မတ် ၂၂၊ ၂၀၁၆
M-Media
– အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ကာလာမာဇူမြို့၏ မြို့တော်ကောင်စီက မွတ်စလင်များအပေါ် အားပေးထောက်ခံ ကြိုဆိုသည့် ကြေငြာချက်တစ်ခုကို ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။
မြို့အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံကာ၊ မွတ်စလင်ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး မြင့်တက်လာမှုကို ရှုတ်ချကြောင်း ဖော်ပြထားသည့် အဆိုပါကြေငြာချက်ကို ဒုတိယမြို့တော်ဝန် ဒွန် ကူနီက ဖတ်ကြားခဲ့သည်။
“နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေမှာ မွတ်စလင်ဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်လာပါတယ်။ ပြီးတော့ နိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်မိသားစုတွေ၊ ကလေးတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ အကြမ်းဖက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ဒါတွေဟာ ဘေးအန္တရာယ်ကင်းမှုနဲ့ လွတ်လပ်မှုတို့ကို လိုလားတဲ့ ပြည်သူအားလုံးကို ထိခိုက်စေပါတယ်”
ထို့ပြင် မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခွင့်ကို တားမြစ်ရမည်ဟု ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုမှာ ယုတ္တိမတန်ကြောင်း၊ အမေရိကန်၏ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒုတိယမြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့သည်။
မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံကြောင်း ထိုကဲ့သို့ ကြေငြာချက် ထုတ်ပြန်မှုမှာ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ လေးစားမှုနှင့် မေတ္တာတရားတို့ ဖြန့်ဝေရန် ရည်ရွယ်ကာ၊ အားလုံး ပူးပေါင်းပါဝင်သော လူ့အဖွဲ့အစည်းဖြစ်ရန်၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်မှုကို လက်ခံကျင့်သုံးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကြေငြာချက် ဖတ်ကြားပြီးနောက်မြို့ခန်းမသို့ တက်ရောက်လာကြသည့် ပြည်သူများမှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။
Ref: Mlive.com