News @ M-Media
Blog
  • အာဆင်နယ်နှင့် အနာဂတ်အတွက် ၀င်းဂါး မစိုးရိမ်
    အာဆင်နယ်နှင့် အနာဂတ်အတွက် ၀င်းဂါး မစိုးရိမ်
    မတ် ၂၉၊ ၂၀၁၆
    M-Media
    winger 4
    – အာဆင်နယ်မှာ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသောကြောင့် ဖိအားများရှိနေသော်လည်း မိမိမှာ အသင်းတွင် ဆက်ရှိနေမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြိုင်ပွဲအားလုံး နောက်ဆုံး ၉ ပွဲတွင် ၂ ပွဲသာ အနိုင်ရထားသည့် အာဆင်နယ်မှာ ချန်ပီယံလိဂ်၊ FA တို့မှ ထွက်ခဲ့ရကာ ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံးမှ လက်စတာနှင့် တစ်ပွဲလျော့ ၁၁ မှတ်အကွာတွင် ရှိနေသည်။ ထို့ကြောင့် ပရိတ်သတ်များကမူ ၀င်းဂါး၏ နှစ်ပေါင်း ၂၀ ကြာ သက်တမ်းကို အဆုံးသတ်ချင်နေသည်။
    “ကျွန်တော်က စိတ်နှစ်မြှုပ်ထားတာကြောင့် အနာဂတ်အတွက် သံသယမရှိပါဘူး။ အလုပ်လုပ်တဲ့အခါတိုင်း ရာနှုန်းပြည့် အလုပ်လုပ်ပါတယ်။ ကျွန်တော်ဟာ အသင်းမှာရှိနေသမျှ ကာလပတ်လုံး အကောင်းဆုံး ပေးဆပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားသူပါ။ ကျွန်တော်က ဒါပဲ အာရုံစိုက်နေတာပါ။ အရေးကြီးတာက နေ့တိုင်း အကောင်းဆုံး ဆောင်ရွက်သွားဖို့ပါ။ လူတွေပြောနေကြတာကို သိပ်ပြီး ခေါင်းထဲ မထည့်ပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်က ကျွန်တော့်ရဲ့ အနာဂတ်ပါပဲ။ ကျွန်တော်ဟာ ခင်ဗျားတို့ထက်ပိုပြီး အနာဂတ်ကို မစိုးမိုးနိုင်ပါဘူး” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • စပိန်တွင် လွတ်လပ်ရေးတောင်းသည့် ဒေသတစ်ခု ထပ်တိုး
    စပိန်တွင် လွတ်လပ်ရေးတောင်းသည့် ဒေသတစ်ခု ထပ်တိုး
    မတ် ၂၉၊ ၂၀၁၆
    M-Media
    inde
    – စပိန်နိုင်ငံက Basque တိုင်းရင်းသားမျိုးနွယ်စု လူ ၁၁၀၀၀ ခန့်ဟာ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ သူတို့ရဲ့ ပြည်နယ်ကို စပိန်နိုင်ငံကနေ ခွဲထွက်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတစ်ခု နိုင်ငံမြောက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
    ပမ်ပလိုနာမြို့မှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြတဲ့ အဲဒီ ချီတက်ဆန္ဒပြမှုကို ဒေသလွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့ Basque Independentistak က စီစဉ် ပြုလုပ်ခဲ့တာဖြစ်ပြီး Basque ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အလံတွေ၊ ‘လွတ်လပ်ရေး’ လို့ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။
    Basque ပြည်နယ်မှာ ကိုယ်ပိုင်ဘာသာစကားနဲ့ ယဉ်ကျေးမှုရှိတဲ့အပြင် နိုင်ငံရေးမူဝါဒပိုင်းနဲ့ အခွန်ကောက်ခံမှုပိုင်းမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ရှိနေပါတယ်။
    “ကျွန်တော်တို့ တောင်းဆိုတာက တစ်နိုင်ငံတည်းစနစ်ပါ။ ဒါဟာ အလွန်အရေးပါတဲ့ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဒီမဟာဗျူဟာမှာ အခုချီတက်နေကြတဲ့ လူထုကို လိုအပ်ပါတယ်” လို့ လှုပ်ရှားမှုရဲ့ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သူ Txutxi Ariznabarreta က ပြောကြားခဲ့ပါတယ်။
    စပိန်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Basque ဒေသ လွတ်လပ်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြုလုပ်ပေးဖို့ ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ စပိန်ရဲ့ အခြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်တဲ့ ကာတာလိုနီယာကလည်း ဒေသလွတ်လပ်ရေးအတွက် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တောင်းဆိုမှုတွေကို တိုးမြှင့် ပြုလုပ်လာခဲ့ပါတယ်။
    Ref: Presstv
  • ဇနီးဟောင်းရှိရာသို့ သွားချင်သည့်အတွက် အီဂျစ်နိုင်ငံသားတစ်ဦး လေယာဉ်ပြန်ပေးဆွဲ
    ဇနီးဟောင်းရှိရာသို့ သွားချင်သည့်အတွက် အီဂျစ်နိုင်ငံသားတစ်ဦး လေယာဉ်ပြန်ပေးဆွဲ
    မတ် ၂၉၊ ၂၀၁၆
    M-Media
    hijack
    – အီဂျစ်ပြည်တွင်းတွင် ပြေးဆွဲသည့် ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ဒေသစံတော်ချိန် ယနေ့မနက်ပိုင်းက ပြန်ပေးဆွဲခံရကာ၊ ဆိုက်ပရက်စ်သို့ဆင်းရန် ပြန်ပေးဆွဲခံရသူက ညွှန်ကြားခဲ့သည်ဟု သိရသည်။
    EgyptAir လေကြောင်းလိုင်းမှ MS181 လေယာဉ်ဖြစ်ပြီး အလန်ဇန်းဒရီးယားမှ ကိုင်ရိုသို့ပျံသန်းစဉ် ထိုကဲ့သို့ ပြန်ပေးဆွဲခဲ့ရခြင်းဖြစ်သည်။ ပြန်ပေးဆွဲသူမှာ အီဘရာဟင် ဆမာရှာ ဆိုသူဖြစ်ပြီး ဆိုက်ပရက်စ်တွင်နေသည့် ၎င်း၏ ဇနီးဟောင်းကို တွေ့ဆုံချင်သည့်အတွက် ထိုကဲ့သို့ ပြန်ပေးဆွဲခြင်းဖြစ်သည်ဟု ဆိုသည်။
    ပြန်ပေးဆွဲသူက ၎င်းတွင် အသေခံဗုံးခွဲခါးပတ် ပါဝင်သည်ဟု လေယာဉ်မှူးအား ခြိမ်းခြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုကဲ့သို့ ပါဝင်ခြင်းမရှိသည်ကို တွေ့ခဲ့ရသည်။ လက်ရှိတွင် လေယာဉ်ကို ဆိုက်ပရက်စ်ရှိ လာရ်နာကာမြို့တွင် ဆင်းသက်ထားသည်။
    လေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၈၁ ဦး ပါဝင်သွားခဲ့ပြီး ပြန်ပေးဆွဲသူနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံခြားသားလေးဦးနှင့် လေယာဉ်အမှူထမ်းများမှလွဲ၍ ကျန်ခရီးသည်များအား လွှတ်ပေးရန် သဘောတူညီချက် ရခဲ့သည်ဟု EgyptAir က ပြောကြားခဲ့သည်။
    ပြန်ပေးဆွဲခဲ့သူ ဆမာရှာမှာ ၎င်း၏ ဇနီးဟောင်းကို ပေးရန်ဟု ယူဆရကာ အာရဘီဘာသာစကားဖြင့် ရေးသားထားသည့် စာတစ်စောင်ကိုလည်း ပစ်ချခဲ့ကြောင်း၊ ဆိုက်ပရက်စ်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိရန် ဘာသာပြန်မှတစ်ဆင့် တောင်းဆိုထားကြောင်း သတင်းများက ဖော်ပြကြသည်။
    Ref: RT
  • ချယ်ဆီးမှစိတ်ဝင်စားနေသည့် နည်းပြကွန်တီ အီတလီမှ ထွက်ခွာမည်ဟု အတည်ပြု
    ချယ်ဆီးမှစိတ်ဝင်စားနေသည့် နည်းပြကွန်တီ အီတလီမှ ထွက်ခွာမည်ဟု အတည်ပြု
    မတ် ၂၉၊ ၂၀၁၆
    M-Media
    conte
    – အီတလီနည်းပြကွန်တီက မိမိအနေဖြင့် ယူရို ၂၀၁၆ တွင် အသင်းအား အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်သည့်တိုင်အောင် အသင်း၌ ဆက်ရှိနေတော့မည်မဟုတ်ဟု ပြောကြားလိုက်သည်။
    ဂျူဗင်တပ်စ်နည်းပြဟောင်း ကွန်တီမှာ ရာသီကုန်လျှင် ချယ်ဆီးသို့ရောက်ရှိမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူဖြစ်သည်။ ၎င်းကလည်း အီတလီနည်းပြအဖြစ် ဆက်ရှိတော့မည်မဟုတ်ဟု ယခုကဲ့သို့ ပြောကြားလိုက်ခြင်းကြောင့် ပရီးမီးယားလိဂ်သို့ ရောက်ရှိရန်မှာ ပိုမိုနီးစပ်လာပြီဖြစ်သည်။
    “ထွက်ခွာမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်က ဥရောပချန်ပီယံရှစ်ရလဒ်အပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ နည်းပြ စစ်စစ်တစ်ယောက်အဖြစ် ပြန်လည် ဆောင်ရွက်လိုမှုအပေါ်မှာ မူတည်ပါတယ်။ ဥပမာအားဖြင့် ဒီပြိုင်ပွဲပြီးရင် ကျွန်တော်အချိန်တော်တော်များများ အားမယ်။ ကျွန်တော့်မိသားစုအတွက် အချိန်တွေကို ကုန်ဆုံးကောင်း ကုန်ဆုံးနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ နေ့စဉ်ထိတွေ့ရတဲ့ဘ၀ကို ကျွန်တော် ပြန်ရဖို့ လိုပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။
    Ref: Goal
  • အမေရိကန် လွှတ်တော်အဆောက်အဦးတွင် လူတစ်ဦးက သေနတ်ဆွဲထုတ်မှုကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
    အမေရိကန် လွှတ်တော်အဆောက်အဦးတွင် လူတစ်ဦးက သေနတ်ဆွဲထုတ်မှုကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
    မတ် ၂၉၊ ၂၀၁၆
    M-Media
    capitol
    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ရှိ လွှတ်တော်အဆောက်အဦးတွင် လူတစ်ဦးက သေနတ်ဆွဲထုတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ သေနတ်သမားကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
    ယမန်နေ့က လွှတ်တော်ရှိ လာရောက်လည်ပတ်သူများစင်တာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်ကြောင့် အိမ်ဖြူတော်ကို ခေတ္တ ပိတ်ပစ်ခဲ့ရကာ နောက်ပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်။
    လွှတ်တော် စစ်ဆေးရေးဂိတ်၌ သေနတ်ဆွဲထုတ်ခဲ့ရာတွင် တာဝန်ရှိသူများက ပစ်တ်ခတ်ဖမ်းဆီးခဲ့ရပြီး သေနတ်သမားမှာ ဒဏ်ရာရရှိကာ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ထိုအဖြစ်အပျက်အတွင်း ဘေးတွင်ရပ်နေသည့် အမျိုးသမီးတစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
    လွှတ်တော်ရဲတပ်ဖွဲ့အကြီးအကဲ မက်သယူး အာရ် ဗာဒီရိုဆာကမူ အဆိုပါ သံသယရှိသူမှာ ရဲတပ်ဖွဲ့နှင့် မျက်မှန်းတန်းမိသူဖြစ်ပြီး၊ ထိုအဖြစ်အပျက်ကလည်း ယခင်က လွှတ်တော်အဆောက်အဦးတွင် ဖြစ်ပွားခဲ့သည့် ပုံစံမျိုး တစ်ဦးတည်းကျူးလွန်မှုသာဖြစ်ကာ သာမန် ရာဇ၀တ်မှုအဖြစ်အပျက် တစ်ခုထက်ပိုသည့် အကြောင်းအရင်းမရှိဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
    Ref: Aljazeera