှစ်အောက် ပါလက်စတိုင်း ကလေးငယ်တွေကို စစ်ခုံရုံးတင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ဖို့ ဥပဒေတွေကို ပြင်ဆင်ခဲ့ပါတယ်။ 

    စိတ်ရောဂါခံစားနေရတဲ မာနက်စရာဟာ ထောင်ထဲမှာ တိုက်ပိတ်လည်း ခံခဲ့ရပါတယ်။ ဒီအကြောင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နယ်စည်းမခြား ဆရာ၀န်များအဖွဲ့က ဆရာ၀န်တွေ ထောင်ထဲ၀င်တွေ့ခွင့်ရတဲ့အချိန်မှ သိခဲ့ရတာပါ။ 

    ကလေးဘ၀ကတည်းက လူအုပ်ရဲ့ ရိုက်နှက်မှု၊ ကားနဲ့၀င်တိုက်မှု၊ အစ္စရေးရဲ့ ပြင်းထန်တဲ့ အပြစ်ပေးညှင်းပမ်းမှုကို ခါးစည်းခံခဲ့ရတဲ့ မာနက်စရာကို လွှတ်ပေးရေး နိုင်ငံတကာရဲ့ တောင်းဆိုမှုဟာ အခုနှစ် မတ်လအတွင်းမှာ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ 

    ဒါပေမယ့် အစ္စရေးကတော့ အသက် ၂၁ နှစ်အရွယ် မာနက်စရာကို အခုအချိန်အထိ ထောင်ချထားဆဲဖြစ်ပါတယ်။ 

    မာနက်စရာရဲ့အဖြစ်အပျက်ဟာ တိုင်းပြည်အခိုးခံရပြီး ညှင်းပမ်းနှိပ်စက်မှုပါ ခံနေရတဲ့ ပါလက်စတိုင်းကလေးငယ်တွေရဲ့ လက်တွေ့ဘ၀ကို ထင်ဟပ်နေတာလည်း ဖြစ်ပါတယ်။

    Ref: Aljazeera 

  • နိုင်ငံသားဖြစ်မှုကို လက်နက်အဖြစ် အသုံးချနေတဲ့ စစ်ကောင်စီ

    နိုင်ငံသားဖြစ်မှုကို လက်နက်အဖြစ် အသုံးချနေတဲ့ စစ်ကောင်စီ

    ဧပြီ ၂၀၊ ၂၀၂၂

    M-Media


    – စစ်ကောင်စီဟာ မတ်လကစတင်ပြီး သူတို့ကိုဆန့်ကျင်သူ၊ ၀ေဖန်သူ၊ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံသူ၊ ခိုင်းတဲ့အတိုင်းမလုပ်တဲ့ သံအမတ်တွေ အနည်းဆုံး ၃၃ ယောက်ကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။ 

    ‘နိုင်ငံတော်အကျိုးစီးပွားကို ထိခိုက်စေတဲ့အတွက်’ နိုင်ငံသားအဖြစ်ကနေ ရပ်စဲတာလို့ စစ်ကောင်စီမီဒီယာတွေက ထုတ်ပြန်ပါတယ်။ 

    ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေ ရေးဆွဲပြဌာန်းတဲ့ ၁၉၄၇ နိုင်ငံသားဥပဒေကို ပယ်ဖျက်ပြီး မြန်မာစစ်အာဏာရှင်တွေရဲ့ ခေါင်းကိုင်ဖခင် ဦးနေ၀င်းရေးဆွဲတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မညီဘဲ အာဏာရှင်တွေ လုပ်ချင်တာ လုပ်ဆောင်လို့ရတဲ့ ဥပဒေတစ်ခုသာ ဖြစ်တယ်လို့ ပညာရှင်တွေက အရင်ကတည်းက ၀ေဖန်ထားကြတာပါ။ 

    အခုတော့ အာဏာသိမ်းစစ်ကောင်စီဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အသုံးပြုပြီး အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ လုပ်ဆောင်လာပြီဖြစ်ပါတယ်။ 

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့  Human Rights Watch ရဲ့ လက်ထောက်ဒါရိုက်တာ ဖီလ်ရော်ဘတ်ဆန်က စစ်ကောင်စီဟာ နိုင်ငံသားဖြစ်မှုကို လက်နက်တစ်ခုသဖွယ် အသုံးပြုနေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “၁၉၀၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေက ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွင်း ပါ၀င်ခဲ့သူတွေထဲမှာ နိုင်ငံသားဖြစ်ခွင့် ပြန်မရတဲ့ တက်ကြွလှုပ်ရှားသူတွေ တော်တော်များများ ရှိပါတယ်” 

    Amnesty International အဖွဲ့က သုတေသနဆိုင်ရာ အကြီးအကဲ အီမာလင် ဂီလ်က နိုင်ငံသားဖြစ်မှုကို ရပ်ဆိုင်းတာဟာ နိုင်ငံမဲ့ဖြစ်သွားစေတဲ့အတွက် ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ ထောက်ပြပါတယ်။ 

    စစ်ခေါင်းဆောင်တွေဟာ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့ဆိုရင် တရားမ၀င်နည်းလမ်းတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို ဘယ်လောက်ပဲအသုံးပြုရပြုရ အသုံးပြုမယ်ဆိုတဲ့ သဘောထားကို ဒီလုပ်ရပ်က ပြသနေကြောင်း သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    စစ်တပ်ဟာ နိုင်ငံအနောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအသုံးပြုကာ အကြီးအကျယ်နှိပ်ကွပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera 

  • ဘာသာရေးခေါင်းစဥ်တပ် အကြမ်းဖက်မှုအတွက် လူ ၆ ဦးကို ပါကစ္စတန်က သေဒဏ်ချ

    ဘာသာရေးခေါင်းစဥ်တပ် အကြမ်းဖက်မှုအတွက် လူ ၆ ဦးကို ပါကစ္စတန်က သေဒဏ်ချ

    ဧပြီ ၁၉၊ ၂၀၂၂

    M-Media 


    -ဘာသာရေးစော်ကားတယ်ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး သီရိလင်္ကာ နိုင်ငံသားတစ်ဦးကို လူအုပ်နဲ့သတ်ဖြတ်မှုမှာ ပါ၀င်သူ ၆ ဦးကို ပါကစ္စတန်က သေဒဏ်ချမှတ်လိုက်ပါတယ်။

    ဒီအဖြစ်အပျက်အတွက် လူ ၈၈ ဦးကို ပါကစ္စတန်တရားရုံးက ပြစ်ဒဏ်ပေးခဲ့ပြီး ၉ ဦးကို တစ်သက်တစ်ကျွန်း၊ ကျန်တဲ့သူတွေကို ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။  

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ဆီယာကော့မြို့မှာ အသက် ၄၈ နှစ်အရွယ် စက်ရုံမန်နေဂျာဟာ လူအုပ်စုရဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ 

    ဘာသာရေးစော်ကားတဲ့အနေနဲ့ တမန်တော်မိုဟာမက်အမည် ပါ၀င်တဲ့ ပိုစတာကို မန်နေဂျာက ဆုတ်ဖြဲခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးတဲ့နောက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာပါ။ 

    ပါကစ္စတန်အာဏာပိုင်တွေနဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ဒီလိုစော်ကားမှု တကယ်ဖြစ်ခဲ့တာမဟုတ်ဘဲ မန်နေဂျာကို မကျေနပ်တဲ့ အလုပ်သမားတစ်ချို့က ချောက်ချခဲ့တာလို့ စုံစမ်းစစ်ဆေးမှုရလဒ်တွေကို ကိုးကားပြီး နောက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

    အဲဒီအချိန်က ပါကစ္စတန်၀န်ကြီးချုပ်ဖြစ်တဲ့ အင်မရန်းခန်းက ဒီသတ်ဖြတ်မှုဟာ နိုင်ငံအတွက် အရှက်ရစရာ နေ့တစ်နေ့ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

    Ref: BBC