မတ် ၂၉၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံရှိ အသက် ၁၀ နှစ်မှ ၁၇ နှစ်အကြား ကလေးငယ် ၅ ဦးတွင် ၁ ဦးမှာ ကျောင်းမနေရဘဲ အလုပ်လုပ်ကိုင်နေရသည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သန်ခေါင်းစာရင်း ကောက်ယူမှုအချက်အလက်အရ သိရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၏ အစိတ်အပိုင်းဖြစ်သည့် အလုပ်အကိုင်နှင့် စက်မှုကဏ္ဍ အစီရင်ခံစာ၌ မြန်မာနိုင်ငံရှိ ကလေးငယ်များမှ ၁.၇ သန်းမှာ အလုပ်လုပ်နေကြရသည်ဟု ဖော်ပြထားသည်။
“အခုအချိန်မှာ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြား ကလေး ၅ ဦးမှာ ၁ ဦးက သူတို့ကြီးလာတဲ့အခါ အလုပ်အကိုင်ကောင်းကောင်းရဖို့နဲ့ အလုပ်အကိုင်အတွက် အာမခံချက်ရှိဖို့ အထောက်အကူဖြစ်စေမယ့် ပညာကို သင်ခွင့်မရပါဘူး” ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဂျာနက် အီး ဂျက်ဆန်က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
သန်းခေါင်စာရင်း၏ အလုပ်အကိုင်အချက်အလက်များတွင် မြန်မာနိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်၌ ကျား၊ မ အချိုးအစားကွာဟမှု ကြီးမားသည်ကို တွေ့ရှိခဲ့ရပြီး အသက် ၁၄ နှစ်မှ ၆၄ နှစ်အတွင်းရှိ အမျိုးသမီး ထက်ဝက်ခန့်သာ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် အလုပ်ရှာဖွေခြင်းတို့ ရှိနေသည်။ အမျိုးသားများ၏ အလုပ်လုပ်ကိုင်မှုနှင့် အလုပ်ရှာဖွေမှု ပမာဏမှာ ၈၅ ရာခိုင်နှုန်း ရှိနေသည်။
သန်းခေါင်စာရင်းကောက်ယူမှုတွင် မြန်မာအစိုးရအား ကူညီပေးခဲ့သည့် UNFPA ကမူ ယခုတွေ့ရှိချက်များကို စီးပွားရေးတိုးတက်မှုနှင့် လယ်သမားများ၏ ၀င်ငွေ မြှင့်တင်ရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်ရာတွင် အသုံးပြုနိုင်မည်ဟု ပြောကြားခဲ့သည်။
အစီရင်ခံစာ၌ အသက် ၆၅ နှစ်အထက် အဘိုးအဘွား ၅ ဦးတွင် ၁ ဦးမှာလည်း အလုပ်လုပ်ကိုင်နေကြပြီး များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ လုပ်အား လိုအပ်သော လယ်ယာလုပ်ငန်း၊ သစ်တောလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းတို့တွင် ဖြစ်သည်။
Ref: VOA


Leave a Reply
You must be logged in to post a comment.