News @ M-Media

Blog

  • အာဂျင်တီးနား ဂိုးသွင်းစံချိန်ကို ချိုးရန် မက်ဆီ ၆ ဂိုးသာလိုတော့

    အာဂျင်တီးနား ဂိုးသွင်းစံချိန်ကို ချိုးရန် မက်ဆီ ၆ ဂိုးသာလိုတော့

    မတ် ၃၀၊ ၂၀၁၆
    M-Media

    messi

    – ယမန်နေ့က ဘိုလီဗီးယားအသင်းနှင့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂိုးသွင်းပေးခဲ့သည့် မက်ဆီမှာ နိုင်ငံအသင်းအတွက် ဂိုး ၅၀ ပြည့်သွားခဲ့ပြီး ဂိုးအများဆုံးသွင်းယူထားသည့် ဘာတစ္စတူတာ၏ စံချိန်ကို ချိုးရန် နီးကပ်လာပြီဖြစ်သည်။

    အာဂျင်တီးနားက ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ထိုပွဲတွင် မက်ဆီမှာ ပင်နယ်တီမှတစ်ဆင့် ၁ ဂိုးသွင်းပေးခဲ့ခြင်းဖြစ်သည်။ မက်ဆီမှာ အသက် ၁၈ နှစ်အရွယ် ၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့က ခရိုအေးရှားနှင့် ခြေစမ်းပွဲတွင် အာဂျင်တီးနား အသင်းအတွက် ပထမဆုံး ဂိုးသွင်းပေးခဲ့ပြီး ထိုနှစ်ကမ္ဘာ့ဖလား ဆားဘီးယားအသင်းနှင့်ပွဲတွင် ဂိုးသွင်းယူခဲ့ကာ ကမ္ဘာဖလားနောက်ဆုံးအဆင့်တွင် အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်ခဲ့သည်။

    ယခုကဲ့သို့ ဂိုး ၅၀ ပြည့်သွင်းသည့် မက်ဆီမှာ အာဂျင်တိုင်း ဂန္တ၀င်တိုက်စစ်မှူး ဘာတစ္စတူတာ တင်ထားသော ၅၆ ဂိုးစံချိန်ကို မီရန် ၆ ဂိုးသာ လိုတော့သည်။ ထို့ပြင် တောင်အမေရိကဒေသ လက်ရွေးစင်အသင်းများအတွက် ထိပ်တန်းဂိုးသွင်းဘုရင် ၅ ဦးစာရင်းတွင်လည်း ၀င်ခဲ့ပြီဖြစ်သည်။

    Ref: Goal

  • အငြင်းပွားဖောက်ကလန်ကျွန်းစုမှာ အာဂျင်တီးနားရေပိုင်နက်တွင် ရှိသည်ဟု ကုလ ဆုံးဖြတ်

    အငြင်းပွားဖောက်ကလန်ကျွန်းစုမှာ အာဂျင်တီးနားရေပိုင်နက်တွင် ရှိသည်ဟု ကုလ ဆုံးဖြတ်

    မတ် ၃၀၊ ၂၀၁၆
    M-Media

    argen

    – အင်္ဂလန်နဲ့ အာဂျင်တီးနားအကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဖောက်ကလန်ကျွန်းစုဟာ အာဂျင်တီးနားပိုင်ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပြီး၊ အာဂျင်တီးနားကလည်း သူတို့ရဲ့ ရေပိုင်နက် သတ်မှတ်မျဉ်းကို ဖောက်ကလန်ကျွန်းစု အလွန်အထိ တိုးချဲ့လိုက်ပါတယ်။

    အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခုလို ရေပိုင်နက် သတ်မှတ်စည်းမျဉ်း တိုးချဲ့လိုက်တာက ကုလရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလက ဖောက်ကလန်ကျွန်းစုပတ်ဝန်းကျင်ရဲ့ ဧရိယာ သန်းပေါင်း ၁.၇ စတုရန်းကီလိုမီတာဟာ အာဂျင်တီးနားရဲ့ပိုင်နက် ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ မိမိတို့ရဲ့ ပိုင်နက်ကို ကမ်းရိုးတမ်းကစတွက်ရင် မိုင် ၂၀၀ ကနေ ၃၅၀ အထိသာ သတ်မှတ်ထားတာကို ပြင်ဆင်ပေးဖို့ ၂၀၀၉ ခုနှစ်က တင်သွင်းခဲ့တဲ့ အာဂျင်တီးနားရဲ့တောင်းဆိုလွှာကိုလည်း ကုလက သဘောတူညီခဲ့ပါတယ်။

    “ကျွန်မတို့ရဲ့ ပိုင်နက်အသစ်ကနေ ရနိုင်မယ့် ရင်းမြစ်တွေ၊ ဓာတ်သတ္တုတွေ၊ ဟိုက်ဒရိုကာဗွန်တွေနဲ့ အဲ့ဒီနေရာမှာ ကျက်စားနေထိုင်တဲ့ ရေနေသတ္တ၀ါတွေနဲ့ပက်သက်ပြီး ကျွန်မတို့ရဲ့ အချုပ်အခြာပိုင်ဆိုင်ခွင့်ကို ပြန်လည် အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒါဟာ အာဂျင်တီးနားနိုင်ငံရဲ့ အလွန်သိသာထင်ရှားတဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်လို့ ကျွန်မ ရိုးသားစွာ ယုံကြည်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ဆူဆာနာ မလ်ကော်ရာက ပြောကြားခဲ့ပါတယ်။

    ယူကေလွတ်လပ်ရေးပါတီ(UKIP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ဟူကင်က ကုလရဲ့ ဒီဆုံးဖြတ်ချကို ရှုတ်ချလိုက်ပြီး ဗြိတိန်အစိုးရအနေနဲ့ ဖောက်ကလန်ကျွန်းသားတွေနဲ့အတူ ရပ်တည်ပေးရမှာဖြစ်ကာ အာဂျင်တီးနားရဲ့ အရေးကြီးစီးပွားရေးနယ်မြေ (EEZ) ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့အကြောင်း ကုလသမဂ္ဂကို ပြောဆိုရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : RT

  • လူ့အဖွဲ့စည်း အလုပ်ကျွေးပြုရေး အိုဟိုင်းယိုးပြည်နယ်ရှိ ဂျူးနှင့် မွတ်စလင်များ တွေ့ဆုံဆွေးနွေး

    လူ့အဖွဲ့စည်း အလုပ်ကျွေးပြုရေး အိုဟိုင်းယိုးပြည်နယ်ရှိ ဂျူးနှင့် မွတ်စလင်များ တွေ့ဆုံဆွေးနွေး

    မတ် ၂၉၊ ၂၀၁၆
    M-Media

    jew
    အိုဟိုင်းယိုးပြည်နယ် ဟီလီယာ့ဒ်မြို့ရှိ နူရ် အစ္စလာမ့်ယဉ်ကျေးမှု စင်တာ

    – လူ့အဖွဲ့အစည်းကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် အလုပ်ကျွေးပြုဖို့နဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှု အယူဝါဒတွေရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေအကြောင်း အသိပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်က ဂျူးတွေနဲ့ မွတ်စလင်တွေဟာ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    ဟီလီယာ့ဒ်မြို့က နူရ် အစ္စလာမ့်ယဉ်ကျေးမှုစင်တာမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အမေရိကန်သမ္မတလောင်းတွေရဲ့ လတ်တလော ရွှေ့ပြောင်းအခြေချ ဆန့်ကျင်ရေးမှတ်ချက်တွေ၊ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်တွေနဲ့ ဂျူးတွေအပေါ် ခွဲခြားဆက်ဆံခဲ့တဲ့သမိုင်းတွေ၊ မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေနဲ့ အခြားသော အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ကိုလံဘတ်ဂျူးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်သူ ဂေါ်ဒွင် ဟက်ကာက “ကျွန်ုပ်တို့ အားလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ မွတ်စလင်တွေ၊ ဂျူးတွေ ဖြစ်ရင်ဖြစ်မယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဟာ အမေရိကန်တွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

    နူရ်အစ္စလာမ့်ယဉ်ကျေးမှုစင်တာက ဘုတ်အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ဖာရူကီ မဂျစ်ကတော့ အခုလတ်တလော ကြားနေမြင်နေရတဲ့ နိုင်ငံရေးနဲ့နွယ်တဲ့ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်တွေကြောင့် အိုဟိုင်းယိုးအလယ်ပိုင်းက ဘာသာစုံလူ့အဖွဲ့စည်းမှာ စည်းလုံးမှုတွ ရရှိလာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ်ရဲ့ အမည်နာမကို အလွဲသုံးစားပြုကာ လုပ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန် ကြောက်စိတ်ဝင်နေတာကိုလည်း နားလည်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရွန်နေး အေဘာဇာကတော့ နူရ်အစ္စလာမ့်ယဉ်ကျေးမှုစင်တာဟာ ဂျူးအဖွဲ့တွေနဲ့ ကိစ္စတော်တော်များများကို လက်တွဲဆောင်ရွက်နေပြီး အဲဒီလို ပူးပေါင်းဆောင်ရွက်ခြင်းက နိုင်ငံခြားသားကြောက်ရောဂါနဲ့ အမုန်းတရားတွေကို တွန်းလှန်ဖို့ အင်အားအရှိဆုံး နည်းလမ်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • မြန်မာနိုင်ငံရှိ ကလေး ၅ ဦးတွင် ၁ ဦးမှာ ပညာမသင်ရဘဲ အလုပ်လုပ်နေရ

    မြန်မာနိုင်ငံရှိ ကလေး ၅ ဦးတွင် ၁ ဦးမှာ ပညာမသင်ရဘဲ အလုပ်လုပ်နေရ

    မတ် ၂၉၊ ၂၀၁၆
    M-Media

    children

    – မြန်မာနိုင်ငံရှိ အသက် ၁၀ နှစ်မှ ၁၇ နှစ်အကြား ကလေးငယ် ၅ ဦးတွင် ၁ ဦးမှာ ကျောင်းမနေရဘဲ အလုပ်လုပ်ကိုင်နေရသည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သန်ခေါင်းစာရင်း ကောက်ယူမှုအချက်အလက်အရ သိရသည်။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၏ အစိတ်အပိုင်းဖြစ်သည့် အလုပ်အကိုင်နှင့် စက်မှုကဏ္ဍ အစီရင်ခံစာ၌ မြန်မာနိုင်ငံရှိ ကလေးငယ်များမှ ၁.၇ သန်းမှာ အလုပ်လုပ်နေကြရသည်ဟု ဖော်ပြထားသည်။

    “အခုအချိန်မှာ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြား ကလေး ၅ ဦးမှာ ၁ ဦးက သူတို့ကြီးလာတဲ့အခါ အလုပ်အကိုင်ကောင်းကောင်းရဖို့နဲ့ အလုပ်အကိုင်အတွက် အာမခံချက်ရှိဖို့ အထောက်အကူဖြစ်စေမယ့် ပညာကို သင်ခွင့်မရပါဘူး” ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဂျာနက် အီး ဂျက်ဆန်က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    သန်းခေါင်စာရင်း၏ အလုပ်အကိုင်အချက်အလက်များတွင် မြန်မာနိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်၌ ကျား၊ မ အချိုးအစားကွာဟမှု ကြီးမားသည်ကို တွေ့ရှိခဲ့ရပြီး အသက် ၁၄ နှစ်မှ ၆၄ နှစ်အတွင်းရှိ အမျိုးသမီး ထက်ဝက်ခန့်သာ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် အလုပ်ရှာဖွေခြင်းတို့ ရှိနေသည်။ အမျိုးသားများ၏ အလုပ်လုပ်ကိုင်မှုနှင့် အလုပ်ရှာဖွေမှု ပမာဏမှာ ၈၅ ရာခိုင်နှုန်း ရှိနေသည်။

    သန်းခေါင်စာရင်းကောက်ယူမှုတွင် မြန်မာအစိုးရအား ကူညီပေးခဲ့သည့် UNFPA ကမူ ယခုတွေ့ရှိချက်များကို စီးပွားရေးတိုးတက်မှုနှင့် လယ်သမားများ၏ ၀င်ငွေ မြှင့်တင်ရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်ရာတွင် အသုံးပြုနိုင်မည်ဟု ပြောကြားခဲ့သည်။

    အစီရင်ခံစာ၌ အသက် ၆၅ နှစ်အထက် အဘိုးအဘွား ၅ ဦးတွင် ၁ ဦးမှာလည်း အလုပ်လုပ်ကိုင်နေကြပြီး များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ လုပ်အား လိုအပ်သော လယ်ယာလုပ်ငန်း၊ သစ်တောလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းတို့တွင် ဖြစ်သည်။

    Ref: VOA

  • နိုင်ငံတကာဖိအားများကြောင့် ကျူးကျော်အစ္စရေးကုမ္ပဏီများ ပါလက်စတိုင်းမှ ပြောင်းရွှေ့

    နိုင်ငံတကာဖိအားများကြောင့် ကျူးကျော်အစ္စရေးကုမ္ပဏီများ ပါလက်စတိုင်းမှ ပြောင်းရွှေ့

    မတ် ၂၉၊ ၂၀၁၆
    M-Media

    pales
    ပါလက်စတိုင်းပိုင်နက်အတွင်းမှ အစ္စရေး၏ ကျူးကျော်အိမ်ယာတစ်ခု

    – နိုင်ငံတကာက ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကာ ဖိအားတွေပေးလာတာကြောင့် ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င် ၀င်ရောက်အခြေချလုပ်ကိုင်နေတဲ့ အစ္စရေးကုမ္ပဏီတွေဟာ အစ္စရေးနိုင်ငံအတွင်းကို ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်မှု ဆန့်ကျင်ရေးအဖွဲ့ “Peace Bloc” က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက အနောက်ဖက်ကမ်းမှာ အခြေချကာ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီတွေရဲ့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းခန့်ဟာ ပြောင်းရွှေ့တာမျိုး၊ ဒါမှမဟုတ် အပြီးပိတ်သိမ်းတာမျိုး ရှိခဲ့တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ခုက ပြောရေးဆိုခွင့်ရှိသူ ယီဂဲလ် ဒီလ်မိုနီကလည်း နိုင်ငံတကာဖိအားတွေကြောင့် ကုမ္ပဏီတော်တော်များများဟာ ပါလက်စတိုင်းပိုင်နက်က ရွှေ့ပြောင်းသွားကြတယ်လို့ ၀န်ခံခဲ့ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ဟာ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေမှာ အစ္စရေးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စာရင်းပြုစုထားဖို့ ဆုံးဖြတ်ချက်တစ်ခုကို မတ်လ ၂၄ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ၁၉၆၇ ခုနှစ်နောက်ပိုင်း အစ္စရေးက တရားမ၀င်အခြေချအိမ်ရာ ၂၃၀ ကို ဆောက်လုပ်ခဲ့ပြီး ဂျူးသန်းဝက်ကျော် ၀င်ရောက်နေထိုင်နေကြပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာက Boycott-Divestment-Sanction လှုပ်ရှားမှုနဲ့ ၂၀၀၅ ခုနှစ်ကတည်းက သပိတ်မှောက်ခဲ့ကြပြီး၊ အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတွေ ဆောက်လုပ်မှုကို ရပ်တန့်ဖို့လည်း နိုင်ငံတကာက ဖိအားတွေပေးနေပါတယ်။

    Ref: Presstv