News @ M-Media

Blog

  • တူရကီရှိ အစ္စတန်ဘူလ်မြို့တွင် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွား

    တူရကီရှိ အစ္စတန်ဘူလ်မြို့တွင် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွား

    မတ် ၁၉၊ ၂၀၁၆
    M-Media

    turkey

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ကောင် တက်ဆင်မ်ရင်ပြင်ရှိ အစ်တစ်က်လာလ် လမ်းမအနီးတွင် အသေခံဗုံးဖောက်ခွဲမှုဟု ယုံကြည်ရသည့် ပေါက်ကွဲမှုတစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    တူရကီအစိုးရအဖွဲ့ကမူ ထိုပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၇ ယောက်မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။ ဒဏ်ရာရသူများတွင် အစ္စရေးနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသား ၇ ဦး ပါဝင်ကာ အသေခံဗုံးခွဲသူမှာလည်း တစ်ပါတည်း သေဆုံးခဲ့သည်ဟု ယုံကြည်ရသည်။

    ပေါက်ကွဲသည့်အချိန်တွင် အစ်တစ်က်လာလ် လမ်းမ၌ လူစည်ကားသည့်အချိန်ဖြစ်ပြီး ထိုပေါက်ကွဲမှုအတွက် မည်သူကမှ တာဝန်ယူခြင်း မရှိသေးပေ။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြို့တော်အန်ကာရာတွင် အသေခံဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုကို ကာ့ဒ်အုပ်စုက ၎င်းတို့ပြုလုပ်သည်ဟု ကြေငြာခဲ့သည်။

    တူရကီမှာ အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့ဖြင့် အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ကို တိုက်ခိုက်နေရပြီး၊ နိုင်ငံအရှေ့တောင်ပိုင်းတွင်လည်း ကာ့ဒ်အဖွဲ့ကို တိုက်ခိုက်နေသည်။

    Ref: Aljazeera

  • ရုရှားတွင်ပျက်ကျသည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသူအားလုံး သေဆုံး

    ရုရှားတွင်ပျက်ကျသည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသူအားလုံး သေဆုံး

    မတ် ၁၉၊ ၂၀၁၆
    M-Media

    russia 1

    – ယနေ့မနက်ပိုင်းက ရုရှားနိုင်ငံ ရို့စ်တော့ဗ် အွန် ဒွန်မြို့သို့ ဆင်းသက်ရန်ကြိုးစားစဉ် ပျက်ကျသွားခဲ့သည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်ဟု ရုရှားအားဏာပိုင်များက ပြောကြားလိုက်သည်။

    လိုက်ပါသွားသူများမှာ ခရီးသည် ၅၅ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး အနည်းဆုံး ၆၂ ဦးရှိပြီး၊ လေယာဉ်မှာ တစ်စစီ ကျိုးပဲ့ပျက်ဆီးသွားခဲ့သည်။

    ဒူဘိုင်းမီဒီယာရုံးမှ Twitter စာမျက်နှာ၌ ထုတ်ပြန်မှုတွင် ခရီးသည်များ၏ ၄၄ ဦးမှာ ရုရှားနိုင်ငံသားများဖြစ်ကြပြီး၊ ယူကရိန်းနိုင်ငံသား ၈ ဦး၊ အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် ဥဇဘက်ကစ္စတန်မှ ၁ ဦးတို့ ဖြစ်ကြသည်ဟု ဖော်ပြထားသည်။ ဘိုးအင်း ၇၃၇ အမျိုးအစားဟု ယူဆရသည့် အဆိုပါ လေယာဉ်မှာ ၂၀၀၉ ခုနှစ်က စတင်ပြေးဆွဲခဲ့သည့် ဒူဘိုင်း လေကြောင်းလိုင်း FlyDubai မှ ဖြစ်သည်။

    လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို မသိရှိရသေးသော်လည်း ရာသီဥတုဆိုးဝါးမှုက ပျက်ကြရသည့် အကြောင်းအရင်းတစ်ခု ဖြစ်နိုင်သည်ဟု သတင်းဌာနအချို့က ဖော်ပြကြသည်။

    Ref: Aljazeera

  • နာရွက်နှင့် နှာခေါင်းများထုတ်လုပ်နိုင်သည့် ဇီဝပရင်တာကို ဆွီဒင်ပညာရှင်များ တီထွင်

    နာရွက်နှင့် နှာခေါင်းများထုတ်လုပ်နိုင်သည့် ဇီဝပရင်တာကို ဆွီဒင်ပညာရှင်များ တီထွင်

    မတ် ၁၉၊ ၂၀၁၆
    M-Media

    bio

    – လူသား၏ တစ်ရှူးပါဝင်သော မင်ရည်ကို အသုံးပြု၍ အရိုးနုလေးများကို ထုတ်လုပ်ပေးနိုင်သည့် ဇီဝါ 3D ပရင်တာတစ်လုံးကို တီထွင်နိုင်ခဲ့ပြီဟု ဆွီဒင်နိုင်ငံရှိ Wallenberg Wood သိပ္ပံစင်တာမှ သိပ္ပံပညာရှင်များက ယခုတစ်ပတ်အတွင်း ကြေငြာလိုက်သည်။

    နှာခေါင်း၊ နားရွက်နှင့် အဆစ်အမြစ်များတွင် တွေ့ရလေ့ရှိသည့် အဆိုပါ အရိုးနုများမှာ ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိ၍ ပျက်ဆီးပါက ဒဏ်ရာမပျောက်တော့ဘဲ အစားထိုးလဲလှယ်ရသည့် အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် ယခုတီထွင်လိုက်သည့် ဇီဝ 3D ပရင်တာမှာ အဆိုပါ အင်္ဂါအစိတ်အပိုင်းများကို မြန်မြန်ဆန်ဆန် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

    ယခင်က ထိုကဲ့သို့ ဇီဝ ပရင်တာများကို ထုတ်လုပ်ရန် ကြိုးစားခဲ့သော်လည်း ထွက်လာသည့် ပစ္စည်းများ၏ တည်ဆောက်ပုံမှာ ကြာကြာမခံခဲ့ပေ။ သို့သော်လည်း ယခု ပရင်တာတွင် အသုံးပြုသည့် ဇီဝမင်ရည်က လူ့အရိုးနုတွင်ပါဝင်သော ဆဲလ်ဖြစ်သည့် chondrocytes နှင့် ပေါင်းစပ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး နှာခေါင်း၊ နားရွက်နှင့် အဆစ်အမြစ်များကို ထုတ်လုပ်ပြီးပါက ပုံပန်းသဏ္ဍာန်မှာ တာရှည်ခံမည်ဖြစ်သည်။

    “သုံးဖက်မြင် ဇီဝ ပရင်တာနည်းပညာဟာ အင်မတန်အကျိုးများတဲ့ နည်းပညာပါပဲ။ ပြီးတော့ တစ်ရှူးထုတ်လုပ်မှု နည်းပညာနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ပြန်လည်ရှင်သန်စေမှု ဆေးပညာကို တော်လှန်ပြောင်းလဲပစ်လိုက်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက်က ထိခိုက်မှုတွေ၊ ကင်ဆာတွေကြောင့် ဖျက်ဆီးသွားတဲ့ အစိတ်အပိုင်းတွေကို ပလက်စတစ် ဆာဂျရီနည်းပညာထက် အရိုးနုကိုအသုံးပြုပြီး ဖန်တီးနိုင်ရေးအတွက်ပါပဲ” ဟု ထိုတီထွင်မှုကို ဦးဆောင်ခဲ့သည့် သုတေသနပညာရှင် ပေါလ် ဂါတန်ဟုမ်းက ပြောကြားခဲ့သည်။

    အဆိုပါ ဇီဝပရင်တာမှ ထုတ်လုပ်ပေးသော အစိတ်အပိုင်းအချို့ကို ကြွက်များတွင် အောင်မြင်စွာ အစားထိုးနိုင်ခဲ့ပြီး၊ ထပ်မံစမ်းသပ်မှုများ ပြုလုပ်ပြီးပါက လူသားတွင် အစားထိုးရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref: IINA

  • ဗန်ဂါးလ်မှာ ကြုံနေရသည့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဟု ပယ်လီဂရီနီပြော

    ဗန်ဂါးလ်မှာ ကြုံနေရသည့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဟု ပယ်လီဂရီနီပြော

    မတ် ၁၉၊ ၂၀၁၆
    M-Media

    van

    – မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်မှာ လက်ရှိတွင် အခြေအနေဆိုးကို ရင်ဆိုင်နေရသော်လည်း ၎င်း၏အတွေ့အကြုံဖြင့် ကျာ်လွှားနိုင်လိမ့်မည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ကြာသာပတေးနေ့က ယူရိုပါလိဂ်တွင် လီဗာပူးလ်အား ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် ဗန်ဂါးလ်အား အသင်းမှနှုတ်ထွက်ရန် ဆော်သြမှုများမှာ မြင့်တက်လာခဲ့သည်။ ဗန်ဂါးလ်ကလည်း ၎င်း၏စိတ်ပျက်မှုကို ယခင်က ၎င်း၏ မိတ်ဆွေများ၊ မိသားစုများကို ဖွင့်ဟပြောကြားခဲ့ဖူးပြီး ပယ်လီဂရီနီကမူ ထိပ်တန်းအသင်းများမှ နည်းပြများမှာ ရလဒ်ဆိုးများအတွက် ဝေဖန်မှုဒဏ်ကို ခံနိုင်ရမည်ဟု ဆိုသည်။

    “လူးဝစ်ဗန်ဂါးလ်ဟာ အတွေ့အကြုံ တော်တော်များများရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အသင်းကြီးတွေကို နည်းပြတဲ့အခါ ပွဲမနိုင်တဲ့အချိန် ဝေဖန်မှုခံရမှာကို ကြိုတွက်ထားရမှာပါ။ ဒီအခြေအနေကို စီမံနိုင်ဖို့ သူ့မှာ အတွေ့အကြုံရှိပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    မန်စီးတီးနှင့် မန်ယူတို့မှာ မနက်ဖြန်တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: Goal

  • ဘုရင့်နောင် မင်းတရားကြီးနှင့် မဂိုဧကရာဇ် အက္ကဘရ် သံတမန် ဆက်သွယ်မှု

    ဘုရင့်နောင် မင်းတရားကြီးနှင့် မဂိုဧကရာဇ် အက္ကဘရ် သံတမန် ဆက်သွယ်မှု

    Ba Yint Naung and Akaba
    ရတနာပုံမောင်မောင်ခင် ရေးသည်။

    (၁) “သံတမန်အစ ပုဂံခေတ်က”
    ——————————-
    တာတာဧကရာဇ် ကုဗလေ့ခန်မင်းကြီးလက်ထက် ပုဂံပြည်ရှင် တရုတ်ပြေးမင်းထံ သံတမန်များ ရောက်ရှိခဲ့သည်။ မောင်ဂိုစစ်ကြီး ပြီးဆုံးပြီးနောက် ပုဂံပြည်ရှင်က ရှင်ဒီသာပါမောက္ခကို သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး ကုဗလေခန်မင်းကြီးထံ စေလွတ်ခဲ့သည်။

    သံတမန်အပြန်ပြန် အလှန်လှန်စေလွတ်မှုသည် ပုဂံခေတ်အခါသမယကပင် ရှိခဲ့ကြောင်း ထင်ရှားနေပေသည်။ ခရစ်သက္ကရာဇ် (၁၅၃၈)ခု မဂိုလ်ဧကရာဇ်အက္ကဘာရ်၏ ခမည်းတော် တူမားရွန်းသည် (Gaur) ဂေါ်မြို့၌ စိုးစံနေသော (Gori Pathan) ဂိုရီပထန်မင်း
    ဆက်များနှင့် စစ်တိုက်ခိုက်ခဲ့ရာ နောက်ဆုံး ဂိုရီပထန် (Gori Pathan) ဘုရင်များ အရေးနိမ့်ပြီး၊ ဂေါ်မြို့မှ တိမ်းရှောင် ထွက်ပြေးကြ ရလေသည်။ ဂိုရီပထန်စစ်သည်တော်များ (Parsi) ပါရ်စီစစ်သည်တော်များ၊ (Raiput) ရာဂ်ျပွတ်စစ်သည်တော်များသည်

    နောက်ကထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေမှုကြောင့် နီးစပ်ရာ အိမ်နီးနားချင်းနိုင်ငံသို့ စစ်ပြေးဒုက္ခသည်များအဖြစ် ခိုလှုံကြရလေသည်။ ဂိုရီပထန်ပါရ်စီခေါ် ပသီစစ်ပြေးများသည် ရခိုင်ဘုရင်ထံ၌လည်းကောင်း၊ ဟံသာဝတီ တပင်ရွှေထီးဘုရင်ထံ၌ လည်းကောင်း၊
    ဘုရင့်နောင်ကျော်ထင်မင်းတရားကြီးထံတော်ပါး သို့လည်းကောင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံများသို့လည်းကောင်း တစ်သုတ်ပြီးတစ်သုတ်တိမ်းရှောင် ခဲ့ကြလေသည်။ ထိုင်းနိုင်ငံတွင် ဂိုရီပထန်စစ် ပြေးများ နေထိုင်ရာ၊ ပထန်နီနယ် သို့မဟုတ် ပတာနီနယ်ကြီး ယခုတိုင်တည်ရှိ နေပေသေးသည်။ မဂိုလ် အက္ကဘာရ်ဘုရင်သည် ပထန်မင်းဆက်များကို အပြီး အပြတ်အောင်နိုင်တော်မူပြီး ဒေလီမြို့တော်၌ အိန္ဒိယ နိုင်ငံတစ်ခုလုံး၏ ဧကရာဇ်အဖြစ် နန်းတက်ခဲ့လေသည်။

    အက္ကဘာရ်ဘုရင်လက်ထက်တော်၌ နောက်ဆုံး ဂိုရီပထန်မင်းဆက်သစ္စာခံတော်များသည် ဘုရင့်နောင် မင်းတရားကြီးထံတော်ပါးသို့ ခိုလှုံဝင်ရောက်ခဲ့ပေသည်။ ခရစ်သက္ကရာဇ် (၁၅၄၅) ခုနှစ် တပင်ရွှေထီး ရခိုင်သို့ ချီတက်စဉ် မဂိုလ်မင်းများ အကြောင်းကို ကြားသိသောကြောင့် ဆက်သွယ် ခဲ့သည်။

    (၂)”ဘုရင့်နောင်ထံခိုလှုံပြန်”
    ——————————-
    ဟံသာဝတီပြည့်ရှင် တပင်ရွှေထီးလက်ထက်တော် အခါသမယကပင် ပသီတပ်မတော်နှင့် ပေါ်တူဂီဘုရင်ဂျီတပ်မတော်များရှိခဲ့သည်။ ခရစ်သက္ကရာဇ်(၁၅၄၃) ခု မြန်မာသက္ကရာဇ် ၉၀၅ ခု တပင်ရွှေထီး၊ ပြည်မြို့သို့စစ်ချီတက်တော်မူစဉ် ပသီကုလား ပန်းသေး တပ်မတော်သားများ ပါဝင်ခဲ့ပေသည်။ ကုလားပန်းသေးတို့ကိုလည်း အထူးထူးသော ဦးရစ်ဘောင်းဘီတို့ဖြင့် တန်ဆာဆင်ယင် ၀တ်စားစေ၍ စိန်ပြောင်းမြတပူစွဲစေ၍ လိုက်ရသည်။

    ဦးကုလားမဟာရာဇ၀င်ကြီး၊ ဒုတိယတွဲ စာမျက်နှာ ၂၀၃

    ဦးကုလားနှင့် မှန်နန်းရာဇ၀င်ကြီးများ၌ ပေါ်တူဂီဘုရင်ဂျီနှင့် ပသီပန်းသေးကုလားများကို ခွဲခြားပြီးရေးလေ့ရှိသောကြောင့် မှားယွင်းရန်မရှိပေ။

    ဘုရင့်နောင်သည် ဒုတိယမြန်မာနိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် စစ်သည်ရဲမက်အင်အား လိုအပ်နေပေရာ ဘုရင့်နောင်မင်းတရားကြီးသည် ရဲမက်စစ်သည်တို့ကို စုဆောင်းလျက်ရှိပေသည်။ အိန္ဒိယနိုင်ငံဂေါမြို့တော်ကို ဟူမာယွန်းဘုရင်နှင့် အက္ကဘာရ်ဘုရင်တို့၏ တိုက်ခိုက်မှုကြောင့် စစ်ရှုံးဂိုရီပထန်များ၊ ပါစီခေါ် ပသီလူမျိုးများ ပဲခူးသို့ ခိုဝင်လာမှုကို လက်ခံခဲ့ပေသည်။ ဘုရင့်နောင်သည် မိမိ၏ကိုယ်ရံတော် တပ်မဟာကြီးတွင် ပစီ သို့မဟုတ် ပသီစစ်သား လေးထောင်တို့ကို မိမိ၏ကိုယ်ရံတော်အဖြစ် ခန့်အပ်တော်မူခဲ့သည်။ ယင်းလူမျိုးများထံမှ အက္ကဘာရ်ဘုရင်၏ သတင်းများကို ကြားသိခဲ့ရလေသည်။

    ဘုရင့်နောင်မင်းတရားကြီးသည် မိမိကဲ့သို့ ဘုန်းတန်ခိုးကြီးမားသော အက္ကဘာရ် ဧကရာဇ်ထံ သံတမန်များဆက်သွယ်ရန် ရည်ရွယ်ချက် ထားတော်မူသည်။ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ပြီးနောက်ဖာရီစီစကား၊ ဟင်ဒီစကားတတ်ကျွမ်းသောပသီများကို ဆင့်ခေါ်တော်မူပြီး သံကြီး၊ တမန်ကြီးများအဖြစ်ခန့်အပ်တော်မူသည်။ ရေလမ်းဖြင့် ပင်လယ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားပြည်သို့ သွားခဲ့သည်။ ဂင်္ဂါမြစ်များအတိုင်း လှော်တက်ပြီး ဒေလီမြို့တော်သို့ရောက်ရှိပြီး အက္ကဘာရ်ဘုရင်နှင့် ဆက်သွယ်ခဲ့ပေသည်။ စစ်ရဲမက်
    အင်အား ပြည့်စုံသောအခါ ဟံသာဝတီ ပဲခူးနေပြည်နေပြည်တော်တွင် စိုးစံနေသော ဘုရင့်နောင်မင်းတရားကြီးသည်လည်း မဏိပူရပြည်၊ ထိုင်းနိုင်ငံ၊ ဇင်းမယ်ပြည်၊ ကမ္ဘောဒီးယားပြည်၊ အင်ဒိုချိုင်းနားပြည်၊ လောပြည်၊ တနင်္သာရီနယ်တို့ကို တိုက်ခိုက် သိမ်းယူတော်မူပြီး ဧကရာဇ်ဘွဲ့ကို ခံယူတော်မူသည်။

    (၃) ပသီအစပါစီက
    ——————-
    ဘုရင်နောင်လက်ထက်မှစ၍ မြန်မာမင်းတို့သည် အမြောက်ပြောင်းချ သေနတ်များကို အသုံးပြုကြသည်။ အမြောက်ကိုင် စစ်သား၊ သေနတ်ကိုင် စစ်သားတို့သည် အများအားဖြင့် သုံပန်းများဖြစကြသော ပေါ်တူဂီ ပသီ သို့မဟုတ် ယင်းတို့မှ ဆင်းသက်လာသူများ  ဖြစ်ကြသည်။

    ဇမ္ဗူဒ်ီပဥဆောင်းကျမ်းနိဒါန်း

    ခရစ်သက္ကရာဇ် (၁၅၆၈) ခု၊ မြန်မာသက္ကရာဇ် (၉၃၀) ခု ဘုရင်နောင်မင်းတရားကြီး ထိုင်းနိုင်ငံသို့ ချီတက်ရာတွင် ပသီကိုယ်ရံတော် အသေခံတပ်မတော်သားပေါင်း လေးထောင်ခြံရံတော်မူလျက် ချီတက်တိုက်ခိုက်တော်မူခဲ့လေသည်။ ကုလားဘရင်ဂျီလေးရာ တို့ကိုလည်း  ရွှေဦးထုပ်၊ ဘောင်းဘီဝတ်စေလျက် လက်ဝဲ၊လက်ယာ၊ ရှေ့နောက် တစ်ရာစီ စိန်ပြောင်းစွဲစေလျက် လိုက်ရသည်။ ကုလားပသီလေးထောင်တို့ကိုလည်း သံပေါက် ဘောင်းဘီဝတ်စေပြီးလျှင် သေနတ်စွဲစေ၍ ရှေ့နောက်၊ လက်ဝဲလကျာ်တစ်ထောင်စီ လိုက်ရသည်။

    အပိုဒ် ၃၃၅၊ ဦးကုလား မဟာရာဇ၀င်ကြီး ဒုတိယတွဲ၊ စာမျက်နှာ ၄၀၁

    ပုဂံခေတ်အခါသမယက ယင်းအရိယန်လူမျိုး အစ္စလာမ်ဘာသာဝင်များသည် ကံရာဇာကြီး၊ ကံရာဇာငယ် အာသံမှမြန်မာနိုင်ငံသို့ ၀င်ရောက်လာသော ပိုးလမ်းမကြီးအတိုင်း ၀င်ရောက်လာကြပြီး အနော်ရထာမင်းထံတော်တွင် အလုပ်အကျွေး ကုလားခြေလျင်ရှစ်ကျိပ် အဖြစ် အမှုထမ်းခဲ့ကြသည်။ တရုတ်ပြေးမင်းလက်ထက် ကုဗလေခန်မင်းကြီး၏ စစ်သူကြီး နဇရွဒ်ဒင်နှင့်အတူ ပါစီများ၊ တူရကီများ၊ ပန်းသေးများ၊ မဂိုလ်များပုဂံနေပြည်တော်သို့ ၀င်ရောက်ခဲ့ကြသည်။

    ပုဂံခေတ်ကစပြီး မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သော ပသီပေါင်းမြောက်မြားစွာရှိသည့်အနက် စစ်ကျွမ်းကျင်သော ပသီ လေးထောင်ကျော်ကိုရွေးထုတ်တော်မူပြီး အသေခံပသီ လေးထောင် ကိုယ်ရံတော်တပ်မဟာကို ဖွဲ့စည်းခဲ့လေသည်။ ပသီဟူသည်ကား ဖာရစီစကား၊ ပါစီစကားမှဆင်းသက်လာပြီး ပါစီမှပသီအဖြစ်သို့ ပြောင်းလဲခဲ့ပေသည်။ ပါရ်စီ အဓိပ္ပာယ်ကား မြင်းစီးသူရဲကောင်းဟူ၍ အဓိပ္ပာယ်ရရှိသည်။ ထို့ကြောင့်ပသီ၏ အဓိပ္ပာယ်သည် မြင်းစီးသူရဲကောင်းဟူ၍ အနက်ထွက်သည်။ ပါစီစကားပြော အမျိုးအနွယ်စုဝင်များကား ပထန်၊ တူရီဂီ၊ ဘိုခါရာလူ၊ တာတာ၊ မဂိုလ်၊ စီကိုင်းပန်း သေးများ၊ ရုရှားနိုင်ငံရှိ မွတ်စလင်လူမျိုးစုဝင်များဖြစ်ကြ၏။ ယင်းလူမျိုးများသည် စစ်တိုက်ဝါသနာ ထုံသူများဖြစ်ကြသောကြောင့် ရောက်လေ ရာနိုင်ငံများတွင် စစ်မှုထမ်းကြကုန်လျက် အခြေချနေထိုင်ကြလေ သည်။ ပါစီစကားပြော လူမျိုးအားလုံးသည် မူရင်းပါစီလူမျိုးများက ဆင်းသက်သူများ ဖြစ်ကြ၏။ ပါရှားနိုင်ငံသည် မူလစွန္နီဘာသာဝင်များဖြစ်ကြသည်။ ပါစီတို့ သာသနာပြုမှုကြောင့် လည်းကောင်း၊ သွေးသားနှီးနှောမှုကြောင့်လည်းကောင်း၊ ပထန်များ၊ ပန်းသေးများ၊ မဂိုလ်များ၊ တာတာများ၊ တူရဂီများ အစ္စလာမ်ဖြစ်လာရပေသည်။ နတ်ရှင်နောင် စပ်ဆိုသောရတုများတွင် ပိုလို(Polo) ကစားခြင်းအကြောင်းများ ပါရှိနေပေသည်။ ပိုလိုကစားမည့် သူများသည် အုပ်စုနှစ်စုခွဲပြီး၊ မြင်းများစီးရလေသည်။ သုံးပေကျော်ခန့် တုပ်တန်းထိပ်တွင်တူ(သို့မဟုတ်) တင်းပုတ်ပုံသဏ္ဍန်ရှိ အသားစလေးဆွတ်ပြီး မြင်းများပေါ်မှ ဂေါ်လီလုံးကို တုတ်တန်းနှင့်ရိုက်ပြီး ဂိုးသွင်းကစားနည်းဖြစ်သည်။ ယင်းကစားနည်းကို ပါစီ၊ မဂိုလ်၊ တာတာတူရကီ လူမျိုးများက ကမ္ဘာပေါ်တွင်စတင်တီထွင်ပြီး ကစားခဲ့လေသည်။ ဘုရင့်နောင်လက်ထက်တွင် ယင်းလူမျိုးများရှိနေ ကြောင်း ထင်ရှားနေပေသည်။ ပသီ အားလုံးတို့၏ ဘေးဘိုးများဖြစ်ပေသည်။ ပသီကိုယ်ရံတော် တပ်မတော်သားများသည် စစ်ရေးလေ့ကျင့်ရင်း ပိုလိုကစားနည်းကို ကစားကြသည်။ မြင်းစီး ကစားရသောကြောင့် ထိုခေတ်က မင်းဆွေမင်းမျိုးများ နှစ်သက်သောကစားနည်း ဖြစ်လာခဲ့ပေသည်။ စာဆိုတော်နတ်ရှင်နောင် ကိုယ်တိုင်ပိုလို ကစားခဲ့လေသည်။ ပါစီများသည် ကုဗလေခန်မင်းကြီး၏ မြင်း တပ်မတော်တွင် အမှုထမ်းခဲ့ကြသည်။ မြင်းစီးရင်း မြားပစ်လှံထိုး၊ ဓားခုတ်၊ ဂေါက်သီးရိုက် ကစားနည်းအားလုံးသည် တာတာများ၊ တူရကီများ၊ မဂိုလ်များ၊ ပါစီလူမျိုးတို့မွေးရာပါ ကစားနည်းများဖြစ်ကြကုန်၏။

    (၄) “ဘုရင့်နောင်လက်အောက် ကသည်းရောက်”
    ————————————————-
    “ဘုရင့်နောင် အိန္ဒိယနိုင်ငံနယ်စပ်ကသည်းပြည်သို့ ချီတက်သိမ်းပိုက်စေခြင်းအကြောင်း”

    ခရစ်သက္ကရာဇ် (၁၅၅၉) ခု၊ မြန်မာသက္ကရာဇ် (၉၂၁) ခု ရတနာပူရအ၀ ကျေးလက်မြောက်ဘက် မင်းခင်းအောက်ကျေးရွာများကို ကသည်းစော်ဘွားက ထိပါးကျူးကျော်လာရာ စစ်သည်ငါးသောင်းနှင့် ဘုရင့်နောင်ကသည်းပြည်သို့ ချီတက်သိမ်းပိုက်စေခဲ့သည်။

    အင်းဝညောင်ရမ်းမင်းဆက်များထိ မြန်မာမင်းများ၏ လက်အောက်ခံနိုင်ငံ ဖြစ်ခဲ့ရသည်။ အိန္ဒိယနိုင်ငံအစွန်း ကသည်းပြည်သည် မြန်မာနိုင်ငံပိုင် ပြည်နယ်ဖြစ်လာခဲ့ရာ မဂိုလ်ဧကရာဇ် အက္ကသရ်ဘုရင်ပိုင်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လာခဲ့သည်။ ထိုအချက်သည်လည်း သံတမန်ဆက်သွယ်ရသော အကြောင်းရင်းများတွင် ပါသည်။ ကသည်းပြည်ရှိ ကသည်းပုဏ္ဏားများနှင့် ကသည်းပသီများသည် ဘုရင့်နောင်လက်ထက်ကစပြီး ဟံသာဝတီသို့ ရောက်ရှိခဲ့လေသည်။

    ဦးကုလား မဟာရာဇ၀င်ကြီး၊ ဒုတိယတွဲ အပိုဒ်(၂၈၃)၊ စာမျက်နှာ(၃၂၇)။

    (၅) ပသီစစ်ကူ ပို့ပြီးကူ
    ————————–
    သီဟိုဠ်ကျွန်းသို့ စစ်ကူပို့သော သူရဲကောင်းများတွင် ပသီများပါရှိခြင်းအကြောင်း။

    ခရစ်သက္ကရာဇ် (၁၅၇၆) ခု မြန်မာသက္ကရာဇ် (၉၃၈) ခုနှစ်၌ သီဟိုဠ်ကျွန်းတွင် အုပ်စိုးသော ဓမ္မပါလမင်းက ဘုရင့်နောင် မင်းတရားကြီးအား စစ်ကူတောင်းရာ သင်္ဘောငါးစင်းတွင် စစ်သည်ရဲမက်နှစ်ထောင့်ငါးရာတင်ပြီး သီဟိုဠ်ကျွန်းသို့ စစ်ကူပို့ခဲ့သည်။

    ဟင်ဒူဘာသာဝင်တို့နှင့် ဗုဒ္ဓဘာသာဝင်တို့သည် ကျွဲ၊ နွား၊ ဆိတ်၊ ကြက်တို့ကို အရှင်လတ်လတ်သတ်ဖြတ်ပြီး စားသောက်လေ့မရှိပေ။ သီဟိုဠ်ကျွန်းသို့ ပို့လိုက်သောသူရဲကောင်းများသည် သီဟိုဠ်ကျွန်းသို့ရောက်သောအခါ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်တို့ကို အရှင်လတ်လတ် သတ် ဖြတ်ချက်ပြုတ်စားကြကြောင်းကို သီဟိုဠ်သားတို့မြင်လျှင် ဤသူတို့သည်ကား လူသားမဟုတ်၊ ဘီလူးများ ပင်တည်းဟု ဆိုကြလျက် ထိတ်လန့်ကြကုန်၏။ ကျွဲနွားတို့ကိုသတ်၍ အစိမ်းစားသောက်သည်ကိုမြင်လျှင် ဤသည်ကား လူမဟုတ်၊  ဘီလူးပင်ဖြစ်သည်။

    ဦးကုလား မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ (၄၀)။

    သို့ရှိရာ ဘုရင့်နောင် သီဟိုဠ်ကျွန်းသို့ ပို့လိုက်သောစစ်သည်နှစ်ထောင်ငါးရာတွင် ကျွဲနွားတို့ကိုစားသောက် သော ပသီလူမျိုးများ ပါဝင်လျက်ရှိကြောင်း သိရပေသည်။ သီဟိုဠ်ရောက် ပသီစစ်သည်တော်များထံမှ အက္ကဘာရ်ဘုရင်၏ သတင်းကိုကြားသိရပြီးနောက် ဟံသာဝတီသို့ပြန်ကြသော အခါ ဘုရင့်နောင်မင်းတရား ကြီးအား ပသီစစ်သည်တော်များ လျှောက်ထားမှုကြောင့် သံတမန် ဆက်သွယ်ခြင်း ဖြစ်နိုင်ပေသည်။

    (၆) ဘုရင့်နောင်သံမှူး အက္ကဘာရ်ချီးကျူး
    ———————————————
    ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီးက ပသီအမျိုးသား ဖာရစီစကားတက်သူ စွန္ဒရာသီ ငါးဆယ် ရွာစားနှင့် ခွေးလင်း ရွာစားနှစ်ဦးတို့ကို သံကြီး တမန်ကြီး ခန့်အပ်တော်မူပြီး ဒေလီမြို့တော်ရှိ အက္ကဘာရ် ဘုရင်ထံ စေလွှတ်တော်မူခဲ့သည်။ ဒေလီဘုရင် အက္ကဘာရ် မင်းကြီးသည် ဘုရင့်နောင်၏သံတမန်များကို ထွက်တော်မူပြီး ကြိုယူတော်မူသည်။ ပသီသံမှူးများ အထူးအဆန်းဖြစ်သော ဆင်ယင်ထုံးဖွဲ့မှုတို့ဖြင့် ၀တ်စားဆင်ယင်ပြီးသော် မင်းကြီးနားသို့ ချဉ်းကပ်ပြီး ဘုရင့်နောင်မင်းတရားကြီး၏ လက်ဆောင်တော်များကို ဆက်သလေသည်။ အထူးအဆန်း ဆံမြိတ်နှင့် ၀တ်ဆင်ထားမှုကို အက္ကဘာရ်ဘုရင်ကမေးတော်မူသည်။

    ဘုရင့်နောင်အကြောင်းကို အက္ကဘာရ်ဘုရင်က မေးတော်မူရာ ပသီသံတော်ကြီးများကတစ်ဆင့် ဆင်ဖြူရှင် ဘုရင့်နောင် ထွက်တော်မူလျှင် ရွှေဘုန်းတော်ကြောင့် ရေနေသတ္တ၀ါဖြစ်ကြကုန်သော မိကျောင်း၊ လိပ် ဂဏန်း၊ လပိုင်တို့ ကခုန်မြူး တူးကြကြောင်းပါ လျှောက်ထားခဲ့သည်။ အက္ကဘာရ်ဘုရင်ကြီးလည်း ကုလား သံတော်ကြီးများ ခန့်တော်မူပြီး ဘုရင့်နောင်ထံစေ လွှတ်တော်မူမည်ဟု မိန့်တော်မူသည်။ အက္ကဘာရ်ဧက္ကရာဇ်က မြန်မာ သံအမတ်တို့အား ဧည့်ခံကျွေးမွေးရာ ငါးတစ်ကောင်ကို တစ်ခြမ်းကအကြော်၊ တစ်ခြမ်းကအကင် ပြုလုပ်ကျွေးမွေးခဲ့သည်။ မြန်မာနိုင်ငံ ဟံသာဝတီမြို့သို့ရောက်သောအခါ ဘုရင့်နောင်မင်းတရားကြီး အား လျှောက်ထားရာ ကြားတော်မူပြီး အက္ကဘာရ်ဘုရင်ကြီး၏သံတမန်တော်များ ဟံသာဝတီနေပြည်တော်သို့ ရောက်ရှိလာပါက ပြသနိုင်ရန် ထမင်းဟင်းချက်တက်သော ကုလားပသီတို့ကိုခေါ်တော်မူပြီး ကြိုတင်စီမံတော်မူသည်။ အက္ကဘာရ်ဘုရင်ကြီး၏သံကြီး တမန်ကြီးများ ဟံသာဝတီနေပြည်တော်သို့ ရောက်ရှိလာသောအခါ စီမံသည်ကား “ကြက်ဖို၊ ကြက်မတို့ကို သန့်စင်အောင်ဆေးကြော၍ ငရုတ်၊ ကြက်သွန်၊ ချင်းစိမ်းအမွှေးမျိုးစုံသွတ်ပြီးမှ ကျောကိုခွဲပြန်၍ ၀မ်းဘဲဥနှစ်လုံးစီသွတ်ပြီးမှ ကုလားတို့ကိုခေါ်၍ ထောပတ်ဆီဥ နွားနို့ လူးပြီးမှကြော်ရ၏”

    သုသောဓိက မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၃။

    “စည်တော်သံ၊ တံပိုးခရာသံ၊ ဗုံသံ၊ မောင်းသံနှင့် ဒီရေကိုလိုက်၍ သားတက်ခိုက်ဖြစ်သောကြောင့်  မိကျောင်း၊ လပိုင်၊ မကန်း၊ လိပ်၊ ငမန်းတို့သည် စည်သံ၊ ဗုံသံ၊ မောင်းသံ၊ တပိုးသံ ကြားလျှင်ထိတ်လန့်၍ မြစ်ရေပြည့်မျှ ခုန်လွှားကုန်၏”

    သုသောဓိက မဟာ ရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၅။

    ဟံသာဝတီရောက် အက္ကဘာရ်မင်း သံတမန်တို့သည်လည်း မမြင်စဖူး ထူးကဲသောကြောင့် အံ့ဩချီးမွမ်းကြကုန်၏။ ဘုရင့်နောင်မင်းတရားကြီးစေလွှတ်တော်မူသော ပသီသံကြီး၊ တမန်ကြီးများ ဒေလီမြို့တော် သို့ရောက်စဉ် ကြိုဆိုဧည့်ခံသော အစီအစဉ်နှင့် ဘုရင့်နောင်မင်းတရားကြီးက အက္ကဘာရ်ဘုရင် သံတော်ကြီးများကို ကြိုဆိုဧည့်ခံသော အစီအစဉ်ကား- အက္ကဘာရ်မင်း ကလည်း လက်ဆောင်ပဏ္ဏာရအထူးထူး၊ ပုဆိုးကောင်း၊ သက္ကလပ်ကောင်း၊ စော်တရက်ရမထီး၊ မူရီခါသာပင်ကာသာလူ၊ ပတ္တူနီစိန်မြပုလဲတို့ကို များစွာစီရင်၍ သင်္ဘောသားတို့တွင် သာယာချေငံ သောစကားဖြင့် လျှောက်ဆက်လာ၏။ အက္ကဘာရ်သို့ ဗညားကျန်တော တူစွန္ဒရာသီနှင့်ငါးဆယ်စားခွေး လင်းတို့ကို ဆင်ဖြူရှင်မင်းတရားကြီးက သံဆက်တော်မူလိုက်၏။ သံတော်ပါသည်ဟုကြားလျှင် အက္ကဘာရ်သည် အမှူးအမတ်အပေါင်းနှင့် သင်္ဘောကတ္တူလွန်းကြင်အများနှင့် ကြိုရ၏။ မြို့သို့ရောက်လျှင် တဲကြီးကနားဆောက်၍ ပေး၏။ လက်ဆောင်ပဏ္ဏာများလည်း ဆက်သလေ၏။ များမကြာလျှင် အက္ကဘာရ်မင်းထွက်၍ မင်းသံတော်တို့ကိုခေါ်ရ၏။ မင်းသံတော်လည်း အဆန်းတကြယ်သော အ၀တ်တန်ဆာတို့ကိုဝတ်၍ စန္ဒရာသီလည်း ဦးခေါင်းမအုပ်ဘဲ ရမန်ဆံဆီစက်စက်နှင့် ထူးဆန်းလှသောနားတောင်းကိုဝတ်၍ ခွေးလင်းစားလည်း ကောင်းမွန်စွာ အ၀တ်တန်ဆာဝတ်၍ ပုတီးခေါင်းထုပ်နှင့် ပန်းမန်ထူးစွာပန်၍ အမွှေးအထုံလိမ်း၍တက်၏။ ခရီးတွင်များစွာသော ပြည်သူပြည်သားတို့သည် မမြင်စဖူးဖြစ်သောကြောင့် အံ့ဩသရဲဟူ၍ စွန္ဒရာသီအစားဦးဆံအသွားအလာ ဟန်ပန်ကိုလည်းကောင်း၊ ခွေးလင်းစားအထုံးအမြိတ် မင်းသေ့ခါးကိုလည်းကောင်း အံ့ဩကြကုန်၏။ အက္ကဘာရ်မင်းထွက်တော်မူသောအခါ နီးစွာချည်းနေရ၏။ ဆံမြိတ်အကြောင်း၊ မင်းသေ့ခါးအကြောင်းကို မေးတော်မူ၏။ ဆင်ဖြူများသခင် ကျန်းမာတော်မူစဟုမေးတော်မူ၏။ ဘုန်းတော် အလွန်ကြီးမြတ်တော်မူစဟူ၍လည်း မေးတော်မူ၏။

    ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော မင်းတရား ကြီးဘုရားသည် ရတနာသုံးပါး၊ ဂုဏ်တော်ကြောင့်ကျန်းခံ့သာ၏ ဟူ၍လျှောက်ပေ၏။ ဆင်ဖြူရှင်ရွှေနန်းနှင့် ငါ့နန်းနှင့်တူ၏လော မေး၏။ အက္ကဘာရ်မင်းနေသော နန်းကအုဌ်ရွှေနန်းတွင် ရွှေဇန်ခံကပ်၍ ရတနာအတိနှင့် ပြီး၏။ မင်းသံတော်တို့လည်း ကျွန်ုပ်တို့ သခင်အရှင် ဘ၀ရှင်ဆင်ဖြူများသခင် မင်းတရားကြီး ရွှေနန်း တော်သည်၊ သည်နန်းတော်ကဲ့သို့ မဟုတ်၊ များလှစွာသော ရွှေပြာသာဒ် ငါးဆင့်ရှိသောပြာသာဒ်၊ ကိုးဆင့်ရှိသောပြာသာဒ်၊ ခုနစ်ဆင့်ရှိသော ရွှေပြာသာဒ်တို့၌ မြေကြီးကသည်အထက်ဖျားတိုင်အောင် ရတနာကွန်ရက်တွင် ရတနာပုလဲ ဆိုင်း၊ ရတနာပတ္တမြားဆိုင်းတို့ကို ဆွဲလျက် ရတနာမှန်ကင်း၊ ရတနာ တံခွန်ဆောက်လျက် ရောင်ခြည် တစ်ထောင်ဆောင်သော နေမင်း ကဲ့သို့ပြိုးပြိုးပြက်ပြက် ရှိ၏။ ထိုသို့သော ရွှေနန်းပြာသာဒ် တို့သည် နေရည်သောက်ခြင်း၊ မိုးရည် ထိခြင်း၊ လေပြင်းခပ်ခြင်းကြောင့် ရွှေတို့သည် လွင့်လေကုန်သော်တစ်ရာ့တစ်ပါးသောမင်းတို့သည် တစ်နှစ်ကိုတစ်ကြိမ်လျှင် ရွှေကို ပါးလှအောင်ခပ်ပြီးမှ ထိုရွှေနန်းပြာသာဒ်တို့ကို အသစ်ဖြစ်လျှင်းအောင် မွမ်းမံရသည်ဟုလျှောက်၏။

    အက္ကဘာရ်မင်းလည်း ဆင်ဖြူရှင်မှာ ငါ့ထက်ရွှေ များပလေဟုဆို၏။ တစ်ရာ့တစ်ပါးသောမင်းတို့ကား၊ ပဇာမင်းတို့နည်းမေးပြန်၏။ မင်းသံတို့ကလည်း ယိုးဒယား(ထိုင်း) မင်း၊ ဇင်းမယ်မင်း၊ တောင်ငူမင်း၊ အင်းဝမင်း၊ ပြည်မင်း၊ ကုန်းဘောင်မင်း၊ သီပေါမင်း၊ မိုးကောင်းရပ်၊ ညောင်ရွှေ၊ မိုးညှင်း၊ မိုးမိတ်၊ ဗန်းမော်၊ မိုးနဲ၊ သိန္နီ၊ ခုံ၊ မုတ္တမ၊ မော်လမြိုင်၊ သန်လျင်၊ ဒဂုန်၊ တနင်္သာရီ၊ ထားဝယ်စသော နိုင်ငံတော် အလုံးအစုံကို လျှောက်၏။ အက္ကဘာရ်မင်းလည်း မင်းတကာတို့၏ အရှင်ဖြစ်ကြောင်းကိုသော်ကား ငါသိရပြီ၊ဘုန်းအလွန်ကြီးတော်မူ၏ ဟူ၍ မင်းသံတော်တို့လည်း ငါ့ကိုလျှောက်သည်၊ အဘယ်သို့ ဘုန်းကြီးမြတ်သနည်းဟူ၍ မေးမြန်း၏။ မင်းသံတော်တို့လည်း ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော ဆင်ဖြူများသခင် ဘ၀ရှင်မင်းတရားကြီး  ထွက်တော်မူသည်ကို ခပ်သိမ်းသော မင်းအပေါင်းတို့ကိုထား၍ ရေနေ သတ္တ၀ါဖြစ်သော မိကျောင်း၊ လပိုင်၊ ငါးဆင်၊ ငါးမန်း၊ လိပ် ငါးတို့သော်လည်း ထွက်တော်မူသော အခါ စည်တော်သံကိုကြားလျှင် ရေထက်မြူးတူးခုန်တင်လျက် မြစ်လုံးပြည့်မျှ ကျွန်ုပ်တို့သခင်အရှင် ဘ၀ရှင်မင်းတရားကြီး ဘုရားကိုခစားကြကုန်၏။ ယင်းသို့ဖြစ်သောကြောင့် ဘုန်းတော်အလွန်ကြီးမြတ်တော်မူ၏ဟု ကျွန်ုပ်တို့လျှောက်ဝံ့သည်ဟူ၍ဆို၏။ အက္ကဘာရ်မင်းလည်း သည်အတိုင်းမှန်ပေမူကား အံ့ဖွယ်သရဲဟုဆို၏။ ယင်းသို့မှ မင်းသံတော်တဲသို့ပြန်ရ၏။ များမကြာလျှင်သေနာပတိကခေါ်၍ အက္ကဘာရ်မင်း နန်းဦးတွင် မရေတွက်နိုင်သော အမှူးအမတ်တို့၏ အလယ်၌ရွှေလင်ပန်းနှင့် ထမင်းအဖြိုးအပြည့်ထည့်ပြီးလျှင်မှ အထူးထူးသော အမြိန်အရသာ၊ စားဖွယ်သောက်ဖွယ်အထပ်ထပ်ဖြင့် ထမင်းကျွေး၏။ မင်းသံတော်နှစ်ယောက်လည်း အပေါင်းအကျစ်၊ အကြော်အကင်စသည်တို့ကို နည်းတံများလျှောက် အနှံ့စားပြီးမှ ပြောဟော၍နေ၏။ ထမင်းပွဲကိုယူ၍ကြည့်သော် အလုံးအစုံကိုမြင်ပြီးမှ အက္ကဘာရ်မင်း သေနာပတိလည်း အဘယ်ကြောင့်မင်းဧကရာဇ်သံတမန်ဖြစ်လျက် ခပ်သိမ်းသောအရသာတို့ကို အနှံ့စားတော် မူသနည်းဟု ပွဲအလယ်၌မေး၏။ မင်းသံတော်တို့လည်း အက္ကဘာရ်မင်း၏သားကင်တို့သည်ခပ်သိမ်းသောအရသာတို့ကို အချက်အပြုတ်ကောင်းမွန်စွာ တတ်သလော၊ မတတ်သလောဟု စုံစမ်းလိုသောကြောင့် နှံ့အောင်စားသည်ဟူ၍ဆို၏။ သေနာပတိလည်း ငါတို့ အက္ကဘာရ်ပြည်ကြီး၌ သည်သားကင်သည်ကဲ့သို့ တတ်သောသူ မရှိပြီ၊ ဆင်ဖြူရှင်မင်းတရားကြီး သားကင်သည်တို့သည် ငါတို့အရပ်ဝယ် သားကင်သည်ကဲ့သို့ တတ်သလော၊ မတတ်လောမေးပြန်၏။ မင်းသံတော်တို့လည်း ဆင်ဖြူများသခင်ဘ၀ရှင် မင်းတရားကြီး ဘုရား သားကင်သည်တို့သည် အံ့ဖွယ် သရဲတတ်လေသည်။ တစ်ခြမ်းကအကြော်၊ တစ်ခြမ်းကားအကင်၊ တစ်ခြမ်းကား အပေါင်း၊ ငါးတစ်ကောင်လျှင် တစ်ပိုင်းကား အကင်၊ တစ်ပိုင်းကားအဖုတ်၊ တစ်ခြမ်းကားအကျစ်၊ တစ်ခြမ်းကားအကြော် ဤသို့အထူးထူးတတ်သည်ဟူ၍ဆို၏။ အက္ကဘာရ်မင်းကလည်းသည် အတိုင်းမှန်ပေမူကား အံ့ဖွယ်သရဲ ငါကလည်းသံဆက်လိုက်မည် ဟုဆို၏။ များမကြာလျှင် ဆုလာဘ် များစွာပေးပြီးမှ ဘ၀ရှင်မင်းတရားကြီး သံတော်တို့ကိုလွှတ်လိုက်၏။

    သုသောဓိက မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၀-၄၂ ။

    (၇)”အက္ကဘာရ်ဘုရင်သံ ရောက်ပြန်”
    ———————————–
    “အက္ကဘာရ်ဘုရင်ဧကရာဇ် သံတမန်တော်ကြီးများ ဟံသာဝတီ ဘုရင့်နောင်ထံရောက်ရှိခြင်း”

    ဘုရင့်နောင်မင်းတရားကြီး၏သံမှူးကြီးများ ဒေလီမြို့တော်မှမြန်မာနိုင်ငံ ဟံသာဝတီ ပဲခူးမြို့တော်သို့ ပြန်ရန် စီစဉ်ကြကုန်၏။ မြန်မာ သံတမန်ကြီးများနှင့်အတူ အက္ကဘာရ်ဘုရင်မင်းကြီးကလည်း မဂိုလ်သံတမန်ကြီးများကို ခန့်အပ်တော်မူပြီး ထည့်တော်မူလိုက်၏ မဂိုလ်သံတမန်ကြီးများနှင့်အတူ လက်ဆောင်တော်များကို သံတမန်တော်များနှင့် ဆက်သလိုက်ပေသည်။ မြန်မာနိုင်ငံသို့ မဂိုလ်သံအမတ်ကြီးများ ပဲခူးနေပြည်တော်သို့ ကြွရောက်လာသောအခါ ပသီစားတော်ကဲများကိုခေါ်ယူပြီး ဧည့်ခံကျွေးမွေးရန် အထူးအံ့ဩဖွယ်ရာ စီမံသည်ကား သံလည်းဆက်လိုက်၏။ များစွာသော လက်ဆောင် ပဏ္ဏာနှင့်ဆက်သွယ် ကပ်ဖွယ်ပါ၏။ ရွှေဖ၀ါးတော်အောက်သို့ ရောက်လျှင်လည်း တဲကြီးကနားကြီးပေး၍နေရ၏။ မင်းသံတော်တို့ လွန်ကျူးမိလေသောအကြောင်းမျိုးကို ဗညားဒလသေနာပတိသံတော်ဦးတင်၍ ဆင်ဖြူမင်းတရားကြီးလည်း လွန်သောစကားနှင့် ညီအောင်ကို ဗညားဒလစီရင်မှ ကောင်းမည်ဟူ၍ မိန့်တော်မူ၏။ သံတော်ဦးတင်ပါပြီ ဘုရားဆိုသည်ထက် လွန်အောင်ကို ကျွန်ုပ်စီရင်မည်ဟူ၍ တင်လျှောက်၏။သံတော်ဦးတင်ပြန်၏။ ဘုန်းကြီးသော ဘ၀ရှင်ထွက် တော်မူလျှင်သော်လည်း ရွှေနန်းတော်ဝယ် မထွက်ဘဲ၊ သံတို့ကိုခေါ်၍ နန်းတော်မှထွက်တော်မူမှသင့်မည် ဟူ၍ သံတော်ဦးတင်၏။

    များမကြာလျှင်ဗညားဒလအိမ်သို့ တတ်လှစွာသော သားကင်သည်တို့ကိုခေါ်၍ အထူးထူးသော အမဲပေါင်း၊ အမဲကျစ်၊ အမဲကြော်၊ အကင်အဖုတ် စသည်တို့ကို တစ်ပိုင်းကားအပေါင်း၊ တစ်ပိုင်းကားအကျစ်၊ တစ်ပိုင်း ကားအကြော်၊ တစ်ဖက်ကားအကင်၊ တစ်ဖက်ကားအဖုတ်၊ ငါးစသည်တို့ကိုလည်း ဤဆိုသည်အတိုင်း စီရင်ပြီးမှ၊ ကြက်ဖိုကြက်မကို သန့်စင်အောင်ဆေးကြော၍ ငရုတ်၊ ကြက်သွန် ချင်းစိမ်း၊ အမွေးမျိုးသွတ်ပြီးမှကျောကိုခွဲပြန်၍ ၀မ်းဘဲဥနှစ်လုံးစီသွတ်ပြီးမှ ကုလားကိုခေါ် ၍ ထောပတ်ဆီဦး နွားနို့လူးပြီးမှကြော်ရ၏။

    ကြက်ပြီးလျှင် ၀မ်းဘဲဥ အရာဝယ် စာသငယ်နှစ်ခုကို အရှင်သွတ်ပြီးလျှင် ချည်ကိုမမြင်ရအောင်ချုပ်၍ နွား နို့ထောပတ် လှူပြီးမှ ရွှေလင်ပန်း၊ ရွှေသံတေးဖလား အစရှိတို့၌ ကောင်းမွန်စွာပြင်ပြီးမှ အက္ကဘာရ်သံကို ခေါ်၍ ရွှေလွတ်တော်တွင် မှူးစုံမတ်ပေါင်းတို့အလယ်၌ ထမင်းကျွေး၏။ အမဲသား အကျစ်အကြော်အလုံးစုံကိုမြင်လျှင်အလွန်အံ့ဩ၏။ သားကင်သည် ထိုကြက်ကိုကျောကချုပ်ရာ အသားကိုယူရာဝယ် စာသူငယ် များထွက်၍ပျံသည်ကိုမြင်လျှင် ရင်ကိုသပ်၍ လူ့ပြည်ဝယ်မမြင်ဖူးတကား အဘယ်သို့လျှင် သားကင်သည်တို့သည် စီရင်လေသနည်းဟု အံ့ဩကြကုန်၏။

    စားသောက်ပြီးလျှင် ပြောဟော၍နေပြီးမှမင်းသံတော်တို့သည် တဲသို့ပြန်ရ၏။ အကြောင်းခပ်သိမ်းစုံကို ဘ၀ရှင်တရာကြီးအား ဗညားဒလသံတော်ဦးတင်၏။ များမကြာလျှင် သံကိုရွှေနန်းသဘင်ဝယ် ခပ်သိမ်းသော ထီးဆောင်မင်းအပေါင်း၊ အမှူးကြီး အမတ်ကြီးဒေါဗညားအပေါင်းနှင့် ခင်းကျင်း သပ္ပာယ်လျက် ဒီရေ အပြည့်တက်မည်ကို ငံ့လင့်တော်မူ၏။ မြစ်ကလည်းသင်္ဘောကတ္တူ လွန်းကြင်သံလှေလှော်ကား ကိုးနရားစာမရိ၊ မိကျောင်းရဲလောင်းအပြည့် ခင်းကျင်းစံပယ်လျှက် ကချေသဘင်၊ စည်ပတ်နရည်း ခရာနှဲ ပြွေ ဗုံမောင်း ကြေးစည် တံပိုး အရာတို့ကို တီးမှုတ်စေလျက် သဘင်ကြီးစွာစီရင်တော်မူ၏။ အက္ကဘာရ်မင်းသံတော်တို့လည်းကြည့်ရ၏။ ဒီရေပြည့်လျှင် အရှင်ဘ၀ရှင်မင်းတရားကြီး ထွက်တော်မူ၏။ စည်တော်သံ တံပိုး ခရာသံ၊ ဗုံသံမောင်းသံနှင့် ဒီရေကိုလိုက်၍ ငါးသား တက်ခိုက်ဖြစ်သောကြောင့် မိကျောင်း၊ လပိုင်၊မကန်း၊ လိပ်၊ ငါးမန်း၊ ငါးတို့သည် စည်သံ၊ ဗုံသံ၊ မောင်းသံ၊ တံပိုး ခရာသံကြားလျှင် ထိတ်လန့်၍ မြစ်လုံးပြည့်မျှ ခုန်လွှားကုန်၏။ အက္ကဘာရ်မင်းသံတော်တို့လည်း ဤကဲ့သို့ ဘုန်းတော်ကို ဇမ္ဗူဒီပါမြေအပြင်၌ မြင်ဖူးမည်ထား၍ ကြားဖူးမည်လောဟူ၍ အံ့ဩမူးတူး မှိုင်းထိုင်းရှိလျက် အက္ကဘာရ်မင်းကဆက်လိုက်သော လက်ဆောင်ပဏ္ဏာတို့ကိုဆက်၏။ အရှင်ဘ၀ရှင်မင်းတရားကြီးဝင်တော်မူလျှင်၊ မင်းသံတို့လည်းပြန်လေကုန်၏။ များမကြာလျှင် အက္ကဘာရ်မင်းသံတို့ကို ဆုလာဘ်များစွာ ပေးပြီးမှ သင်္ဘောကူး၍ လွှတ်တော်မူ၏။ အက္ကဘာရ်မြို့သို့ရောက်လျှင် ဘုန်းအာဏာ စက်ကြီးကြောင်း သားကင်သည် တက်ခဲ့ကြောင်း၊ပြည်ထဲရေးလေး မျက်နှာသာယာဝပြောကြောင်း၊ ထွက်တော်မူလျှင် ရေနေသတ္တ၀ါ အပေါင်းတို့သည် ခုန်လွှားမြူးတူးလျက်ခစားကြောင်း၊ အခြင်းအရာအလုံးစုံကို လျှောက်လေ၏။ ကြားလျှင် အက္ကဘာရ်မင်းသည်လည်း အဆက်ဆက်ဝယ်သည်ကဲ့သို့ ဘုန်းအာဏာစက်ကြီးသောမင်းသည် ရှိဘူးလိမ့်မည်လော။ စင်စစ်လျင် ဘုရားအလောင်းတော် ဟုတ်၏။ ၀မ်းမြောက်ဝမ်းသာ ရှိတော်မူ၏။ ငါသွား၍ ဆင်ဖြူများသခင်ဘ၀ရှင် မင်းတရားကြီး ဘုရားကိုခြေတော် ဦးတင်မည်ဟူ၍ အထူးထူးသော အဆန်းတကြယ်သော လက်ဆောင်ပဏ္ဏာတို့ကို များစွာစုရုံး၍ ကြီးလှစွာသောသင်္ဘောကို အက္ကဘာရ်မင်းစီးစရာ သင်္ဘောကတ္တူ လွန်းကြင်စီရင်၍ မင်းဧကရာဇ်နှင့် ထိုက်တန်အောင်စီရင်၍ ခြေဖ၀ါးတော်အောက်သို့ ခြေတော်ဦး တင်ရောက်အံ့သောငှာသင်္ဘောနှင့် ကူးတော့အံ့ဆဲဆဲတွင် ဆင်ဖြူဆင်နီတို့၏သခင်အရှင် ဘ၀ရှင်မင်းတရားကြီးသည် လူပြည်ငြီး၍ နတ်ပြည်စံတော်မူသောကြောင့် အက္ကဘာရ်မင်းသည် ရွှေဖ၀ါးတော်အောက်မရောက်ခင် ပြန်ရလေ၏။

    သုသောဓိက မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၂-၄၄။

    ဤသို့ အစ္စလာမ်ဘာသာဝင်ပြည်ရှင်မင်းသားနှင့် ဘုရင့်နောင်မင်းတရားကြီး သံတမန်ဆက်ဆံမှုရှိကြောင်း ကို ထောက်ရှုခြင်းအားဖြင့် အစၥလာမ္ဘာသာ၀င္ကုန္သည္သေဘၤာမ်ား အစၥလာမ္ဘာသာ၀င္မ်ား ပဲခူးနေပြည်တော်တွင် ၀င်ထွက် အခြေစိုက်ဖောက်ကားရောင်းဝယ်မှု ရှိနေကြောင်း ထင်ရှားနေပေတော့သတည်း။

    (ရတနာပုံ) မောင်မောင်ခင်
    ဘီအက်စီ၊ ဒစ်အီးဒီ

    ၁၉၉၄ ထုတ် လပြည့်ဝန်း စာစောင် စာမျက်နှာ-၁၁၂-၁၁၇ မှ ကူးယူဖော်ပြသည်။

    *စာစောင် Hard copy ကို ဦးခင်မောင်ချို ထံမှ ရရှိပါသည်။