News @ M-Media

မတ်လအတွင်း အီရတ်တွင် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ရှိ

ဧပြီ ၃၊ ၂၀၁၆
M-Media

iraq

– ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေအရ အီရတ်နိုင်ငံမှာ မတ်လတစ်ခုတည်းမှာပဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းတွေကြောင့် လူပေါင်း ၁၁၁၉ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၁ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကူအညီပေးရေးကိုယ်စားလှယ်အဖွဲ့ (UNAMI) က အဲဒီအထဲမှာ အပြစ်မဲ့ပြည်သူတွေ သေဆုံးတဲ့အရေအတွက်ဟာ ၅၇၅ ယောက်အထိ ရှိခဲ့ပြီး ဒဏ်ရာရသူပေါင်း ၁၁၉၆ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ဘဂ္ဂဒက်မြို့ကတော့ အီရတ်နိုင်ငံရဲ့ သေဆုံးပျက်စီးမှုဒဏ် အခံရဆုံး မြို့တစ်မြို့ဖြစ်ခဲ့ပြီး သေဆုံးသူ ၂၅၉ ယောက်နဲ့ ဒဏ်ရာရရှိသူ ၇၇၀ ယောက် ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ သေဆုံးသူအရပ်သား ၆၇၀ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၂၉၀ ယောက် ရှိခဲ့တဲ့အတွက် မတ်လအတွင်း ထိခိုက်ခံစားရသူ အရေအတွက်က ပိုများလာတာဖြစ်ပါတယ်။

အီရတ်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျန် ကူးဘစ်က အရှေ့အလယ်ပိုင်းမှာ တာရှည်နေပြီဖြစ်တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ ပက်သက်လို့ စိုးရိမ်မိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေ၊ အဓိကရုဏ်းတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ အဆက်မပြတ်ဆုံးရှုံးနေရတာနဲ့ပက်သက်လို့ တော်တော်ကို စိုးရိမ်မိပါတယ်။ လုံးဝသည်းမခံနိုင်ဆုံးက အပစ်အခတ်တွေကြားထဲမှာ သာမန်အရပ်သားတွေပါ ထိခိုက်နေတာပဲ ဖြစ်ပါတယ်” လို့ ကူးဘစ်က ပြောပါတယ်။

နောက်ပြီး အီရတ်ဝန်ကြီးချုပ် ဟိုင်းဒါးအလ်အာဘာဒီ ကတိပြုထားတဲ့ နိုင်ငံရေးဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့အချက်က အီရတ်ကို ပိုကောင်းတဲ့အနာဂတ်ဆီ ခေါ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်မိတဲ့အကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဇန်န၀ါရီလမှာ ကုလကထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ဟာ ၁၈၈၀၂ ဦးရှိခဲ့ပြီး၊ ၃.၂ သန်းခန့်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Ref: Presstv

Comments

Leave a Reply